ကချင်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကချင်ရိုးရာ မနောင်(Manau) အကကို UNESCO စာရင်းဝင်ရန် ဦးဆောင် ပြုလုပ်နေကြောင်း ကချင်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုကော်မတီမှ အဖွဲ့ဝင် ဒေါက်တာကျော်ဆွေညွန့်က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
“အခုက ဆရာတို့မြန်မာပဲလုပ်တာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတိုင်း  ဒါကိုလုပ်နေပြီ ဆိုတော့ ဆရာတို့ကလည်း လက်ဦးမှုယူရမယ်”ဟု ဒေါက်တာကျော်ဆွေညွန့်က ပြောသည်။
ယင်းသို့ ပြုလုပ်ရခြင်းသည် ၂၀ဝ၃ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ သဘောတူညီချက်ဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ရန်၊ လူ့အဖွဲ့အစည်း မျိုးနွယ်စုများ တစ်ဦးချင်းစီ၏ ဒြပ်မဲ့ယဉ်ကျေးမှုများကို လေးစားတန်ဖိုးထားဖို့ရန်၊ ဒေသတွင်းမှာ သော်လည်းကောင်း၊ နိုင်ငံတွင်းမှာသော်လည်းကောင်း ဒြပ်မဲ့ယဉ်ကျေးမှုများ အရေးပါကြောင်းကို သိရှိနားလည်စေရန်နှင့် အပြည်ပြည်ဆိုင်ရာ အထောက်အပံ့များပေးရန်ဆိုသည့် သဘောတူညီချက်ကို ဦးတည်၍ ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ပါးစပ်ရာဇဝင်ဖြင့် ဖော်ပြသည့် ဘာသာစကား၊ ဖျော်ဖြေတင်ဆက်မှု အနုပညာ၊ လူမှုရေး အစဉ်အလာနှင့်အလေ့အထ ရိုးရာဓလေ့ပွဲများ၊ သဘာဝစကြဝဠာ ဆိုင်ရာအယူအဆနှင့် ရိုးရာဓလေ့၊ ရိုးရာ လက်မှုအနုပညာတို့သည် UNESCO မှ ချပေးထားသည့်  ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ (Intangible Culture Heritage Tissue) နယ်ပယ် ၅ ခု ဖြစ်ကြောင်း ဒေါက်တာကျော်ဆွေညွန့်က ရှင်းပြသည်။
ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင်ရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုများ ဖော်ထုတ်ရေးအတွက် ၂၀၁၂-၂၀၁၃ ခုနှစ်ကစ၍ မြန်မာနိုင်ငံရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဌာနမှ ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ အမျိုးသားပြတိုက်ယဉ်ကျေးမှုမှ ပြည်နယ်မှူးများကို တာဝန်ပေးလိုက်ကြောင်းနှင့် နယ်ပယ် ၅ ခုနှင့် အကျုံးဝင်သော တိုင်းရင်းသားများ၏ ယဉ်ကျေးမှု စာရင်း ကောက်ယူခိုင်းခဲ့ကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၂-၁၃ ခုနှစ်မှ ၂၀၁၇-၁၈ခုနှစ်အတွင်း ကောက်ခံခဲ့သည့် စာရင်းအရ ပါးစပ်ရာဇဝင်နှင့် ပတ်သက်ပြီး ၁၁ခု၊ ဖျော်ဖြေတင်ဆက်မှုနဲ့ပတ်သက်ပြီး ၈၃ခု၊ လူမှုအစဉ်အလာဓလေ့နဲ့ ပတ်သက်ပြီး ၅၀ခု၊ သဘာဝစကြဝဠာနဲ့ပတ်သက်ပြီး ၁၃ခု၊ ရိုးရာလက်မှုပညာ  ၆၂ခု စုစုပေါင်း နယ်ပယ်ပေါင်း ၂၁၉ ခု စာရင်းကောက်ခဲ့ရကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့တွင် နေပြည်တော်၌ ပထမအကြိမ်အစည်းအဝေးပြုလုပ်ရာ ပြည်နယ်နှင့်တိုင်းအသီးသီးက တင်သွင်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုရှိကြောင်းနှင့် နိုင်ငံတော်အဆင့် ရွေးချယ်သင့်သည့် မနောင်ပွဲတော်နှင့် ရှမ်းပုရပိုက်အကြောင်းကို နိုင်ငံတော်အဆင့် သတ်မှတ်ပေးရန်နှင့် ဆက်လက်ပြီး နိုင်ငံတကာအဆင့်သို့ တင်သွင်းနိုင်ရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာကျော်ဆွေညွန့်က ပြောသည်။
“အခု မနောင်အကကို နိုင်ငံတော်အဆင့်က အသိအမှတ်ပြုပြီးပြီ။ နိုင်ငံတကာအဆင့်ရောက်ဖို့ သုတေတနတွေ အများကြီးလုပ်ရဦးမယ်”ဟု ၎င်းကပြောသည်။
ဒြပ်မဲ့ယဉ်ကျေးမှု မနောင်အကကို UNESCO တင်သွင်းရန်အတွက် ဗန်းမော်၊ မံစီ၊ မိုးမောက်စသည့် ဒေသများတွင် သုတေသနပြုလုပ်ပြီးသော်လည်း ကျန်ရှိနေသေးသည့် ပူတာအို၊ ဆွမ်ပရာဘွမ် စသည့် ဒေသများသို့ ဆက်လက်သုတေသနပြုလုပ်သွားရန် လိုအပ်ကြောင်းနှင့် မြစ်ကြီးနားမြို့ကို သုတေသနလုပ်ထုံး လုပ်နည်းအရ နောက်ဆုံးမှ သုတေသနပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကချင်ရိုးရာ မနောင်အကကို UNESCO စာရင်းဝင်ရန် ကြိုးစားနေချိန်တွင် သူပိုင်သည်၊ ငါပိုင်သည်ဟု ငြင်းခုံနေမည့်အစား ကချင်ပြည်နယ်သူ/သားများ၏ ယဉ်ကျေးမှုဖြစ်သည့် အတွက် ပူပေါင်းလုပ်ဆောင်သင့်ကြောင်းလည်း ဒေါက်တာကျော်ဆွေညွန့်က ပြောသည်။
  ကချင်လူမျိုးသည် မျိုးနွယ်စု ၆ စုရှိပြီး ယင်းမျိုးနွယ်စုများ၏ မနောင်တိုင်သည်လည်း တစ်ခုနှင့်တစ်ခုမတူညီကြသလို မနောင်အကလည်း မတူညီကြကြောင်းနှင့် ကချင်ရိုးရာ မနောင်အကကို UNESCO စာရင်းဝင်ရန်ပြုလုပ်ရာတွင် မျိုးနွယ်စု ၆စုမှ ဘုံသဘောတူညီမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယှဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က ပြောသည်။
“ကျွန်တော်တို့ သဘောက အဲသလိုရှိပါတယ်။ ဒီအရာက တော်တော်လေးသိမ်သိမ်မွေ့မွေ့လုပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။ သဘောမတူဘဲ တင်လိုက်တော့ ဇိုင်ဝါးက၊ ရဝမ်က ကျွန်တော်တို့က ဒီလိုမဟုတ်ဘူး၊ ဒီလိုဆိုရင် အဲဒါက အလကားဖြစ်သွားမှာ”ဟု ၎င်းကပြောသည်။
ကချင်လူမျိုးများသည် ခရစ်ယာန်ဘာသာဝင်ဖြစ်သွားကြပြီဖြစ်၍ ယခင်က နတ်ကိုးကွယ်သည့် အချိန်ကကခဲ့သည့်ပုံစံ မနောင်အကကို ယခုချိန်မှာ ပြန်ကသွားမည်ဆိုပါက မဖြစ်နိုင်ကြောင်း သိက္ခာတော်ရဆရာမရစ်ဘောက်ဆန့်က ပြောသည်။
“ကျွန်တော်တို့ ကချင်လူမျိုးရဲ့ အကဖြစ်တယ်လို့ UNESCO က သတ်မှတ်ပေးမယ်ဆိုရင်တော့ ဝမ်းသာတယ်”ဟု ပြောသည်။
၂၀၁၇-၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်သို့ ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်မှ ၂၂ ခုကို ပဏာမတင်သွင်းလိုက်ကြောင်း၊ ထိုသို့တင်သွင်းရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်  သာသနာရေးနှင့် ယဉ်ကျေးမှုဌာန၏ ညွှန်ကြားချက်ဖြင့် ကချင်ပြည်နယ် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု ဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မျိုးမြတ်မြတ်ပန်