ဇူလိုင်၁၆

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကိုလူထုနှင့်မိတ်ပေးမည့်ပါတီသစ်ကြိုဆိုပွဲကြီးကို  ဇူလိုင်လ၂၉ရက်နေ့တွင်စီတာပူရပ်ကွက်ရှိမနောင်ကွင်း၌ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ပါတီသစ်ကြိုဆိုပွဲနှင့်ဆုတောင်းပွဲကြီးကိုဇူလိုင်လ၂၀ရက်နေ့တွင်ကျင်းပရန်စီစဉ်ထားသော်လည်းရေဘေးသင့်အခြေအနေကြောင့်ဇူလိုင်၂၉ရက်နေ့သို့ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။”မနေ့ကပဲပြန်ပြီးဆွေးနွေးကြတယ်။ဧရာဝတီမြစ်ရေအခြေအနေတိုးလာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အခုကတော့နည်းနည်းကျနေပြီ။ဒါပေမဲ့ပူတာအိုဧရိယာဘက်မှာမိုးဆက်ရွာဖို့အနေအထားရှိတယ်လို့မိုးလေဝသသတင်းအရသိရတယ်။ဒါကြောင့်မြစ်ရေကကျလိုက်တိုးလိုက်ဖြစ်နေမယ့်အနေအထားရှိနေတယ်။ဒါကြောင့်ပိုပြီးသေချာမှုရှိအောင်ဆိုပြီးဇူလိုင်၂၉ရက်နေ့ကိုရွှေ့လိုက်တာပါ။အဲ့နေ့တော့သေချာပြီ” ဟုကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ဥက္ကဋ္ဌဒေါက်တာတူးဂျာကမြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

မိမိတို့ပါတီသည်လူထု၏ဆန္ဒသဘောထားအတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပြီးလူထုလိုလားချက်၊အကြံအÓဏ်များကိုလည်းလက်ခံသွားမည်ဖြစ်ကြောင်းဒေါက်တာတူးဂျာကပြောသည်။”လူထုကိုမိတ်ဆက်ပေးတယ်။  ပါတီရဲ့အနာဂတ်ကံကြမ္မာကိုလူထုလက်ထဲအပ်မယ့်သဘောပါ။လူထုရဲ့လိုလားချက်တွေ၊အကြံအÓဏ်ပေးချက်တွေလက်ခံသွားမယ်။လူထုရဲ့ဆန္ဒသဘောထားတွေကိုမဆန့်ကျင်ဘဲနဲ့လုပ်သွားမယ်။ကျွန်တော်တို့ပါတီကိုလူထုလိုလားချက်လူထုဆန္ဒအတိုင်းဆက်လက်လုပ်ဆောင်သွားဖို့ရှိတော့လူထုအသံကိုနားထောင်မယ်။လူထုနဲ့တစ်သားတည်းသွားမယ်။အတူတူလက်တွဲပြီးသွားမယ်”ဟု၎င်းကထပ်မံပြောကြားသည်။

ကချင်ပြည်နယ်မြို့နယ်အသီးသီးမှကိုယ်စားလှယ်များကိုဖိတ်ကြားကာတစ်ထောင်ထက်မပိုသည့်လူအင်အားဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်းကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)မှဒုတိယဥက္ကဋ္ဌ(၂)ဦးအောင်ခမ်း ကပြောသည်။ကချင်ပြည်နယ်မြို့နယ် အသီးသီး မှကိုယ်စားလှယ်များ၊ယဉ်ကျေးမှုအဖွဲ့၊ဘာသာရေး၊အရပ်ဘက် အဖွဲ့အစည်းများ၊အမျိုးသမီးအဖွဲ့၊ရှေ့နေအဖွဲ့စသည့်အဖွဲ့အစည်းများနှင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီဆိုင်းဘုတ်တင်၊အလံတင်ဗဟိုရုံးချုပ်ဖွင့်ပွဲကိုလည်းမြစ်ကြီးနားမြို့ရှိယုဇနရပ်ကွက်တွင်ဇွန်လ၂၂ရက်နေ့ကကျင်းပခဲ့ပြီးယခုကဲ့သို့ပါတီသစ်ကြိုဆိုပွဲကိုထပ်မံပြုလုပ်ခြင်းဖြစ်သည်။လက်ရှိကချင်ပြည်နယ်ပြည်သူ့ပါတီခေါင်းဆောင်ပိုင်းအနေဖြင့်ဥက္ကဋ္ဌနေရာတွင်ဒေါက်တာတူးဂျာ၊ဒုတိယဥက္ကဋ္ဌ(၁)တွင်ဦးခက်ထိန်နန်၊ဒုတိယဥက္ကဋ္ဌ(၂) တွင်ဦးအောင်ခမ်းတို့ကတာဝန်ယူထားကြောင်းလည်းသိရသည်။

ကချင်ပြည်နယ်နိုင်ငံရေးပါတီ၃ခုပူးပေါင်းထားသည့်  ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကိုကချင်ပြည်နယ်အတွင်းစည်းရုံးမည့်နိုင်ငံရေးပါတီအဖြစ်ကော်မရှင်ကဇွန်လ၇ရက် နေ့မှစ၍မှတ်ပုံတင်ခွင့်ပြုကြောင်းအကြောင်း ပြန်ခဲ့ခြင်း ဖြစ်ပြီးပါတီမှတ်ပုံတင် အမှတ်မှာ၁၁၅ဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)တွင်ပူးပေါင်းထားသည့်ကချင်နိုင်ငံရေးပါတီမှာကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSPP)၊ကချင်ဒီမိုကရက်တစ်ပါတီ(KDP) နှင့်စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ်(မနောတိုင်ပါတီ) စသည့်၃ပါတီတို့ကမိခင်ပါတီများကိုဖျက်သိမ်းကာပေါင်း စည်းထားခြင်းဖြစ်သည်။

 

Salai