သြဂုတ် ၁၂

အပြည်ပြည်ဆိုင်ရာ ဋ္ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို ပထမဦးဆုံးအကြိမ်အဖြစ် ဖားကန့်မြို့နယ်တွင် ဒေသခံ ၇၀ဝ ခန့်က ပြုလုပ်ကျင်းပခဲ့ကြပြီး ဆုံးရှုံးနေသည့် ဋ္ဌာနေတိုင်းရင်းသား အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။
ဖားကန့်ဒေသသည် ရှေးယခင်က ဌာနေတိုင်းရင်းသားများက ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့ကြပြီး ယခုအချိန်တွင် ကျောက်စိမ်း တူးဖော်မှုများကြောင့် ယင်းတို့ လုပ်ကိုင်စားသောက်ခွင့်များ ဆုံးရှုံးနေရကြောင်း အထက်ပါအခမ်းအနားတွင် ပါဝင်လှုပ်ရှားသူ ဦးလမောင်လတောင်မှ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အကုန်လုံး ကျောက်စိမ်းတူးလိုက်ကြပြီ။ နောင် လေးငါးဆယ်နှစ်အတွင်းမှာ ကျွန်တော်တို့ ဘာလုပ်စားကြတော့မလဲ။ အရင် တောတွေတောင်တွေလည်း အရမ်းရှိတယ်။ တူးလိုက်ဆွလိုက်လို့ ဘာမှမရှိတော့ဘူး။ ရေတွေလည်း မသန့်တော့ဘူး။ ရှိတဲ့ရေ သောက်ရင်လည်း ၁၀ ယောက်မှာ ၇ ယောက်လောက်က ကျောက်ကပ် ဖြစ်နေပြီ။ အဲဒါကြောင့် မြေနဲ့ ပတ်သက်ပြီး တောင်းဆိုတာ။ သိန်းသောင်းချီတဲ့ကျောက်စိမ်းလည်း မလိုချင်ဘူး။ လိုချင်တာက ကျွန်တော်တို့မြေကို ပြန်ပေးပါ”ဟု ဦးလမောင်လတောင်မှ ဆက်လက်ပြောသည်။အထက်ပါ အခမ်းအနားကို သြဂုတ်လ ၉ ရက်နေ့က ဖားကန့်မြို့၊ ကျောက်တိုင်ဝင်းတွင် “ဒို့မြေသည် ဒို့အသက်(Our Land Our Life)”ခေါင်းစဉ်ဖြင့် မုန်နောင်ခေါင် ဥရုဌာနေ တိုင်းရင်းသားများအဖွဲ့မှ ဦးစီးကျင်းပခဲ့ပြီး အချက် ၇ ချက်ပါဝင်သည့် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်း ၇ ချက်တွင် ၂၀ဝ၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဌာနေတိုင်းရင်းသား အခွင့်အရေး ကြေညာစာတမ်းကို လက်ခံ သဘောတူထားသည်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရာတွင် ထိရောက်သောနည်းဖြင့် ဆောင်ရွက်ရန်၊ တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေတွင် ပါဝင်သည့် အခန်း(၄) ပုဒ်မ- ၅ အရ သယံဇာတတူးဖော်ခြင်းနှင့် အခြား စီးပွားရေးဖွံ့ဖြိုးရေး စီမံကိန်းများကို ဒေသခံပြည်သူများကို လွတ်လပ်စွာ ကြိုတင်သတိပေး၊ တိုင်ပင်၊ သဘောထားရယူပြီးမှသာ အကောင်အထည်ဖော်ရန် စသည်တို့ကို နိုင်ငံတော်အစိုးရထံ တောင်းဆိုခဲ့သည်။

ယင်းအပြင် ဌာနေတိုင်းရင်းသားများ လက်လွတ်ဆုံးရှုံးနေသည့် အုပ်စုအခွင့်အရေးများဖြစ်သော ဌာနေတိုင်းရင်းသားများ၏ ဝိသေသ လက္ခဏာ၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မှု၊ ဘုံအသက်ရှည် ရပ်တည်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် မြေယာ၊ ပိုင်နက် နယ်မြေများနှင့် သဘာဝ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ကာကွယ်ပေးရေး၊ သယံဇာတ တူးဖော်ခြင်းကြောင့် ထိခိုက်သွားသည့် သဘာဝအရင်းအမြစ်များ ဂေဟစနစ်များ သစ်တောများ စိုက်ပျိုးမြေများကို တိုင်းရင်းသားများ၏ ခံစားပိုင်ခွင့်နှင့်အညီ ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရန်လည်း တိုက်တွန်းထားသည်။

ဆက်လက်ပြီး ဌာနေတိုင်းရင်းသားများ လုံခြုံလွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရရှိရန် သက်ဆိုင်ရာမှ အာမခံပေး၊ အလေးထားဆောင်ရွက်ရန်၊ မုန်းနောင်ခေါင် ဥရုဒေသအတွင်း ရွှေ့ပြောင်း အခြေချနေထိုင်သူများကြောင့် တိုင်းရင်းသားများ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုများ ကာကွယ်နိုင်ရန် ဌာနေတိုင်းရင်းသားများနှင့်တိုင်ပင်ပြီး စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲထားရှိရန်နှင့် ၂၀၁၅ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို နည်းဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပြီး အကောင်အထည် ဖော်ဆောင်ရွက်ရန် စသည်တို့လည်း ထပ်ဆင့်တောင်းဆိုခဲ့သည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းအလုပ်သမား သိန်းနှင့်ချီ ရှိနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရပြီး ယင်းအတွက်ကြောင့် ဒေသခံဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး ဆုံးရှုံးနစ်နာနေရသည်ဟု ပြောဆိုနေကြပြီး အထက်ပါ တောင်းဆိုချက်များကိုလည်း ပြည်နယ်အစိုးရထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)