ဇွန်၁၇

အင်္ကျီခပ်နွမ်းနွမ်းဝတ်ထားတဲ့ဒေါ်လန်ဒွပ်ချန်းတစ်ယောက်သူ့ရဲ့တန်းလျားလေးထဲမှာအိမ်ဝေယျာဝစ္စတွေကိုမရပ်မနားလုပ်နေတယ်။စစ်ဘေးကြောင့်နေရပ်စွန့်ပြီးထွက်ပြေးလာခဲ့ရတဲ့သူတို့မိသားစု၊မြစ်ကြီးနားမြို့စစ်ရှောင် စခန်းတစ်ခုကဒီတန်းလျားလေးမှာနေနေရတာအခုဆိုရင်၈နှစ်မကရှိနေပါပြီ။သမီးနဲ့ကျောင်းတက်နေဆဲသား၃ယောက်ရှိတဲ့ သူတို့မိသားစုဘဝကတစ်နေ့ခြောက်ထောင်ကျပ်ပဲရတဲ့သူ့ယောကျာ်းရဲ့နေ့စားဝင်ငွေအပေါ်မှီခိုနေရတာပါ။

စစ်ရှောင်စခန်းမှာနေရင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုခဲ့ပေမယ့်ကျရှုံးခဲ့တဲ့ဒေါ်လန်ဒွပ်ချန်းရဲ့သမီးကြီးကမိသားစုစားဝတ်နေရေးကိုတစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်အောင်လို့တရုတ်ပြည်ကိုသူငယ်ချင်းနှစ်ယောက်နဲ့အတူအလုပ်သွားလုပ်ခဲ့တယ်။ တရုတ်ပြည်မှာအလုပ်သွားလုပ်ခဲ့တဲ့သမီးကြီးဆီကနေထောက်ပံ့ငွေရောက်လာဖို့မျှော်လင့်နေတဲ့ဒေါ်လန်ဒွပ်ချန်းတို့မိသားစုဆီကိုတော့ငွေအစားတရုတ်မယားအဖြစ်ရောင်းစားခံလိုက်ရပြီဆိုတဲ့သတင်းစကားတစ်ခုပဲရောက်လာခဲ့တယ်။” ဖြစ်နိုင်ရင်သမီးကိုမြန်မြန်သွားခေါ်လိုက် ချင်တယ်”လို့ဒေါ်လန်ဒွပ်ချန်းတစ်ယောက်ပြောနေပေမယ့်သူမှာမျက်ရည်ကလွဲရင်ဘာမှမရှိပါဘူး။သမီးအလုပ်သွားလုပ်စဉ်ကချေးယူထားတဲ့ငွေနဲ့အတိုးတွေကသူမမှာအလုံးအရင်းရှိနေပါတယ်။

အလုပ်လုပ်ဖို့မြစ်ကြီးနားကနေစတင်ထွက်ခွာချိန်မှာဒေါ်လန်ဒွပ်ချန်းသမီးအသက်က၁၈နှစ်မပြည့်သေးပါဘူး။မိန်းကလေးတစ်ယောက်၊ယောကျာ်းလေးတစ်ယောက်သူမအပါအဝင်သုံးယောက်တို့ဟာတရုတ်နိုင်ငံကကုမ္ပဏီတစ်ခုမှာတစ်လဝင်ငွေယွမ်၃၅၀ဝ(မြန်မာငွေကျပ်၈သိန်းနီးပါး)နဲ့အလုပ်ရခဲ့တယ်။တရုတ်မှာတရားမဝင်လာရောက်အလုပ်လုပ်ကိုင်နေသူတွေ ကိုဖမ်းဆီးတာကြောင့်ပုန်းခိုရင်း၊အလုပ်ပြောင်းရွှေ့ခဲ့ရတယ်။ပွဲစားတွေရဲ့ခေါင်းပုံဖြတ်မှုတွေကြောင့်ရသင့်တဲ့လုပ်ခလစာလည်းသူမတို့တစ်ပြားမှမရခဲ့ကြဘူး။

အလုပ်ပြောင်းရွှေ့ရင်းသိကျွမ်းခဲ့တဲ့သူတစ်ယောက်ကတစ်နာရီကို၁၂ကျပ်ရမယ့်အလုပ်ရှိကြောင်းပြောကာအသိတစ်ယောက်နဲ့ဆက်သွယ်ပေးခဲ့တယ်။အဲ့အလုပ်မလုပ်ချင်တော့ရင်သူမ တို့သဘောအတိုင်းပြန်ပို့ပေးမယ်လို့ပြောခဲ့တယ်။သူမတို့ကိုခေါ်သွားတဲ့နေရာရောက်တော့တရုတ်အမျိုးသားနဲ့အိမ် ထောင်ပြုဖို့စီစဉ်နေတာဖြစ်လို့ငြင်းဆန်တဲ့အခါခရီးစရိတ်လျော်ကြေးငွေပေးဖို့ပြောလာတယ်၊သူမတို့သူငယ်ချင်းနှစ်ယောက်မှာသူတို့တောင်းတဲ့ငွေပေးဖို့တစ်ပြားမှမရှိခဲ့တဲ့အတွက်ရောင်းစားခံခဲ့ရပါတယ်။

ဒေါ်လန်ဒွပ်ချန်းသမီးလေးဟာအမည်မသိတရုတ်ကျေးလက်တောရွာတစ်ရွာမှာနေထိုင်ခဲ့ရပြီးနောက်ထပ်ဟယ်နန်မြို့ကအလုံပိတ်ခန်း ထဲမှာပြောင်းရွှေ့ခံခဲ့ရပါတယ်။တစ်နေကုန်ပိတ်လှောင်ခံထားရပြီးသောက်သုံးရေရရှိဖို့နဲ့ဆန်တောင်ပုံမှန်မရခဲ့တာသုံးလေးရက်ရှိနေပြီလို့ပြောပါတယ်။  မနက်အလုပ်သွားချိန်ကတည်းကအခန်းတံခါးပိတ်ခံ ထားရပြီးညသန်း ခေါင် လောက်မှပြန်လာတတ်တဲ့တရုတ်အမျိုးသားကတစ်ခါတစ်ရံအရက်မူးပြီးသူမကိုအနိုင်ကျင့်၊ရိုက်နှက်မှုတွေလည်းကြုံရပါသေးတယ်။တစ်နေ့မှာတရုတ်အမျိုးသားမသိအောင်ဖုန်းကတ်ခိုးယူပြီးမိသားစုကိုအွန်လိုင်းကတစ်ဆင့်သူမဆက်သွယ်ခွင့်ရခဲ့တယ်။ဒေါ်လန်ဒွပ်ချန်းတစ်ယောက်သမီးနဲ့အဆက်အသွယ်ရခဲ့ပေမယ့်မပျော်နိုင်ပါဘူး။”သမီးကဟိုမှာဒုက္ခရောက်နေတယ်တဲ့။

ဆန်မရှိလို့ထမင်းလည်းမစားရတာကြာပြီပြောတယ်။ကျန်းမာရေးလည်းမကောင်းဘူးပြောတယ်။သမီးအတွက်အရမ်းစိုးရိမ်တယ်” လို့  ငိုသံနဲ့သူကပြောပြတယ်။သမီးကိုကယ်ထုတ်ဖို့လူမှုအဖွဲ့အစည်း တွေ၊တရုတ်ရဲတွေနဲ့ဆက်သွယ်ထားပေမယ့်အကြောင်းပြန်မှုမရှိသေးတဲ့အတွက်စောင့်ဆိုင်းနေရတဲ့အခြေအနေမှာဒေါ်လန်ဒွပ်ချန်းတစ်ယောက်သမီးဖြစ်သူနေထိုင်နေတဲ့နေရာတွေ၊အိမ်ခန်းပုံတွေကိုလူကုန်တားရဲတပ်ဖွဲ့တွေ ဆီကိုပေးပြီးအမြန်ဆုံးကယ်ထုတ်နိုင်ဖို့အတွက်အကူအညီတောင်းထားတယ်လို့ဆိုတယ်။

တရုတ်ပြည်မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာပြည်သားတွေရဲ့ဘဝလုံခြုံရေးဟာအာမခံချက်မရှိဘဲလုပ်ကိုင်နေကြရတာပါ။ကြုံရာလုပ်ကိုင် ကာပုန်းခိုရင်းအလုပ်တစ်ခုမှတစ်ခုသို့ရွှေ့ပြောင်းသွားလာရာမှရောင်းစားခံရသူအများအပြားရှိတယ်လို့Kachin Women Unionကဒေါ်နန်ကိုင်ကပြောတယ်။မြန်မာနိုင်ငံမှာလူကုန်ကူးခံရမှုအခြေအနေဟာနှစ်စဉ်မြင့်တက်နေပါ တယ်။အထူးသဖြင့်တရုတ်ပြည်နယ်နိမိတ်နဲ့ထိစပ်လျက်တည်ရှိနေတဲ့ကချင်ပြည်နယ်အတွင်းကအမျိုးသမီးတွေဟာအတင်းအကြပ်သော်လည်းကောင်း၊ပွဲစားများမှလိမ် လည်၍သော်လည်းကောင်း၊ပုံစံအမျိုးမျိုးနဲ့တရုတ်နိုင်ငံကိုလူကုန်ကူးခံနေရပါတယ်။

ဆယ်စုနှစ်(၆၀)ကျော်ကြာပြည်တွင်းစစ်အပါအဝင်အခြားပဋိပက္ခတွေဖြစ်ပွားတာတွေကလူကုန် ကူးမှုဖြစ်ပွားစေတဲ့အရေးပါတဲ့အကြောင်းအရင်းတွေပါ။လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်းလူကုန်ကူးသူ တွေကIDPစခန်းမှာနေထိုင်သူတွေနဲ့ပဋိပက္ခသက်ရောက်မှုရှိတဲ့ဒေသတွေမှာနေထိုင်သူတွေရဲ့ဆိုးဝါးတဲ့အခြေအနေ အပေါ်အမြတ်ထုတ်နေကြတယ်လို့ဒီနှစ်မတ်လမှာထုတ်ပြန်ခဲ့တဲ့သူတို့ရဲ့အစီရင်ခံစာမှာပြောထားပါတယ်။

အမေရိကန်တက္ကသိုလ်တစ်ခုဖြစ်တဲ့Johns Hopkinsနဲ့ထိုင်းနိုင်ငံအခြေစိုက်ကချင်အမျိုးသမီးအစည်းအရုံးတို့ပူးတွဲပြုစုထုတ်ပြန်တဲ့အစီရင်ခံစာအရ၂၀၁၃ကနေ၂၀၁၇အတွင်းကချင်နဲ့ရှမ်းပြည်နယ်တို့မှာတရုတ်မယားအဖြစ်ရောင်းစားခံခဲ့ရတဲ့အမျိုးသမီးအရေအတွက်ကရှစ်ထောင်နီးပါးရှိတယ်လို့ဖော်ပြထားတယ်။ကချင်နဲ့ရှမ်းပြည်နယ်ဒေသအများစုဟာပြည်တွင်းစစ်ကြောင့်မငြိမ်သက်တဲ့နေရာအများစုရှိတဲ့ဒေသတွေပါပဲ။ဒေသတွင်းအလုပ်အကိုင်ရှားပါးမှု၊လုပ်ခလစာနည်းပါးမှု၊စီးပွားရေးကြပ်တည်းမှုတွေကအရွယ်ရောက်တဲ့အမျိုးသမီးတွေအဖို့တရုတ် ပြည်ကိုအလုပ်သွားလုပ်ဖို့အကြောင်းပြချက်တစ်ခုဖြစ်နေပါတယ်။ကချင်ဒေသကပြည်သူတွေဟာသဘာဝသယံ ဇာတနဲ့လက်လုပ်လက်စားလုပ်ကိုင်ကြသူတွေပိုမိုများပြားကြတာနဲ့အတူဒေသမငြိမ်းချမ်းမှုကြောင့်အလုပ်အကိုင်ရှားပါးမှုပြဿနာတွေကိုပိုမိုကြုံတွေ့လာရတာပါ။

“ဒီမှာဘာအလုပ်အကိုင်အခွင့်အလမ်းမှမရှိဘူး။ရှိတယ်ဆိုရင်တောင်လူတစ်ယောက်စာဝမ်းဝရုံတောင်မရတော့ဟိုကိုသွားရင်ဒုက္ခရောက်မှာသိတယ်။ရောင်းစားခံရမှာသိတယ်။ခက်ခဲမှာသိတယ်ဒါပေမဲ့အဲ့မှာပဲသွားလုပ်နေရတယ်လို့မြင်တယ်” လို့ဒေါ်နန်ကိုင်ကပြောတယ်။ဒါ့အပြင်မြန်မာအမျိုးသမီးတွေအနေနဲ့တရုတ်ပြည်ကိုအိမ်ထောင်ပြုတာတွေလည်းနယ်စပ်ဒေသမှာအများအပြားရှိနေတယ်လို့ Kachin Women’s Association Thailand (KWAT)ကဆရာမဒေါ်လုမိုင်ကပြောပါတယ်။တရုတ်အမျိုးသားနဲ့နှစ်ဦးသဘောတူလက်ထပ်ယူတဲ့မြန်မာအမျိုးသမီးတွေဟာတရုတ်မယားအဖြစ်တရားဝင်ခံယူခွင့်မရှိပေမယ့်မွေးဖွားလာတဲ့ကလေးကိုတော့တရုတ်နိုင်ငံသားအဖြစ်ခံယူခွင့်ပြုထားတယ်။

ကချင်ပြည်နယ်ရဲ့နယ်စပ်တစ်ဖက်ခြားဖြစ်တဲ့တရုတ်နိုင်ငံမှာအမျိုးသမီးတွေရှားပါးနေပါတယ်။”တစ်အိမ် ထောင်ကလေးတစ်ယောက်မူဝါ”ကျင့်သုံးမှုကြောင့်အမျိုးသမီးဦးရေရာခိုင်နှုန်းသည်၁၉၈၇မှစ၍နှစ်စဉ် ကျဆင်း နေပြီးအသက် ၁၅နှစ်မှ၂၉နှစ်ကြားအမျိုသားနဲ့အမျိုးသမီးလူဦးရေကွာခြားမှုဆက်လက်မြင့်မားလာလျက် ရှိပါတယ်။အမျိုးသား၊အမျိုး သမီးမလုံလောက်မှုကြောင့်တရုတ်အမျိုးသားတွေဇနီးမဲ့ဖြစ်နေတာကိုအကြောင်းပြုပြီးကြားပွဲစားတွေကစီးပွားရေးအဆင်မပြေမှု၊အလုပ်အကိုင်ရှားပါးမှုနဲ့ပဋိပက္ခဖြစ်ပွားတဲ့မြန်မာနိုင်ငံကအမျိုးသမီးတွေ ကိုပစ်မှတ်ဖြစ်လာတာပါ။၂၀၁၈ခုနှစ်အတွင်းကချင်ပြည်နယ်မှာလူကုန်ကူးခံရသူ၂၇ဦး၊၂၀၁၉ခုနှစ်တွင်နှစ်စမှ ဇူလိုင် လထိလူကုန်ကူးခံရသူ၁၉ဦးရှိကြောင်းကချင်ပြည်နယ်လူကုန်တားရဲတပ်ဖွဲ့စာရင်းအရသိရပါတယ်။

ဒါ့အပြင်အစိုးရရဲ့၂၀၁၇နှစ်ပတ်လည်အစီရင်ခံစာအရပြည်တွင်းလူကုန်ကူးမှုသည်၁၅%ခန့်ရှိပြီး၈၅%အမှုများသည်ပြည်ပသို့လူကုန်ကူးခံရခြင်းဖြစ်ကြောင်းတွေ့ရပါတယ်။ထိုအထဲမှာမှ၂၀၁၇စာရင်းအရတရုတ်ပြည်သို့လူကုန်ကူးခံရမှု၇၁%၊ထိုင်းနိုင်ငံသို့၁၂%၊မလေးရှားနိုင်ငံသို့၂% ဖြစ်ပွားနေကြောင်းသိရပါတယ်။ Global slavery index(GSI)အစီရင်ခံစားအရ(၁)ဖွံ့ဖြိုးပြီးနိုင်ငံ၊(၂) ပြည်တွင်းပဋိပက္ခနည်းပါးခြင်း(၃)နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း(၄) လူ့အခွင့်အရေးအလေးပေးခြင်း(၅)တုန့်ပြန်မှုအားကောင်းသောနိုင်ငံများဖြစ်ခြင်းစတဲ့အင်္ဂါရပ်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဟာလူကုန်ကူးမှုဖြစ်ပွားမှုအနည်းဆုံးနိုင်ငံတွေလို့ဖော်ပြခဲ့ပါတယ်။ဒါ့အပြင်၂၀၁၈အစီရင်ခံစာမှာပဋိပက္ခတွေဖြစ်ပွားခြင်းနဲ့အလွန်အမင်းဖိနှိပ် ချုပ်ချယ်မှုရှိတဲ့အစိုးရတစ်ရပ်ရှိတဲ့အခြေအနေတွေကလည်းလူကုန်ကူးမှုဖြစ်အောင်ပြင်ပလှုံ့ဆော်မှုကိုစေ့ဆော် တွန်းပို့ပေးနိုင်တဲ့အချက်တွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

သက်ဆိုင်ရာအစိုးရအဖွဲ့တွေဘက်ကလည်းကချင်ပြည်နယ်ဘက်မှာဖြစ်ပျက်နေတဲ့တရုတ်ပြည်ဘက်ရောင်း စားခံရမှုတွေ၊ခေါင်းပုံဖျက်ခံရမှုတွေကြုံတွေ့နေသူတွေရဲ့တိကျတဲ့စာရင်းမရှိတာဟာလည်းထိထိရောက်ရောက်အရေးယူဖို့အတွက်အခက်အခဲတစ်ခုဖြစ်နေပါတယ်။Kachin Women Unionဒါရိုက်တာဒေါ်ခေါန်နန်က” တရုတ်ပြည်ဘက်ကိုရောင်းစားခံရတဲ့စာရင်းအတိအကျကိုလူကုန်တားတွေဘက်ကနေမဖော်ပြပေးနိုင်ဘူး။ရောင်းစားခံရတဲ့အမျိုးသမီးတွေအများအပြားရှိနေပေမယ့်အဆက်အသွယ်ရသလောက်ကိုပဲကယ်ထုတ်နေရတယ်” လို့ပြောတယ်။ပျောက်ဆုံးနေတဲ့အမျိုးသမီးတွေရဲ့ကိစ္စကိုမတိုင်ကြားကြသလိုလူကုန်ကူးခံရတဲ့အမျိုးသမီးတွေကိုပြန်တွေ့ဖို့အခွင့်အရေးနည်းပါးပါတယ်။

လွှတ်မြောက်လာတဲ့အမျိုးသမီးတွေဘက်ကအမှုဖွင့်ပြီးလာရောက်တိုင်ကြားမှုတွေမရှိနေဘူးလို့လည်း  မြစ်ကြီးနားလူကုန်တားရဲဘက်ကနေပြောပါတယ်။”အမှုဖွင့်တာကသူတို့တွေအတွက်အရမ်းကောင်းသွားနိုင်တယ်။ပြန်လွှတ်မြောက်လာတဲ့သူတွေကိုလည်းအစိုးရကနေလည်းတစ်ယောက်ကို၁၀သိန်းနှုန်းနဲ့အထောက်အပံ့တွေပေးနေတယ်”ဟုပြောပါတယ်။ဥပဒေအတိုင်းအတိအကျလိုက်နာဆောင်ရွက်မှုကင်းမဲ့ခြင်း၊ပြန်လည်လွတ်မြောက်လာတဲ့သူတွေအတွက်ဝန်ဆောင် မှုကင်းမဲ့ခြင်းတွေကြောင့်ပွင့်လင်းစွာထုတ်ပြောလာဖို့အတွက်အဟန့်အတားဖြစ်နေစေပါတယ်။လူကုန်ကူးခံရတဲ့သူတွေရဲ့အရေးကိုနှစ်ဖက်နိုင်ငံကမည်သည့်အဖွဲ့အစည်းကစနစ်တကျဆောင်ရွက်ပေးနေတယ်ဆိုတာကိုလည်းမရှင်း လင်းပါဘူး။

၂၀၁၅-၂၀၁၇ခုနှစ်အတွင်းကချင်ပြည်နယ်အတွင်းအစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏လူကုန်ကူးမှုကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့်အကျိုးသက်ရောက်မှုအားသုံးသပ်လေ့လာခြင်းဆိုင်ရာသုတေသနစာတမ်းမှာ” လူကုန်တားဥပဒေရှိသော်လည်းဥပဒေ၏ကာကွယ်ပေးနိုင်မှုအပေါ်ယုံကြည်မှုအားနည်းနေသေးကြောင်းတွေ့ရသည်” လို့ဖော်ပြထားပါတယ်။

၂၀၁၈ခုနှစ်အတွက်ထုတ်ပြန်ခဲ့တဲ့အမေရိကန်နိုင်ငံခြားရေးဌာနကမြန်မာနိုင်ငံဆိုင်ရာလူကုန်ကူးမှုလေ့လာတွေ့ရှိချက်အစီရင်ခံစာမှာမြန်မာနိုင်ငံကို၂၀၁၇ခုနှစ်အတွင်းလေ့လာချက်အရမြန်မာအစိုးရကလူကုန်ကူးမှုပပျောက်ရေးအနိမ့်ဆုံးစံနှုန်းများကိုပြည့်မီခြင်း မရှိသလိုလုံလောက်တဲ့အားထုတ်မှုလည်းမရှိတာကြောင့်စောက့်ကြည့်ခြင်းအဆင့်(၂)ကနေအဆင့်(၃)သို့လျှော့ချ သတ်မှတ်ကြောင်းဖော်ပြခဲ့ပါတယ်။ဒါ့အပြင်အမှုဖွင့်တိုင်ကြားရာမှာလည်းအမှုကွင်းဆက်အလိုက်အရေးယူဆောင်ရွက်နိုင်မှုအားနည်းကြောင်း၊မြန်မာနိုင်ငံကကနဦးပွဲစားတွေကိုပဲပစ်မှတ်ထားပြီးတရုတ်ပြည်ဘက်ကကျန်ပွဲ စားအဆက်အသွယ်တွေကိုပစ်မှတ်ထားလေ့မရှိကြောင်းတွေ့ရပါတယ်။

ဒါ့အပြင်တရုတ်ရဲတွေဘက်ကလည်းအမျိုးသမီးများကိုဝယ်ယူပြီးမတရားညှဉ်းပန်းနှိပ်စက်သူတွေကိုမည်သည့်အခါမှအရေးယူဆောင်ရွက်မှုမရှိကြောင်းကို လည်းတွေ့ရတယ်လို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။ဒေသတွင်းစစ်မီး မငြိမ်းနိုင်သေးသရွေ့တော့ပြည်ပကိုရွှေ့ပြောင်းလုပ်ကိုင်မှုတွေမလျော့နိုင်သလိုလူကုန်ကူးခံရမှုအခြေအနေလည်းထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ကချင်အမျိုးသမီးကွန်ရက်မှဒေါ်နန်ကိုင်ကဆိုပါတယ်။ဒေါ်လန်ဒွပ်ချန်းရဲ့သမီးရောင်း စားခံလိုက်ရချိန်ကတော့၂၀၁၈စက်တင်ဘာလလောက်မှာဖြစ်ပြီးအခုလာမယ့်စက်တင်ဘာလမှာတစ်နှစ်တင်းတင်းပြည့်တော့မှာပါ။

အသက်(၁၈)နှစ်မပြည့်ခင်ကတည်းကတိုင်းတစ်ပါးကိုအလုပ်ထွက်လုပ်ပြီးငွေကြေးလုံလုံလောက် လောက်စုဆောင်းမိမှတက္ကသိုလ်ဝင်တန်းစားမေးပွဲကိုပြန်ဖြေမယ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးကတော့”လွှတ်မြောက်ဖို့မျှော်လင့်ချက်ကတော့ထားထားပါတယ်။အမြန်လွှတ်အောင်အကူအညီတောင်းတဲ့အဖွဲ့အစည်းတွေကိုလည်းအကူအညီတောင်းထားတယ်။လွှတ်ဖို့မျှော်လင့်ချက်ရှိမယ်လို့တော့ထင်ပါတယ်” လို့ဆိုတယ်။

သူမမျှော်လင့်ချက်ကတော့တကယ်ဖြစ်လာခဲ့ပါတယ်။စာရေးသူဒီဆောင်းပါးရေးသားနေစဉ်မှာပဲသူမနေထိုင် ခဲ့တဲ့တိုက်ခန်းကနေ  ရဲတွေကကယ်ထုတ်နိုင်ခဲ့ပါပြီ။” အရင်အိမ်ကနေတရုတ်ရဲတွေလာခေါ်လို့အခုတခြားနေရာမှာနေနေပြီ။ဘယ်ချိန်မြန်မာပြည်ပြန်ပို့မလဲမသိသေးဘူး” လို့သူမကပြောပါတယ်။ဒီသတင်းစကားဟာမိခင်ဖြစ်သူဒေါ်လန်ဒွပ်ချန်းအတိုင်းမသိဝမ်းသာပျော်ရွှင်နေမယ်ဆိုတာကတော့အမှန်ပါ။

Ann