သြဂုတ် ၂၃
တောင်တန်းဒေသရှိ တောင်ယာမြေ လုပ်ကိုင်သူများအနေဖြင့် မြေယာဥပဒေများ၏ အခန်းကဏ္ဍများနှင့် ပတ်သက်သည့် ဥပဒေများကို ကောင်းစွာသိရှိပြီး အမျိုးသား မြေအသုံးချမှု မူဝါဒအဖြစ် သို့မဟုတ် မြေလွတ်မြေရိုင်းအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကိုလျှောက်ယူခြင်းနှင့် ပတ်သက်ပြီး တောင်သူအဖွဲ့များ၊ မြေယာအရေး ဆောင်ရွက်သည့်အဖွဲ့များ ဖြစ်သည့် NGO, INGO နှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ကဆန်ထီ(Kasante)မှ ဦးဆောင်ကာ ဆွေးနွေးဖလှယ်ခြင်းကို သြဂုတ်လ ၂၃ ရက်က သီတာရပ်ကွက်ရှိ ဂျူဗလီခန်းမတွင်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ ၎င်းင်းတို့အဖွဲ့အစည်းအနေဖြင့် မြေယာအခန်းကဏ္ဍကို တောင်တန်းဒေသရှိ တောင်ယာမြေလုပ်သည့် တောင်သူများနှင့် အခြားဒေသများ၌ နေထိုင်သည့် တောင်သူများအနေဖြင့် မြေယာနှင့်ပတ်သက်ပြီး တိကျခိုင်မာသည့် စာရွက်စာတမ်းများ ရှိရေးကို ရည်ရွယ်ကာ ဥပဒေနှင့် ပတ်သက်ပြီး အကြံပြုချက်၊ အငြင်းပွားချက်များကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ကဆန်ထီမှ ရှင်းပြသည်။
“အဓိက ကျွန်မတို့ရည်ရွယ်ချက်က သူတို့ကို ဘယ်လိုမျိုး မြေယာအထောက်အထားတွေနဲ့ ရရှိမယ်ဆိုတဲ့ နည်းလမ်းနဲ့ သွားတဲ့သဘောပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကချင်ပြည်နယ်မှာ မြေလွတ်မြေရိုင်းလို့ပြောလိုက်တာနဲ့ ကချင်ပြည်နယ်မှာက သီးသန့်မရှိဘူး။ အားလုံးက ဘိုးဘွားပိုင်မြေတွေ ရှိပြီးသားဖြစ်တယ်။ အဲ့ဒီဟာကို အစိုးရရဲ့ အမျိုးသားမြေအသုံးချမှု မူဝါဒ ဦးတည်ဘက်ကနေ ကျွန်မတို့ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာကို အရပဲယူမလား ဒါမှမဟုတ် မြေလွတ်မြေရိုင်းကိုပဲ လျှောက်မလားဆိုတာကို ရည်ရွယ်ထားတာဖြစ်တယ်”ဟု ကဆန်ထီ(Kasante)မှ ဒါရိုက်တာ ဒေါ်ထုံဖူးနင်ဌေးက ပြောသည်။
ယင်းဆွေးနွေးပွဲ၌ မြေယာဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြင်ဆင် ၂၀၁၈၊ လယ်ယာမြေဥပဒေ ၂၀၁၂ နှင့် အမျိုးသားမြေအသုံးချမှုမူဝါဒ၊ တောင်ယာမြေ၊ ပုံစံ(၇)၊ ရွာမြေနှင့် သစ်တောမြေ စသည့် ဥပဒေနှင့် အကြောင်းအရာအချက်အလက်တို့ကို အခြေခံကာ ပုဒ်မများနှင့် ပြဌာန်းချက်များတွင် ပါရှိသည့် အငြင်းပွားမှုဖြစ်နေသည့် အချက်အလက်အချို့မှ အချက်ကို အခြေခံကာ  အကြံပြုချက်ပေးခြင်းနှင့် အဆိုပါ အချက်များကို အကောင်အထည်ဖော်မည့်သူများ၊ အဖွဲ့များ၏အမည်များ ရေးသွင်းခြင်းများကို အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
၎င်းတို့ ချပြဆွေးနွေးသွားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြင်ဆင် ၂၀၁၈ မှ ပုဒ်မများမှာ ပုဒ်မ-၂၂(ခ) “ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ မြေလွတ်၊ မြေရိုင်းများကို အသုံးပြုလျက်ရှိသော အဖွဲ့အစည်းများသည် ၆ လအတွင်း လျှောက်ထားရမည်။ မလျှောက်လျှင် ဖယ်ရှားခံရမည်။ အရေးယူခံရမည်”ဟု ဆိုသည့်အချက်တွင် အငြင်းပွားသည့် အချက်မှာ “ဥပဒေနှင့် ပတ်သက်သည့် သတင်းအချက်အလက်ရရှိရန် ခက်ခဲသောဝေးလံသည့် တောင်တန်းဒေသများတွင် အခက်အခဲများစွာ ရင်ဆိုင်နေရပါသည်။ မသိရှိသေးသော တောင်သူများမှာ ကျူးကျော်သူများအဖြစ် သတ်မှတ်ခံရပြီး ပိုင်ဆိုင်သည့် မြေယာလက်လွတ် ဆုံးရှုံးမှုများစွာရှိနိုင်ပါသည်”ဟု ဆိုရာတွင် အကြံပြုရေးသားခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် “ပြင်ဆင်ပုဒ်မ-၂၅(ဂ) မြေလွတ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်ပေးသော မြေဧရိယာပေါ်တွင် ယခင်/လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံတောင်သူ လယ်သမားများ၏ စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင်ရထားခြင်း မရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ်ညှိနိုင်းရမည်”ဟု ဆိုသည့်အချက်တွင် “မြေလွတ်၊ မြေရိုင်းအသုံးပြုခွင့် ချပေးရာတွင် ဥပဒေအရအမှန်တကယ် လေ့လာစိစစ်မှုများမရှိခြင်းကြောင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍အငြင်းပွားမှုများ ဖြစ်ပေါ်စေနိုင်သည်”ဟု အငြင်းပွားချက်ရှိသည့်အတွက် တက်ရောက်သူများက အကြံပြုချက်များပေးခဲ့ကြကြောင်း သိရသည်။
“ပုဒ်မ-၂၇ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကျူးကျော်ခြင်း ထောင်ဒဏ်(၂)နှစ်၊ ငွေကျပ် ၅ သိန်း”ဟု ဆိုရာတွင် အငြင်းပွားချက်အပေါ် “တိုင်းရင်းသား ဒေသရှိတောင်သူများသည် ဘိုးဘွားစဉ်ဆက် မိရိုးဖလာ ထိန်းသိမ်းလာသည့် မြေပေါ်၌ လုပ်ကိုင်လျက်ရှိရာ ကျူးကျော်သူများအဖြစ် သတ်မှတ်အပြစ်ပေးခြင်းသည် အမျိုးသားမြေ အသုံးချမှုမူဝါဒ အပိုင်း-၈၊ အပိုဒ်(၆၈)၊ ပြင်ဆင်ပုဒ်မ-၃၀ နှင့် ကိုက်ညီခြင်းမရှိပေ”ဟု ဆိုသည့်အချက်ကိုလည်း အကြံပြုချက်ရေးသားခဲ့ကြသည်။
နောက်အချက် အနေဖြင့် ပြင်ဆင်ပုဒ်မ-၃၀(က)အရ အောက်ပါမြေများသည် မြေလွတ်၊ မြေရိုင်းနှင့် မသက်ဆိုင်။ တောင်ယာမြေ၊ ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာအရ သတ်မှတ်သည့်မြေ၊ အများပြည်သူနှင့် တိုင်းရင်းသားများ ဆိုင်ရာဘာသာရေး၊ လူမှုရေး စသည်တို့အတွက်အသုံးပြုသည့်မြေများ”ဆိုသည့် ပုဒ်မတွင် “တိုင်းရင်းသားတို့၏ ရိုးရာအရ လုပ်ကိုင်နေသည့် မြေများနှင့် ရွှေ့ပြောင်း တောင်ယာမြေများအား သင့်လျော်သော စိစစ်မှုများမပြုလုပ်ဘဲ မြေလွတ်၊ မြေရိုင်းအဖြစ်သတ်မှတ်ခြင်းသည် ဥပဒေနှင့်ကိုက်ညီခြင်းမရှိပါ”ဟု ဆိုသည့် အငြင်းပွားမှုများ ဖြစ်နေသည့်အတွက် အကြံပြု ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။
လယ်ယာမြေ ဥပဒေ ၂၀၁၂ ပါ “ပုဒ်မ-၇(က)-၄ နိုင်ငံတော်က သိမ်းယူနှင့် ဖော်ထုတ် လုပ်ကွက်များကို ဧည့်နိုင်ငံသားအား ခွင့်ပြုထားသည်”ဆိုသည့်အချက်ကို “အရင်းအနှီး အားနည်းသည့် မူလဌာနေတိုင်းရင်းသားတောင်သူများ အခွင့်အရေး ဆုံးရှုံးစေပြီး ဧည့်နိုင်ငံသားများအတွက် အခွင့်အရေး ရရှိနေပါသည်”ဟု အငြင်းပွားခြင်းဖြစ်သည့် အချက်ကို အကြံပြုရေးသားခဲ့ကြသည်။
အဆိုပါဥပေဒ၏ “ပုဒ်မ-၈ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဝယ်၊ လဲ၊ ရောင်း သို့မဟုတ် မြေလွတ်၊ မြေရိုင်းမှ လျှောက်လာလျှင် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုထားသည်”ဟုဆိုရာ၌ “မြေလွတ်၊ မြေရိုင်းအများဆုံး အသုံးပြုခွင့်ရရှိသူများဖြစ်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသည် သူတို့ပိုင်ဆိုင်သည့် မြေလွတ်၊ မြေရိုင်းများကို လယ်ယာမြေအဖြစ်သို့ ပြောင်းလဲပြီး အခြားနည်းဖြင့်အသုံးပြုခွင့် လျှောက်ထားလာနိုင်ပါသည်။ ထို့ကြောင့် တောင်ယာ၊ လယ်ယာများ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါသည်”ဟုဆိုသည့် အငြင်းပွားမှုရှိသည့်အတွက် ပြင်ဆင်သင့်ကြောင်း အကြံပြုရေးသားခဲ့ကြသည်။
လယ်ယာမြေ ဥပဒေ ၂၀၁၂ ၏ “ပုဒ်မ-၃၄ လယ်ယာမြေ စီမံခန့်ခွဲခြင်းတွင် မြေလွတ်၊ မြေရိုင်း အသုံးပြုခွင့်ရရှိသူများသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တည်ငြိမ်လာလျှင် လယ်ယာမြေလုပ်ကိုင်ခွင့်သို့ ပြောင်းလဲနိုင်သည်”ဟု ပါရှိသည့်အချက်သည် “အရင်းအနှီးများရှိနေသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် မြေလွတ်၊ မြေရိုင်း မြောက်များစွာကို လွယ်ကူစွာလယ်ယာမြေအဖြစ်သို့ ပြောင်းလဲခွင့် ရရှိနေပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် မြေယာများ လက်လွတ်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါသည်” ဟု အငြင်းပွားမှု ရှိနေသည့်အတွက် ယင်းဥပဒေကိုလည်း ပြင်ဆင်သင့်ကြောင်း အကြံပြု ရေးသားခဲ့ကြသည်။
  အမျိုးသားမြေအသုံးချမှုမူဝါဒသည် “လက်ရှိအချိန်အထိ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် ပတ်သက်၍မည်သည့် လုပ်ထုံးလုပ်နည်းမှ ချမှတ်ထားခြင်းမရှိပေ။ မည်သည့်အဆင့်အထိ အကောင်အထည်ဖော်မှု ရှိမရှိမသိရပေ”ဆိုသည့် အငြင်းပွားမှု ရှိနေသည့်အတွက် တက်ရောက်လာသူများက အကြံပြုချက်ရေးသားခဲ့ကြကြောင်းလည်း သိရသည်။
တောင်ယာမြေဟု ဆိုရာတွင်လည်း “တောင်ယာကို အဓိက လုပ်ကိုင်နေသည့် တောင်သူများကို ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာရွက်စာတမ်းများ ထုတ်ပေးခြင်းမရှိပါ။ စာရွက်စာတမ်းများ မရှိခြင်းကြောင့် တောင်သူများအတွက် မြေယာဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိပါသည်”ဟု အငြင်းပွားချက်ရှိသည့် အတွက်လည်း အကြံပြုချက်ရယူခဲ့ကြသည်။
ပုံစံ(၇) ရရှိနိုင်ရေးနှင့်ပတ်သက်ပြီး “ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် တောင်တန်းဒေသများ၊ ရုံးစိုက်ရာမြို့နှင့် ဝေးလံသောနေရာများမှ ဆင်းရဲသည့်တောင်သူများအတွက် မြေပိုင်ဆိုင်ခွင့်ဖြစ်သည့် ပုံစံ-၇ လျှောက်ထားနိုင်ရန်အတွက် ခက်ခဲလျက်ရှိပါသည်”ဟု အငြင်းပွားချက်နှင့် ပတ်သက်၍လည်း အကြံပြုချက်ရေးသားခဲ့ကြသည်။
ရွာမြေနှင့် သစ်တောမြေပြဿနာနှင့် ပတ်သက်၍လည်း “ကချင်ပြည်နယ်ရှိ ကျေးရွာအချို့သည် သစ်တော မြေဧရိယာထဲတွင်တည်ရှိနေပါသည်။ သစ်တောမြေနှင့်ရွာမြေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးထားခြင်း မရှိပေ။ သို့ဖြစ်၍ သစ်တော၊ မြေစာရင်းနှင့် ရွာသားများအကြား ရှုပ်ထွေးမှုများ ရှိနိုင်ပါသည်”ဆိုသည့် ငြင်းပွားချက်ကိုလည်း တက်ရောက်လာသည့် အဖွဲ့အစည်းများက အကြံပြုချက် ရေးသွင်းခဲ့ကြကြောင်း သိရသည်။
“ဒီလို မြေယာဥပေဒအခန်းကဏ္ဍတွေကို များများ ဆွေးနွေးသင့်တယ်။ ကျွန်မတို့ အဖွဲ့အစည်းသာမက အခြား အဖွဲ့အစည်းတွေလည်းပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီလိုမျိုးဆွေးနွေးမှပဲ မြေပြင်အခြေအနေမှာ ဘာဖြစ်နေလဲဆိုတာ သိရတာပေါ့နော်။ သူတို့အသံ ကြားရတာပေါ့။ ဘယ်ကဏ္ဍတွေမှာ ဥပဒေတွေကို အကြံပြုချင်တယ်။ ပုဒ်မဥပဒေတွေကြောင့် တောင်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ဒီနေ့ဆွေးနွေးသွားတာတွေကိုလည်း ကျွန်မတို့ လူထုကို ချပြသွားမှာ ဖြစ်ပါတယ်”ဟု ဒါရိုက်တာ ဒေါ်ထုံဖူးနင်ဌေး က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြေယာနှင့် ပတ်သက်သည့် အဖွဲ့အစည်းများဖြစ်သည့် လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များစသည်တို့ကို ဖိတ်ကြားကာ ဆွေးနွေးခဲ့ရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့မှ တက်ရောက်ခဲ့ခြင်း မရှိကြောင်းသိရသည်။
ယင်းကဆန်ထီ(Kasante) အဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို သီးသန့် လုပ်ဆောင်ပေးခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့မှ တောင်သူများကို သက်ဆိုင်ရာအစိုးရဌာနများနှင့် ချိတ်ဆက်ပေးခြင်းမျိုးသာ လုပ်ဆောင်ပေးကြောင်းနှင့် သက်ဆိုင်ရာအစိုးရမှ နှစ်စဉ်ပြုလုပ်သည့် စီမံကိန်းကာလများ၌ တောင်တန်းဒေသများသို့ ဦးစားပေး လုပ်ဆောင်ပေးရန်တို့ကိုလည်း ကဆန်ထီမှ တာဝန်ရှိသူက အကြံပြုပြောကြားခဲ့သည်။
“ဘာကြောင့်လဲဆိုရင် ဒီနေရာတွေကပဲ မရတာလေ။ လမ်းပန်းဆက်သွယ်ရေး မြေနေရာ တော်တော်များများက အဲဒီဟာတွေရှိတယ်။ ဒီတောင်ယာဆိုရင် ဘယ်အပိုင်းကသွားမယ်။ တောင်ယာမြေကို သပ်သပ်ပေးတာမျိုးတွေ မရှိဘူး။ အဲဒါမျိုးဆိုတော့ မြေစာရင်းက မြေသွားတိုင်းတဲ့အခါ ဘာမှမစိုက်ထားတဲ့အချိန် ရောက်သွားရင် သူတို့ဘာမှမရဘူးပေါ့။ အဲဒါက မြေလွတ်မြေရိုင်း ဖြစ်သွားမလားပေါ့။ အဲဒီဟာတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ့် အပိုင်းတွေ ရှိပါတယ်”ဟု ကဆန်ထီမှ ဒါရိုက်တာ ဒေါ်ထုံဖူးနင်ဌေးက ပြောသည်။
မွန်းမွန်းပန်