အစိုးရသစ်တာဝန်ယူပြီး သုံးနှစ်အကြာမှာတော့ တစ်နိုင်ငံလုံးက ပြည်နယ်နဲ့တိုင်းတွေမှာ ဝန်ကြီးဋ္ဌာနအသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ ဒီ ဝန်ကြီးဋ္ဌာနကတော့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဋ္ဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့တာပါ။ အရင်က ဒီဋ္ဌာနဟာ ဦးစီးဋ္ဌာနတစ်ခု အနေနဲ့ ရှိခဲ့ပြီးတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနရဲ့ လက်အောက်က ဋ္ဌာနတစ်ခုဖြစ်ပါတယ်။ အခုဝန်ကြီးဋ္ဌာနအသစ်ရဲ့ ဝန်ကြီးအဖြစ် တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းကို နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်လွှတ်တော်ကနေ သြဂုတ်လ ၁ ရက်နေ့မှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။ လက်ကျန်သက်တမ်းမှာ လုပ်ဆောင်သွားမယ့်အရာတွေကို သိရှိနိုင်ဖို့ ဝန်ကြီးဦးဇော်ဝင်းကို မြစ်ကြီးနားသတင်းဂျာနယ်မှ အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။
အမည်- ဦးဇော်ဝင်း
မဲဆန္ဒနယ် – တနိုင်းမြို့နယ်၊ အမှတ်(၂)
ကိုယ်စားပြုပါတီ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မွေးဖွားရာဇာတိ – ဇီးပင်ကျေးရွာ၊ ကနီမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
ပညာအရည်အချင်း – B.Comm.H(ကျန်းမာရေးသိပ္ပံဘွဲ့)
လူမျိုး- ဗမာ
အသက်- ၄၀
ဒီဝန်ကြီးဋ္ဌာနကို အသစ်ဖွဲ့စည်းလိုက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဘာများဖြစ်မလဲ။
အဓိကကတော့ လူဝင်မှုကြီးကြပ်ရေးကတော့ တစ်ပိုင်းပေါ့။ လူ့စွမ်းအားအရင်းအမြစ်ကတော့ နိုင်ငံတိုင်းမှာ လုပ်ရမယ့် အပိုင်းပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရတက်လာတဲ့ သုံးနှစ်တာကာလမှာ လူ့စွမ်အားအရင်းအမြစ်ကို ဖွံ့ဖြိုးအောင်လုပ်ခဲ့တာ တိတိကျကျ မရှိဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ၊ အသက် ၉၀ ထောက်ပံ့တာတွေ၊ ဒါကတော့ လူ့စွမ်းအား အရင်းအမြစ် ထောက်ပံ့တာတွေ လုပ်တာပေါ့။ လူ့စွမ်းအားအရင်းအမြစ် လုပ်မယ်ဆိုရင် အဓိကကတော့ ဘတ်ဂျတ် ရေးဆွဲတာပေါ့။ မြန်မာပြည်မှာဆိုရင် ဘတ်ဂျတ်ရေးဆွဲတဲ့အခါမှာ လမ်းဖောက်တာတို့၊ တံတားဆောက်တာတို့ပဲ ရေးဆွဲတာပေါ့။ ဒီ လူသား အရင်းအမြစ် (Human Resource) နဲ့ ပတ်သက်ပြီး ဘတ်ဂျတ်ရေးဆွဲတာ မရှိဘူး။ ဒါကတစ်ပိုင်းပေါ့။ ပိုပြီး အရေးကြီးတာကတော့ ရွေးကောက်ပွဲတွေမှာ မဲစာရင်းတွေ မှန်မှန်ကန်ကန်ဖြစ်အောင်ပေါ့။ အဲဒါလည်း ပါပါတယ်။
မှတ်ပုံတင်လုပ်တာတို့၊ အိမ်ထောင်စု လုပ်တာတို့တွေမှာ အဆင်မပြေမှုတွေ အများကြီးရှိတယ်လို့ ပြည်သူလူထုကြားထဲမှာ မကြာခဏကြားရပါတယ်။ ဒါကို ဘယ်လိုကိုင်တွယ်မလဲ။
လူဝင်မှုကြီးကြပ်ရေးကတော့ ပြည်သူ့အစိုးရလို့ ပြောတဲ့အတွက် မှတ်ပုံတင်ကိစ္စတွေ ပြောတယ်။ အိမ်ထောင်စုကိစ္စတွေ အဆင်မပြေတာတွေ ပြောတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်က လဝကကို ကိုင်တာက လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဝန်ကြီးမဟုတ်ဘူး။ နယ်/လုံဝန်ကြီးကိုင်တယ်။ လဝကနဲ့ ပတ်သက်တဲ့ အိမ်ထောင်စုကိစ္စတွေ၊မှတ်ပုံတင်ကိစ္စတွေ လွယ်လင့်တကူ အဆင်ပြေအောင် အခုခွဲထုတ်တဲ့အပိုင်းလည်း ဖြစ်တာပေါ့။ အရင်အစိုးရအဆက်ဆက်မှာဆိုရင် လဝကနဲ့ ပတ်သက်ပြီး လာဘ်စားတာတွေ ရှိခဲ့တယ်။ အန်အယ်လ်ဒီ လက်ထက်မှာတော့ မရှိဘူးမဟုတ်ဘူး၊ ရှိသေးတယ်။ လျော့တော့လျော့သွားတယ်ပေါ့။ ဒါကိုလည်း ဒီထက်လျော့အောင် ပိုပြီးတော့ ကြပ်ကြပ်မတ်မတ်နဲ့ ကိုင်တွယ်နိုင်အောင် ဒီဝန်ကြီးဋ္ဌာနကို ခွဲတယ်လို့လည်း ထင်ပါတယ်။
အစိုးရသစ်တာဝန်ယူခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီ။ လက်ကျန် တစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာ ဝန်ကြီးအနေနဲ့ ကချင်ပြည်နယ်အတွက် ဘယ်အခန်းကဏ္ဍကို ဦးစားပေးပြီး လုပ်ဆောင်သွားမှာပါလဲ။
အဓိကကတော့ လဝကက သေချာပေါက်ပါမယ်။ အခြားဘယ်ဋ္ဌာနတွေပါမလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ဘယ်အရာတွေ ဦးစားပေးလုပ်ရမယ်ဆိုတာလည်း အတိအကျပြောလို့ မရသေးဘူး။ လူ့စွမ်းအားအရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့လည်း ဘယ်ဋ္ဌာနတွေကိုကိုင်ပါ ဆိုပြီးတော့လည်း အတိအကျမပြောသေးဘူး။ ဘယ်ဋ္ဌာနတွေကို ကိုင်ရမယ်ဆိုတာသိရင်တော့ ပြည်သူလူထုကို တိတိကျကျပြောပါ့မယ်။ လူဝင်မှုကြီးကြပ်ရေးဆိုတော့ လဝကတော့ သေချာပေါက် ပါမယ်။ တခြားသူနဲ့ပူးတွဲအနေနဲ့ ဘယ်ဋ္ဌာနတွေပါမယ်ဆိုတာ မသိရသေးဘူး။
ကျွန်တော်တို့ ကချင်ပြည်နယ်မှာ တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက်နေပါတယ်။ ဒါလည်း အားလုံးအသိ ဖြစ်ပါတယ်။ တစ်သျှူးငှက်ပျောခင်းလို နေရာမျိုး၊ ဖားကန့်လိုနေရာမျိုးတွေမှာ တရုတ်လူမျိုးတွေ တော်တော်များများရှိတယ်။ အဲဒါတွေကိုရော ဝန်ကြီးတို့အနေနဲ့ ဘယ်လိုကိုင်တွယ်သွားဖို့ ရှိလဲ။
အဲဒါလည်း ကျွန်တော် တတ်နိုင်သမျှတော့ စုံစမ်းနေပါတယ်။ Green Card နဲ့ဝင်တာတို့ BC နဲ့ ဝင်တာတို့ ရှိပါတယ်။  Green Card ဆိုရင် နေပြည်တော်ရဲ့ ခွင့်ပြုချက်နဲ့ သုံးလပေးတယ်။ BC နဲ့ဆိုရင် ၁၄ ရက်ပေါ့။ ဒါတွေကိုလည်း ကျွန်တော် လဝက ဋ္ဌာနနဲ့ တွေ့တဲ့အခါကျရင် သတ်မှတ်ရက်ထက် ပိုပြီးတော့ နေတာတွေကို စုံစမ်းနိုင်အောင် စီစဉ်ညွှန်ကြားသွားမှာပါ။
အခုလိုဝန်ကြီးဋ္ဌာနအသစ်နဲ့ ဝန်ကြီးနေရာမှာ စပြီးတော့တာဝန်ယူရတဲ့အခါမှာ အဓိက စိန်ခေါ်မှုက ဘာများဖြစ်မလဲ။
အဓိကစိန်ခေါ်မှု အပိုင်းကတော့ ခုနကပြောတဲ့ HR အပိုင်းမှာပေါ့။ သူက လုပ်ရင်လုပ်သလို ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ ကျွန်တော်တို့က HR လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ကွန်ပျူတာတက္ကသိုလ်က ဆင်းတဲ့ကလေးတွေ၊ နည်းပညာတက္ကသိုလ်က ဆင်းတဲ့ကလေးတွေ၊ မြစ်ကြီးနား တက္ကသိုလ်က ဆင်းတဲ့ကလေးတွေ၊ ဒီကျောင်းသားလေးတွေနဲ့ ပတ်သက်ပြီးတော့ ကျောင်းကထွက်ရင် သူတို့အတွက် တိကျတဲ့ အလုပ်တစ်ခု ထွက်ရမယ်ပေါ့။ ဒီကလေးတွေက အခုပညာသင်နေတာ။ ကျောင်းပြီးတာနဲ့ သူတို့ကို အလုပ်ပေးနိုင်တဲ့ အနေအထား မရှိသေးဘူး။ မရှိသေးတဲ့အတွက် ဒီ HR အပိုင်းမှာ အဓိကစိန်ခေါ်မှုကြီး ဖြစ်လာမယ်လို့ ထင်တယ်။
ဝန်ကြီး အပေါ်မှာဖြေသွားတာ လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှန်အောင် လုပ်မယ်ပေါ့။ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာလေးလည်း ထပ်ဆင့်သိပါရစေ။
အဓိကကတော့ ကျွန်တော်တို့ ၂၀၁၀ မှာရော၊ ၂၀၁၅ မှာရော ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိတဲ့သူတွေ မဲမပေးလိုက်ရဘူး။ အဲဒီလိုမဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးနိုင်အောင် ဒီစာရင်းဇယားတွေကို ကျွန်တော်တို့ လဝကရယ်၊ ရွေးကောက်ပွဲကော်မရှင်ရယ်၊ ထွေအုပ်ရယ် ပေါင်းပြီးတော့ လုပ်မယ်။ ကျွန်တော် အကြမ်းဖျင်းသိထားတာတော့ အဲဒီအဖွဲ့တွေမှာ ကျွန်တော်က  နာယကအနေနဲ့ တာဝန်ယူရမယ်လို့ပြောတယ်။ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးမှုမရှိအောင် သေချာစိစစ်ဆောင်ရွက်သွားပါ့မယ်။ အဲဒါဆိုရင် ပြည်သူတွေလည်း သူတို့ပေးချင်တဲ့ ပါတီကို စိတ်တိုင်းကျ မဲပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ လက်ကျန်သက်တမ်းမှာ ဝန်ကြီးအနေနဲ့ ပြည်သူလူထုကို ဘာများ ကတိပေး ပြောကြားစရာရှိပါသလဲ။ ဖြည့်စွက်ပြောကြားပေးပါဦး။
HR နဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေက အများကြီးရှိနေတော့ တိတိကျကျတော့ ကတိပေးလို့ မရဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အရင်က ရွေးကောက်ပွဲတွေမှာ ပြည်သူတွေ ကြုံတွေရတဲ့ အခက်အခဲတွေ သင်ခန်းစာတွေကို မကြုံတွေ့ရအောင် တတ်နိုင်သမျှလျော့နည်းအောင် ဆောင်ရွက်သွားပါမယ်လို့ ပြည်သူလူထုကို ပြောကြားလိုပါတယ်။