“ကချင်မြေကိုလာပါ တကယ် ပျော်တယ်နော် ___ ကချင်မြေ ကရိန်နော် ___ မနောပွဲတော် ___ ပျော်ပျော်ရွှင်ရွှင် အတူနွဲပျော်”တစ်ချိန်က အဆိုတော်ကေဂျာနူး သီဆိုထားသောကချင်မြေကို အလည်လာဖို့ဖိတ်ခေါ်သည့်သီချင်း လူတိုင်းပါးစပ်ဖျား ရေပန်းစားခဲ့သည်။ ခုတော့ မျိုးဆက်ခြားသွားပြီဖြစ်သော အခုခေတ်ကလေးတွေ ကြားဖူးမည်မဟုတ်။ ကြားဖူးလျှင်ပင် ကရိန်နော်ကို လူနာမည်ဟုသာ မှတ်ယူကြမည်သာ။အပန်းဖြေစခန်းတစ်ခု ဆိုသည်ကိုမူ သိချင်မှ သိရော့မည်။

အင်ဘောန်လုပ်(Nbawn Lup)၊ မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက်ရှိရပ်ကွက်တစ်ခုဖြစ်သည့် မန်ခိန်နှင့် တစ်ဆက်တည်းရပ်ကွက်၊ အင်္ဂလိပ်လက်ထက်က ယင်းနေရာတစ်ဝိုက်ရှိဧရာဝတီမြစ်မှ ရွှေကို စက်ဖြင့်တူးခဲ့ကြသည်ကို အစွဲပြု၍ ရွှေစက်ဟု အမည်တွင်လာခဲ့သည့် ရပ်ကွက်။ သည်ရပ်ကွက်၏ ထိပ်လမ်းဆုံ(၂)ပေခွဲခန့်အမြင့် အင်္ဂတေကိုင်ထားသော မနောတိုင်တွင် မြန်မာလို”ကရိန်နော်”ကချင်လို “KARING NAW SA RA”ဟူ၍ ရေးထားသည့်အုတ်ခုံဝိုင်းတစ်ခိုကု တွေ့ရမည်။

ယင်းအုတ်ခုံဝိုင်း၏ ညာဘက်အတိုင်း အပေါ်သို့ဆိုင်ကယ်(သို့)ကားနှင့် (၂)မိနစ်ခန့် မောင်းတက်သွားလျှင် ရောက်သောနေရာ။တစ်ဧကကျော်ခန့် ကျယ်ဝန်းသော မြေဧရိယာ (မူလမြေဧရိယာ ၃.၇၄ ဧက)တွင် အရိပ်ရသစ်ပင်များနှင့် စိမ်းစိုလန်းဆန်းသည့် နေရာ။သဘာဝရှုခင်းများနှင့် သာယာလှပသော ဧရာဝတီမြစ်ကမ်းနံဘေးနေရာ။ သည်နေရာကို ၁၉၅၀ ပြည့်နှစ်တွင် မြေပိုင်ရှင် ဒူဝါကရိန်နော်က အမြော်အမြင်ကြီးစွာဖြင့် လူထုအပန်းဖြေရိပ်သာအဖြစ် ဖန်တီးခဲ့သည်။ မြို့ပြ၏ အဆောင်အယောင်၊ အငွေ့အသက်ကြားတွင် ပူပင်သောကများနှင့် စိတ်ဖိစီးပြီး နွမ်းလျမောဟိုက်နေသူများအတွက် စိတ်အပန်းဖြေစရာ၊ ဘဝအမောဖြေစရာ နေရာအဖြစ် ထင်ရှားသထက် ထင်ရှားလာသည်။

မြစ်ကြီးနားမြို့ပေါ်မှ ဝန်ထမ်းများ၊ မိသားစုများစနေ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ကရိန်နော် အပန်းဖြေရိပ်သာ တွင် လာရောက်အပန်းဖြေ အနားယူကြသည်။ပျော်ပွဲစား ထွက်ကြသည်။ ထိုအချိန်က မြစ်ဆုံမှာ ဝေးလည်း ဝေး၊ လုံခြုံရေးကလည်း စိတ်မချရသဖြင့်ကရိန်နော်ကိုသာ အသွားများသည်။ အောက်ပြည်အောက်ရွာက မိတ်ဆွေအပေါင်းအသင်း၊ ဧည့်သည်လာလျှင်လည်း နီးနီးနားနားကရိန်နော်ကိုသာ လိုက်ပို့စမြဲ။ရာသီတွေ အလီလီပြောင်း၊ နှစ်တွေ ကြာညောင်းသော်ငြား ကရိန်နော်၏အလှကား မပျက်၊ လှမြဲတိုင်း လှလို့နေသည်။ ဟိုးအဝေးမှ မှိုင်းပျပျ တောင်ပြာတန်း၊ ရေလယ်တွင် ပေါ်နေသော သဲသောင် ပြင်နှင့် ကျောက်ဆောင်၊ အိန္ဒြေရရနှင့် စီးဆင်းနေသော မြစ်ဧရာတို့ကို ကျွန်တော် ငေးမောကြည့်နေမိသည်။

မြစ်တစ်ဖက်ကမ်းမှ တိုက်ခတ်လာသော လတ်ဆတ်သည့်လေနုအေးက ကျွန်တော်ကိုကလူကျီစယ်နေသည်။ ကျွန်တော်၏ စိတ်အစဉ်မှာလည်းဟိုး … လွန်ခဲ့သော အတိတ်ဆီ လွင့်မျှောမှန်းမသိလွင့်မျောသွားသည်။ မှတ်မှတ်ရရ အရေးအခင်းမတိုင်မီကာလ ၁၉၈၇ခုနှစ်။ အနှစ်နှစ်အလလ ကွဲကွာသွားသော သူငယ်ချင်းတစ်ယောက်နှင့် ကျွန်တော်တို့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြသည်။ ကျွန်တော်တို့ ဆိုသည်မှာ ကျွန်တော်နှင့် တစ်မြို့တည်းသား သူငယ်ချင်းလဂျောင် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က ရှမ်းပြည်နယ် တောင်ကြီးမြို့ တိုင်းရင်းသား ခရစ်ယာန်အထက်တန်းကျောင်း (N.C.H.Sယခု အ.ထ.က-၄)တွင် ကျွန်တော်တို့ ပညာရင်နို့အတူတကွ သောက်ခဲ့ကြသည်။ သည်နောက် တစ်ယောက်တစ်နေရာစီ ပိတောက်နှင့် ချယ်ရီပမာဆိုသလို ဝေးခဲ့ကြသည်။မတူညီသော ဘဝခရီးကိုလျှောက်လှမ်းခဲ့ကြသည်။ သူက သဘာဝ၏ ရင်သွေးငယ်အဖြစ် အနုပညာမိုးကောင်းကင်တွင် တေးသီပျံသန်းနေသူ၊ ကျွန်တော်က မွေးရပ်မြေမှာ ကျောင်းဆရာ၊ သူငယ်ချင်း လဂျောင်က ဓမ္မဆရာ၊မတူကွဲပြားသော လားရာကိုယ်စီနှင့် ဘဝကို ဖြတ်သန်းခဲ့ကြသည်။ သူက အခြား

မဟုတ်။ ကျွန်တော်တို့အလယ်တန်း ကျောင်းသားဘဝက စိုင်းတင်ဦးအဖြစ်အတန်းဖော်အားလုံး သိခဲ့ကြသည့် နိုင်ငံ ကျော်အဆိုတော် စိုင်းထီးဆိုင်၊ မြန်မာပြည် တစ်နံတစ်လျား Stage Showဆိုဖို့ အလုအယက် ခေါ်နေချိန် မြစ်ကြီးနားကလည်း ပထမဆုံးအကြိမ် ခေါ်၍ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာသည်။ သူရောက်နေကြောင်း သတင်းကြားကြားချင်း ကျွန်တော်နှင့်လဂျောင် သူ တည်းခိုရာမနောတည်းခိုခန်းသို့ သွားတွေ့ကြသည်။ ကျွန်တော်တို့နှစ်ယောက်ကိုတွေ့တော့သူ အံ့သြတွေဝေနေသည်။တစ်ယောက်နှင့် တစ်ယောက် မတွေ့ကြသည်မှာနှစ်ပေါင်း မနည်းတော့။” ကြာပြီဆို တော့ လည်း မေ့လောက်ပါပြီ” ဆိုသည့် သူ့သီချင်းတစ်ပုဒ်ထဲက စာသားလိုပင်။ ရုတ်တရက်မမှတ်မိ။ နောက်ကြောင်းပြန် ပြောပြမှ သူက သတိရလာပြီး ကျွန်တော်တို့နှစ်ယောက်ကို ဝမ်းသာအားရ ဖက်လှဲတလင်း နှုတ်ဆက်ရှာသည်။

သူနှင့်ကျွန်တော်တို့ ဆိုသည်မှာ တောင်ကြီးမြို့N.C.H.S ကျောင်းပရဝုဏ် အတွင်း၌သာ အတန်းဖော်မဟုတ်။သူက  ဘော်ဒါ(အဆောင်)နေ၍ စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များ၌ ဝါးပြားရပ်ကွက်ရှိ လဂျောင်တို့အိမ်တွင်လည်း ဆုံတတ်ကြသည့် အရင်းနှီးဆုံးသူငယ်ချင်းတွေ။ သည် လဂျောင်တို့အိမ်မှာ သူ၏ ဂီတအနုပညာခရီး အစပြုရာ နေရာ

တစ်ခုတွင် ပါဝင်ကြောင်းကိုနိုင်ဇော်(LAZY CLUB)ရေးသားသည့် သူ့အကြောင်းစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကျွန်တော်တို့နှစ်ယောက်ကို  မထင်မှတ်ဘဲတွေ့လိုက်ရ၍ သူ အတိုင်းမသိ ဝမ်းသာခဲ့သည်။ ပျော်ရွှင်ခဲ့သည်။ သုံးယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်လည်တူးဆွကြသည်။ ငယ်ဘဝကို ပြန်လည်ထုဆစ်ပုံဖော်ကြသည်။ သည်လိုနှင့် အိမ်ရှင် ကျွန်တော်တို့နှစ်ယောက် သူ့ကို ထိုအချိန်က မြစ်ကြီးနားမြို့၏ အထင်ကရနေရာ ကရိန်နော် အ

ပန်းဖြေရိပ်သာကို ခေါ်သွားဖို့ စီစဉ်ကြသည်။ ကားကိုဇီးလွန်မှ တူတော်မောင်အဒွတ်ကို အကူအညီတောင်းတော့ သူက ရှောရှောရှူရှူပင်။ အဖော်တွေအဖြစ် လဂျောင်၏ သူငယ်ချင်း နော်လီ၊ နောက် ကျွန်တော် မိတ်ဆွေ သူငယ်ချင်း ဆလကမှ ကိုမြင့် (မောင်မြင့်)ကို ခေါ်ဖို့ သဘောတူကြသည်။

ကရိန်နော်ရောက်တော့သူငယ်ချင်း စိုင်းထီးဆိုင်ကိုကရိန်နော်၏ အလှတရားကဖမ်းစားလိုက်သလား မသိ။ စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေသည့် သူ့အသွင် အခုထိ မြင်ယောင်နေဆဲ။ ဖြူလွလွ သဲသောင်ပြင်ပေါ်တွင်မနိမ့်မမြင့် ကျောက်ဆောင်တွေ အစီအရီနှင့် ကရိန်နော်မြစ်ကမ်းဘေးနား အလှက သူ့ဘဝင်ကို လှုပ်ခတ်စေခဲ့သည်။ ကျွန်တော်တို့ ကမ်းစပ်သဲသောင်ပြင်တွင် စခန်းချကြသည်။ မီးမွေးပြီး ပါလာသော အသား၊ ငါးများကို ကင်၍တစ်မျိုး၊ အုံး၍တစ်ဖုံ၊ ချက်၍တစ်နည်းမြည်းကြသည်။ စားကြသည်။ နော်လီ၏ လက်ရာကချင်ချက်ကလည်း လျှာလည်မတတ်။ ဘီယာကို မြစ်ထဲ စိမ်ထားပြီး သောက်ချင်သည့်အခါ ယူသောက်၍ရသော မြစ်ရေစိမ်ဘီယာ အရသာကလည်း တစ်မျိုး။ သူငယ်ချင်း စိုင်းထီးဆိုင် ကတော့ ကချင်အရက်မှ ကချင်အရက်။ ထိုစဉ်က ကဝါးခအရက် နာမည်ကြီးသည့် အချိန်။ ကချင်ခေါင်ရည်ကိုတော့ သောက်ဖူးသည်ရှိအောင် မြည်းစမ်းရုံ သူသောက်သည်။ ကချင်အရက်လောက် သူ မမက်။

အမြည်းစားလိုက် အရက်သောက်လိုက် ကျွန်တော်တို့ ဆိုခိုင်းသော သီချင်းတွေကို ဂစ်တာတီးပြီး ဆိုလိုက်နှင့်။ သူ့ခမျာ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် မမောနိုင် မပမ်းနိုင် မနားတမ်းဆိုပြသည်။ ကျွန်တော်တို့ အားလုံး သူ့ဂီတ သီချင်း သံစဉ်ကြော မှာ နစ်မျှောခဲ့ကြသည်။ ခံစားခဲ့ကြသည်။ စိတ်ကြည်နူးခဲ့ရသည်။ လဂျောင်ကလွဲ၍ ကျွန်တော်တို့ အားလုံး

သောက်တတ်သူတွေချည်း။ သောက်ရင်း၊ မြည်းရင်း ကျွန်တော်တို့ အားလုံးလက်ခုပ်တီးပြီး သံယောင် လိုက်ကြသည်။ မန္တလေးက ရှမ်းတစ်ယောက် သီချင်းကို သူဆိုတော့ ကျွန်တော်တို့အားလုံး မြစ်ကြီးနားရောက်ရှမ်းတစ်ယောက်ရဲ့ အဖြစ်က မလွယ်ပါလားဟု ဝိုင်းဆို ခဲ့ကြသည်။ ဒါကို သူက သဘောကျလို့မဆုံး၊ ကျွန်တော်တို့အထဲတွင် ကိုမြင့်မှာ ပျော်ပျော်နေသေခဲ ဆိုသည့် လမ်းစဉ်လိုက်သူ၊ အားလုံးကို ပျော်စေသူ၊ အစအနောက်သန်ပြီး ရယ်စရာဟာသပြောတတ်သူ၊ သူ့ကြောင့်လည်း ဝိုင်းမှာ ပို၍ စည်ခဲ့သည်။ သည်လိုနှင့် ကျွန်တော်တို့အဖွဲ့ ညနေ

စောင်းလောက်မှ ပြန်ခဲ့ကြသည်။ မပြန်မီ သူငယ်ချင်း စိုင်းထီးဆိုင်နှင့် ကျွန်တော်တို့ အိမ်ရှင်(၅)ယောက် ကမ်းစပ် ကျောက်ဆောင်ပေါ်တွင် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ထိုစဉ်က အပြုံးကိုယ်စီနှင့် မျက်နှာများကို ပြန်လည်မြင်ယောင် နေမိသည်။ ကရိန်နော်တွင် ပျော်မြူးခဲ့ကြသည့် အချိန်ကို ပြန်ပြောင်း စဉ်းစားလိုက်တိုင်း မနေ့တစ်နေ့ကလို့သာ စိတ်ထဲထင် မှတ်မိသည်။ အသေအချာပြန် ဆန်းစစ်ကြည့်တော့မှ နှစ်ပေါင်း (၃၀)ပင် ကျော်ခဲ့ပြီ။ သူငယ်ချင်း စိုင်းထီးဆိုင် အပါအဝင် သူငယ်ချင်း လဂျောင်၊ နော်လီ၊ ကိုမြင့်နှင့် တူတော် မောင်အဒွတ် သူတို့..သူတို့ အားလုံးပင် နှုတ်မဆက်ဘဲ ကသုတ်ကရက် ထွက်ခွာသွားကြပြီ။ ခုတော့ လွမ်းမောဖွယ် ကရိန်နော် ရင်ခွင်မှာကိုယ်တစ်ယောက်တည်း။ ။

ခရန်ခူး