ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာတော့ နှစ်တိုင်းလိုလို မြေပြိုသေဆုံးတာတွေ မြေစာပိ သေဆုံးတာတွေကြောင့် လူပေါင်း ရာနဲ့ချီသေဆုံးနေရပါတယ်။အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီးတော့ ဒီကနေ့အထိ နွံကန်ပေါက်တာတွေ၊ မြေစာပိ သေဆုံးတာတွေ၊ မျှောချောင်း ပေါက်ကျတာတွေ၊ မိုင်းခွဲတာတွေ၊ လုံခြုံရေးရဲတွေနဲ့ ခြောက်လှန့် ပစ်ခတ်မှုတွေ၊ ကမ်းပါးယံတွေ ပြိုကျ သေဆုံးတာတွေကြောင့် လူဦးရေ ၁၄၀ အထိသေဆုံးခဲ့ရပြီးပါပြီ။
ဒီမှတ်တမ်းတွေကတော့ ရဲမှတ်တမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့အစည်းတွေကနေ ပြုစုထားတဲ့ စာရင်းဒေတာတွေပါ။
လောလောလတ်လတ်ဖြစ်စဉ်တစ်ခုကို ပြောရမယ်ဆိုရင် ဇူလိုင်လ ၂၈ ရက်နေ့က ဆိပ်မူအုပ်စု၊ ကောင်ဆန်၊ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာအနီးက  ညဥ့်သန်းခေါင်ယံအချိန်က ဖြစ်ပွားခဲ့တဲ့ အမြင့်ပေ ၅၀ဝ ကျော်လောက်ကနေ ကျောက်ကမ်းပါးယံကြီး (အာရ်စီနှစ်ထပ်တိုက်တစ်အိမ်စာ) ပြတ်ကျတဲ့ ဖြစ်စဉ်ပါ။ဒီ ဖြစ်စဉ်ကြောင့် ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတစ်ခုက စက်ယန္တရားစောင့် လုံခြုံရေးဝန်ထမ်း ၁၅ ဦးနဲ့ လုပ်ကွက်လုံခြုံရေးရဲ ၃ ဦး ပါသွားခဲ့တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီကမ်းပါးပြိုလို့ လူပေါင်း(၁၈)ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာကနေ တရားဝင် ထုတ်ပြန်ခဲ့ပေမယ့် လူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်း (၁၉) လောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအလောင်း (၁၉) လောင်းမှာ ကုမ္ပဏီဝန်ထမ်း ၃ ဦးနဲ့ ရဲဝန်ထမ်း ၁ ဦးရဲ့ ရုပ်အလောင်းကို ထည့်တွက်ထားတာ မပါသေးပါဘူး။ ဒေသခံတွေ ပြောပြချက်အရတော့ တရားဝင်ကြေညာထားတာထက် သေဆုံးမှုပိုများနိုင်တယ်လို့ သိရပါတယ်။၂၀၁၉ ခုနှစ်ရဲ့ လူအသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုကတော့ ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မောင်မောင်းလယန် ကျေးရွာက ယူနတီနွံကန် ပေါက်ကျမှု ဖြစ်စဉ်ပါ။
ဒီနွံကန် ပေါက်ကျမှုကြောင့် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေရဲ့  စက်ယန္တရားတွေ ဆုံးရှုံးခဲ့ရပြီးတော့ ကုမ္ပဏီဝန်ထမ်း စုစုပေါင်း ၅၄ ဦးအထိ သေဆုံးခဲ့ရပါတယ်။၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုပ်ကွက်သက်တမ်းတွေက ကုန်ဆုံးလာခဲ့တာကြောင့် တစ်ကွက်နဲ့တစ်ကွက် သက်တမ်းကုန်ဆုံးရက် မတူညီခြင်းက အန္တရာယ်များတဲ့ ကမ်းပါးယံများ ဖြစ်ပေါ်စေခြင်း၊သက်တမ်းကုန်သွားတဲ့ လုပ်ကွက်အဟောင်းက ရေကန်တွေက နွံကန်ဖြစ်သွားခြင်း၊ စတာတွေ ဖြစ်နေခဲ့တာပါ။
ဒါကြောင့် ကျောက်မျက်တူးဖော်ရေးရပ်နားတဲ့ မိုးရာသီအချိန်ရောက်ရင် ကမ်းပါးပြိုတာတွေ၊ နွံကန်ပေါက်ကျတာတွေ ဖြစ်ပေါ်ပြီးတော့ ဒီနေရာတွေမှာ ကျောက်စိမ်း ရှာဖွေနေတဲ့ တစ်နိုင်တစ်ပိုင် ရေမဆေးသမားတွေ သေဆုံးနေရကြတာပါ။
“ဒီလောက် တူးချင်သလိုတူး၊ လုပ်ချင်သလိုလုပ်နေမှတော့ ကမ်းပါးကပြိုမှာပဲ။ နှစ်တိုင်းလည်း ဒီလိုပဲ သေကြရတာ။ ဒီလိုစည်းကမ်းမရှိ ကြီးကြီးမားမား တူးဖော်နေသရွှေ့ကတော့ နှစ်တိုင်းဒါမျိုးတွေ ကြုံတွေ့နေရဦးမှာပဲ”လို့ လုံးခင်းဒေသခံ ကိုကျော်သူရက ပြောပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ အကြီးစားတူးဖော်ခွင့် ပြုလိုက်တဲ့ ၂၀၁၀ နောက်ပိုင်းမှာ တစ်နှစ်ထက်တစ်နှစ် လူသေဆုံးမှုဟာ မြင့်တက်လာတာကိုတွေ့ရပါတယ်။ သက်ဆိုင်ရာ နယ်မြေရဲစခန်း၊ ထွေအုပ်နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက ရတဲ့စာရင်းတွေအရ ၂၀၁၂ ခုနှစ်မှာ ၁၈ ဦး၊ ၂၀၁၃ ခုနှစ်မှာ ၁၄ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၃၂ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၁၅၀ ဦး၊ ၂၀၁၆ ခုနှစ်မှာ ၁၀ဝ နီးပါး၊ ၂၀၁၇ ခုနှစ်မှာ ၁၂၄ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၁၄၆ ဦးနဲ့ အခု ၂၀၁၉ သြဂုတ်လအထိ ၁၄၀ ဦး သေဆုံးခဲ့ရပြီးတော့ ၇ နှစ်အတွင်းမှာ လူသားအရင်းအမြစ် ၁၀ဝ၀ လောက် ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဒီစာရင်းမှာ ပျောက်ဆုံးသူတွေ မပါဝင်သေးပါဘူး။ ၂၀၁၅ အောက်တိုဘာလ ၂၁ ရက်နေ့က ကံခါမြေစာပုံ ပြိုကျတဲ့ဖြစ်စဉ်က ဖားကန့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဖြစ်ခဲ့ပြီးတော့ အလောင်း ၁၁၄ လောင်းကိုသာ ဖော်ယူနိုင်ခဲ့ပြီး လူဦးရေ ၃၀ဝ လောက်ပျောက်ဆုံးနေခဲ့တာပါ။ ဒီအဖြစ်အပျက်ကနေ တစ်ဆင့်ပဲ ကမ္ဘာက ဖားကန့်ကို သတိထားမိလာတာ ဆိုရင်လည်း မမှားပါဘူး။
ဖားကန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဋ္ဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်မြို့နယ် အတွင်းမှာ ၉၆ ပါးသောရောဂါနဲ့ သေဆုံးတဲ့သူဟာ ၂ နှစ်အတွင်းမှာ ၂၃၁ ဦးသာ ရှိခဲ့ပြီးတော့ ကျောက်စိမ်းလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကြောင့် သေဆုံးခဲ့ရသူတွေဟာ ၂ နှစ်အတွင်းမှာပဲ ၂၂၀ဝ ကျော်(၂၂၈၆ ဦး)အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလိုအဖြစ်နဲ့ ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီးတော့ ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “သတ္တုတွင်းအပါအဝင် ကျောက်စိမ်းကျောက်မျက် ကဏ္ဍမှာ ကျွန်တော်တို့ အစိုးရက လုံးလုံးလျားလျား တာဝန်ယူဖြေရှင်းလို့မရသေးပါဘူး။ မြေပြင်မှာ ဖြစ်ပျက်နေတာက မြင်တဲ့အတိုင်းပဲ။ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ဘူး။ နှစ်စဉ်လူတွေ ရာနဲ့ချီ သေနေတယ်။ ကျွန်တော်တို့လောက် ပြောတာ ကျွန်တော်တို့ပဲ ရှိတယ်။ တရားဥပေဒ မစိုးမိုးတာကြီးကိုပဲ လွှဲချနေတယ်”လို့ ပြောပါတယ်။
စစ်အစိုးရ လက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တွေမှာ မြေစာပုံပြိုကျသေဆုံးတာတွေ အများအပြားဖြစ်ခဲ့ပြီးတော့ အခုအစိုးရ စတက်ချိန်ကနေ စပြီး လုပ်ကွက်သက်တမ်းမတိုးပေးတာတွေ၊ အကြီးစားတူးဖော်ခွင့် ပိတ်လိုက်တာတွေကြောင့် ကျောက်စိမ်းတူးဖော်တဲ့ ပုံစံတွေက ပြောင်းလဲလာပါတယ်။ ကုမ္ပဏီတွေက သက်တမ်းမကုန်ခင်မှာ ပေပေါင်း ၅၀ဝ လောက်အထိ နှိုက်ထုတ်တူးဖော်လိုက်တာကြောင့် မြင့်မားတဲ့ ကမ်းပါးယံတွေ၊နွံကန်တွေ ဖြစ်လာခဲ့ရပါတယ်။
ဒီလို အန္တရာယ်ရှိတဲ့ နွံကန်တွေ၊ လုပ်ကွက်ကမ်းပါးယံတွေမှာ တူးဖော်နေကြတဲ့ ရေမဆေးသမား တွေဟာ အများဆုံး သေဆုံးနေကြရတာပါ။
ဒီလိုဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေရတာတွေက အစိုးရရဲ့ မူဝါဒအားနည်းချက်တွေ၊ ဥပဒေအားနည်းချက်တွေ၊ ကုမ္ပဏီတွေရဲ့ စနစ်တကျ တူးဖော်ခြင်း မရှိတာတွေ၊ သယံဇာတ စီမံခန့်ခွဲမှု အားနည်းတာတွေ၊ တူးဖော်ရေးစနစ် မှားယွင်းတာတွေ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲ့သယံဇာတဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖြစ်တဲ့  NRGI (Natural Resource Governance Institute)မှ ဒါရိုက်တာ ကိုမော်ထွန်းအောင်က သုံးသပ်ပြောဆိုပါတယ်။
“ကုမ္ပဏီတွေရဲ့ Corporate Responsibility ပေါ့။ စီးပွားရေး လုပ်ငန်းတွေရဲ့ တာဝန်သိမှု မရှိတာတွေလည်း ပါတာပေါ့နော်။ အစိုးရမူဝါဒလို့ ပြောတဲ့နေရာမှာ လိုင်စင်ချထားပေးခဲ့တဲ့နေရာမှာ စောင့်ကြပ်ကြည့်ရှုနိုင်တဲ့ စနစ်ရော၊ လူရော လိုင်စင်ပမာဏနဲ့က မမျှတဘူး။ နောက်တစ်ခုက အရင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ဆိုတာမရှိဘူး။ ရှေ့ကိုမျှော်ပြီး စီစဉ်ခဲ့တာမျိုး မဟုတ်ဘူး။ ဒီမှာဒီလိုလုပ်ရင် နောက် လေးငါးနှစ်ကျရင် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့ တွက်ချက်မှုတွေပါပြီး လိုင်စင်တွေချခဲ့တာမဟုတ်ဘူး”ဟု ကိုမော်ထွန်းအောင်က ဆက်လက်ပြောဆိုပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသမှာ ကျောက်စိမ်းများကို ကုမ္ပဏီများမှ စုပေါင်းတူးဖော်နေကြကြောင်း၊ ဟင်းလင်းဖွင့် တူးဖော်ခြင်းသည် ကမ္ဘာပေါ်တွင် ဖားကန့်ဒေသသည် အကြီးဆုံးဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းအားနည်းချက်နှင့် ဥပဒေပိုင်းအားနည်းချက် ရှိခဲ့ခြင်းကြောင့် Mining Plan မရှိခဲ့ကြောင်း၊ လက်ရှိဥပဒေကိုလည်း အချိတ်ဆက်မိမိကျင့်သုံးနိုင်ခြင်းလည်း မရှိကြောင်း၊ ဖားကန့်ဒေသကို သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာသင့်ကြောင်းလည်း ကိုမော်ထွန်းအောင်က ဆက်လက် ထောက်ပြပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက်လုပ်ကိုင်နေကြတာ အခုဆိုရင် လူဦးရေသုံးသိန်းလောက်အထိ ရှိနေပါပြီ။ ဒီလူဦးရေထဲကပဲ နှစ်စဉ် လူဦးရေတစ်ရာကျော်လောက်က သေဆုံးနေရပါတယ်။ အစိုးရရဲ့စီမံခန့်ခွဲမှုအားနည်းတာတွေကြောင့် ဆယ်စုအတွင်းက ဖြစ်ပေါ်နေခဲ့တဲ့ လူအစုလိုက် အပြုံလိုက်သေဆုံးတာတွေက ဒီနေ့အချိန်ထိ ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။
ဒီလို အစိုးရအဆက်ဆက်ရဲ့ အားနည်းချက်တွေကြောင့် ဖားကန့်ဒေသမှာ လူတွေလုပ်ထားတဲ့ မြေစာ တောင်တန်းတွေ၊ မြေစာပုံအောက် ပျောက်ဆုံးခဲ့သူတွေ၊ ကြီးမားမတ်စောက်တဲ့ ကျောက်ကမ်းပါးယံ ကြီးတွေ၊ ထိန်းသိမ်းလို့ မရတော့တဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ ကယ်လို့မရနိုင်တော့တဲ့ ဥရုချောင်းတွေ၊ အသက်ကိုမငဲ့ကွက်ဘဲ သက်စွန့်ဆံဖျား ကျောက်ရှာနေကြတဲ့ ရေမဆေးသမားတွေပဲ ကျန်ပါတော့တယ်။
“ဒါတွေ(အားနည်းချက်) စုပေါင်းပြီး ဖြစ်သွားတဲ့အခါကျတော့ ဒီလိုကိစ္စတွေဖြစ်လာတယ်။ နှစ်တိုင်းလည်း ဖြစ်နေတာပဲ။ နောက်လည်းဖြစ်နေမှာပဲ”လို့ ကိုမော်ထွန်းအောင်က ပြောဆိုခဲ့ပါတယ်။
စည်သူ(မြစ်ကြီးနား)