မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတများ ပေါများစွာ ထွက်ရှိနေပြီး ကျောက်သံ ပတ္တမြား၊ သတ္တု၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ရွှေ၊ သစ် စသည့် သယံဇာတများကို ထုတ်ယူသုံးစွဲလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီလည်း ဖြစ်သည်။ သယံဇာတထုတ်ယူမှုများမှ ရရှိလာသော အကျိုးအမြတ် များက ပြည်သူ့ဘဏ္ဍာထဲသို့ စီးဝင်သည့် ပမာဏသည် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါသည်။
လက်ရှိအချိန်တွင်လည်း ထုတ်ယူနေဆဲ ဖြစ်သော်လည်း နိုင်ငံ့ဘဏ္ဍာအတွင်းသို့ အကျိုးအမြတ်များ စီးဝင်မှုသည် ယိုပေါက်၊ ဟာပေါက်များ များစွာရှိနေဆဲ ဖြစ်သည်။ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ် ဖားကန့်မှ ကျောက်စိမ်းတူးဖော်မှုများကို လေ့လာကြည့်မည်ဆိုပါက အထင်းသား တွေ့မြင်ရမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး Jadeite ကျောက်စိမ်းကို မြန်မာတစ်နိုင်ငံထဲကပင် ထွက်ရှိသည်။ အရည်အသွေးအမြင့်မားဆုံး Jadeite ကျောက်စိမ်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်က ထွက်ရှိနေသည်မှာ ကမ္ဘာကပင်သိရှိပြီး ဖြစ်သည်။ ထိုဒေသမှ ထွက်ရှိသော အရည်အသွေးမြင့် ကျောက်စိမ်းများကို တရုတ်နိုင်ငံမှ မက်မောစွာ ဝယ်ယူဆင်မြန်းကြသည်။
ထိုမျှ ရှားပါးလှသော အရည်သွေးမြင့် ကျောက်စိမ်းရတနာများ ထွက်ရှိနေသော်လည်း ဒေသခံတိုင်းရင်းသားများနှင့် အခြေခံလူတန်းစားနိုင်ငံသူ နိုင်ငံသားများမှာ ကျောက်စိမ်းမှ ရရှိသော အကျိုးအမြတ်များ ယနေ့အချိန်ထိ မခံစားကြရသလို ကျောက်စိမ်းနှင့်ပတ်သက်သော လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် မရရှိကြသေး။

သာမန်ပြည်သူများ လုပ်ကိုင်ခွင့် မရရှိစေရန်၊ မလုပ်နိုင်စေရန်လည်း ဥပဒေများ၊မူဝါများဖြင့် အထပ်ထပ်ကာဆီးထားသည်ကို တွေ့ရှိရသည် ။ ဖားကန့်မြို့နယ်၏ ဒေသခံတိုင်းရင်းသား ပြည်သူများ အပါအဝင် သန်းငါးဆယ်ကျော်သော နိုင်ငံသူနိုင်ငံသားများမှာ ကျောက်စိမ်းနှင့် ပတ်သက်သော အလုပ်အကိုင် အခွင့်အလမ်းများ ယနေ့အချိန်ထိ တရားဝင် လုပ်ပိုင်ခွင့်မရကြသေးပါ။ ပြည်သူများ ပါဝင်လုပ်ကိုင်နိုင်သည့် ဥပဒေနှင့် မူဝါဒများ ရေးဆွဲချမှတ်နိုင်ခြင်းလည်း မရှိသေးသည်ကိုလည်း တွေ့ရသည်။ ကျောက်စိမ်းနှင့် ပတ်သက်ပြီး ပြည်သူများ၏ ပါဝင်မှုများကို မဆလ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်မှစပြီး ချုပ်ကိုင်လာခဲ့သည်ကို တွေ့ရသည်။
ဦးနေဝင်း တော်လှန်ရေး ကောင်စီလက်ထက် ၁၉၆၄ခုနှစ် ဧပြီလတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ပြည်သူပိုင် သိမ်းပစ်ခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ အင်းယားလိပ် ဟော်တယ်၌ လဝက်ခန့်ကြာသော မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

၁၉၆၆ ခုနှစ်တွင် ကျောက်စိမ်းရတနာ နယ်မြေများကို ပုဂ္ဂလိကတူးဖော်ခွင့်မပြုတော့ဘဲ ကျောက်စိမ်းတွင်းစီမံကိန်း အမည်ဖြင့် နိုင်ငံပိုင်တူးဖော်ရေး လုပ်ငန်းအဖြစ် စတင်လုပ်ကိုင်လာခဲ့သည်။ ဖားကန့်ကြီးမှော်၊ လက်မကုန်းမှော်၊ ကြက်တစ်ကောင်ကုန်းမှော်၊မှော်တောင်းမှော်တို့တွင် စက်ကျင်း၊ လက်ကျင်းများတူး၍ ကျောက်ရောင်းရငွေ၏ ၂၅ ရာခိုင်နှုန်းကို လုပ်အားစုအဖြစ်ပေးကာ တူးဖော်ခဲ့သည်။ ၁၉၆၉ ခုနှစ် ဇွန်လတွင် ပုဂ္ဂလိကကျောက်စိမ်း ရောင်းဝယ် ထုတ်လုပ်မှုကို ပိတ်ပင်တားမြစ်ခဲ့သည်။ ၂၅ ရာခိုင်နှုန်းလုပ်အားစုပေးသည့် စနစ်ကို ၁၉၇၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

ထို့နောက် ၈၈ အရေးအခင်းပြီး နောက်ပိုင်း တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ကျောက်စိမ်းတွင်းလုပ်ကွက် ၁၄၀၇ ကွက်ကို ဟင်းလင်းဖွင့် တူးဖော်သည့် စနစ်ဖြင့် နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ မိုးရာသီကုန်သည့် အချိန်တွင် ဥရုချောင်းအတွင်း ပိတ်တန်းများ ပိတ်ကာ တူးဖော်စေခဲ့သည်။
၁၉၉၂ ခုနှစ် နောက်ပိုင်းမှစပြီး ဖားကန့်၊ လုံးခင်း၊ ခန္တီး ရတနာနယ်မြေရှိ ကျောက်စိမ်းလုပ်ကွက် အားလုံးကို တပ်မတော်မှ အများဆုံး ပိုင်ဆိုင်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်မှ လွဲပြောင်း ရယူခဲ့တော့သည်။ ၁၉၉၅ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေ ရေးဆွဲ ပြဌာန်းခဲ့သည်။ ထိုနှစ် အောက်တိုဘာလ ပထမပတ်တွင် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေကို ရေးဆွဲပြဌာန်းခဲ့သည်။

ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကို လူနည်းစုကသာ ချုပ်ကိုင်ထားသည်။၁၉၉၄ ခုနှစ်တွင် တပ်မတော်နှင့် KIA ငြိမ်းချမ်းရေး စာချုပ်ဆိုခဲ့သည်။ ကျောက်မျက်ဥပဒေနှင့် နည်းဥပဒေများ ရေးဆွဲပြီးနောက်ပိုင်း ကျောက်စိမ်းအရိုင်း တူးဖော်လုပ်ကိုင်မည့် လုပ်ငန်းရှင်များကို ကုမ္ပဏီ၊သမအသင်းများ တည်ထောင်ကာ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ နိုင်ငံတော်မှလည်း ကျောက်စိမ်း ထွက်ရှိနိုင်သည့် မှော်ဒေသများကို ကျောက်စိမ်းလုပ်ကွက်များ အကွက်ရိုက် သတ်မှတ်၍ တရားဝင် ဈေးပြိုင်အဆိုပြုလွှာ ခေါ်ယူပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။

ကုမ္ပဏီများမှ တူးဖော်ရန် အဆိုပြုသည့် ကျောက်စိမ်းထွက်ရှိရာ မှော်များကို ဖော်ထုတ်လုပ်ကွက် အဖြစ် သတ်မှတ်ပေးပြီး လုပ်ကိုင်စေခဲ့သည်။ နိုင်ငံတော်မှ ကျောက်စိမ်း ရောင်းရငွေမှ အခွန်ကောက်ရုံမှ တစ်ပါး အမြတ်ဝေစု တစ်ပြားတစ်ချပ်မှ မယူခဲ့။ တူးဖော်ရရှိသော ကျောက်စိမ်းအရိုင်းတုံးများ ပြည်ပသို့ တရားမဝင် ခိုးထုတ်မသွားနိုင်ရန် လုံးခင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ခန္တီးရှိ ကျောက်စိမ်းတူးဖော်ရေး ဌာနများတွင် တန်ဖိုးဖြတ် အဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ ထွက်ရှိလာသော ကျောက်စိမ်း အရိုင်းတုံးများကို တန်ဖိုးဖြတ်၍ ရတနာခွန်(တွင်းဝခွန်) ပေးဆောင်စေပြီး အရည်သွေးကောင်းမွန်သော ကျောက်စိမ်း အရိုင်းတုံးများကို ကျောက်စိမ်းတူးဖော်ရေးဌာန ရန်ကုန်(ရုံးချုပ်)သို့ ပို့ဆောင်စေခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ငြိမ်းချမ်းရေးစာချုပ်ဆိုခဲ့သည် ဖက်စပ်လုပ်ငန်းများကို ၁၉၉၀ မှ ၁၉၉၅ အထိ ခြောက်နှစ် လုပ်ကိုင်ခဲ့ပြီး ကျောက်စိမ်းအရိုင်း တန်ချိန် (၁၂၂၆)တန် ထုတ်လုပ်ခဲ့ပြီး ကျောက်မျက်ရတနာ ပြပွဲ (၁၂)ကြိမ် ကျင်းပခဲ့သည်။

၁၉၉၅ ခုနှစ် အရောက်မှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းခဲ့သည်။ ပုဂ္ဂလိကနှင့် သမအသင်းများဖွဲ့ကာ ဖော်ထုတ်လုပ်ကွက်များ သတ်မှတ်လုပ်ကွက်များ ဖြင့် တူးဖော်ခွင့် ပြုခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး အဖွဲ့အစည်းပိုင် ကုမ္ပဏီများ၊ စစ်တပ်ပိုင်ကုမ္ပဏီများ၊ အမေရိကန်နိုင်ငံမှ black list စာရင်းသွင်းခံထားရသည့် မူးယစ်ရာဇာများ ပိုင်ဆိုင်သော ကုမ္ပဏီများစသည့် ကုမ္ပဏီကြီး(၉)ခုကို ဒိတ်ဒိတ်ကြဲ ကျောက်စိမ်းကြောကြီးများရှိသည့် ဖားကန့်ကြီးမှော်၊ မမုံမှော်၊ မက်လင်ချောင်မှော်၊ ကရင်ချောင်မှော်များတွင် နိုင်ငံတော်နှင့် အကျိုးတူ ခေါင်းစဉ်အောက် လုပ်ကွက်ကြီးများ ချပေးခဲ့သည်။

၂၀ဝ၀ ခုနှစ်မှ ၂၀ဝ၃ ခုနှစ်အတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပေါင်း သုံးရာကျော်ကို ဖော်ထုတ်လုပ်ကွက် (သတ်မှတ်လုပ်ကွက်)(၂၆၃၈)ကွက် တူးဖော်ခွင့်ပြုခဲ့သည်။ ၂၀ဝ၄ ခုနှစ်မှာ ဖော်ထုတ်လုပ်ကွက်များကို နိုင်ငံတော်က လျှောက်ထားတူးဖော်ခွင့် မပြုတော့ဘဲ အမိန့်ကြော်ငြာစာများဖြင့် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေ၊မော်လူး၊ မော်ဟန် ရတနာနယ်မြေဟူ၍ ရတနာနယ်မြေအဖြစ် အကျယ်အဝန်း ဧရိယာ သတ်မှတ်ချက်မရှိဘဲ ထုတ်ပြန်ခဲ့သည်။

၂၀ဝ၇ ခုနှစ်တွင် ကုမ္ပဏီနှင့် သမအသင်းများကို လုပ်ကွက်အသစ်ထပ်မံ ချထားပေးခြင်း မရှိတော့ဘဲ နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကွက်များကိုသာ စိစစ်လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက် (၈)ကွက်သာရှိခဲ့ရာမှ ၂၀ဝ၇ ခုနှစ်တွင် အကျိုးတူ လုပ်ကွက်ပေါင်း(၅၀)အထိ တိုးချဲ့သတ်မှတ်လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ကျောက်စိမ်းတန်ချိန်ပေါင်း(၁၀၉၉၁) တန်ကျော်ကို ထုတ်လုပ်နိုင်ခဲ့သည်။

ဖားကန့် ရတနာနယ်မြေတွင် အကျိုးတူလုပ်ကွက်များကိုသာ စိစစ်ခွင့်ပြုခြင်း၊ အကျိုးတူ တူးဖော်မှုများသည် စက်ယန္တရားကြီးများကို အသုံးပြုလာရခြင်းတို့ကြောင့် ငွေကြေး မတတ်နိုင်သော ကုမ္ပဏီငယ်လေးများသည် ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ရန် အခက်ကြုံလာခဲ့ရသည်။ ၎င်းကုမ္ပဏီများအတွက် ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်မှ ခန္တီးရတနာနယ်မြေ၊ မော်လူး၊ မော်ဟန် ရတနာနယ်မြေများတွင် ဖော်ထုတ်လုပ်ကွက်ပေါင်း (၆၃၀ဝ) ကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။

၂၀ဝ၇ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုက မြန်မာ့ကျောက်စိမ်း လောကကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်သာမက အရည်အသွေးမြင့် အကောင်းဆုံး Jadeite ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်၊ ခန္တီး၊ မော်လူး၊ မော်ဟန်ဒေသတို့မှာလည်း ထိုအချိန်မှစ၍ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ စတင်ပျက်စီးလာခဲ့သည်ဟုလည်း ဆိုနိုင်သည်။

သယံဇာတ တူးဖော်မှု လုပ်ငန်းများတွင် ပြည်ပမှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို ခွင့်ပြုမထားသော်လည်း ဥပဒေလက်တစ်လုံးခြားဖြင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီအမည်ခံကာ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များမှ ကျောထောက်နောက်ခံပြု ငွေကြေးရင်းနှီးစိုက်ထုတ်သော ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မော်လူး/မော်ဟန် ရတနာနယ်မြေ ဒေသများတွင် အပြိုင်းအရိုင်း ပေါ်ထွက်လာခဲ့တော့သည်။

ထို့ပြင် ယခင်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ဖူးခြင်း မရှိသည့် ဦးတေဇပိုင် “ထူး” လုပ်ငန်းစု ကုမ္ပဏီခွဲများ၊ ဦးဇော်ဇော်ပိုင်ဆိုင်သော မက်စ်မြန်မာကုမ္ပဏီများ၊ KBZ ဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းပိုင်ဆိုင်သော ကုမ္ပဏီများ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမိသားစု ပိုင်ဆိုင်သော ကြိုင်အင်တာနေရှင်နယ်ကဲ့သို့သော ပြည်တွင်းလုပ်ငန်းရှင် ကုမ္ပဏီပေါင်းများစွာသည် ကျောက်စိမ်း လောကထဲသို့ ခြေစုံပစ် ဝင်ရောက်လုပ်ကိုင်လာခဲ့သည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ်တစ်နှစ်တည်းတွင် ကချင်ပြည်နယ်ရှိ လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ ခန္တီး (စစ်ကိုင်းတိုင်း)၊ တနိုင်း၊ ပူတာအိုဒေသများတွင် ပုဂ္ဂလိကလုပ်ကွက်ပေါင်း တစ်သောင်း သုံးထောင်ကျော်နှင့် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်ပေါင်း (၂၀ဝ)ကျော်ကို ကုမ္ပဏီ(၇၂၉)ခု ဝင်ရောက်လုပ်ကိုင်ခွင့် ပြုခဲ့သည်။

ယင်းနောက်ပိုင်းတွင် ကုမ္ပဏီများ အဆမတန်များပြားလာခဲ့သလို လုပ်ငန်းသုံး စွမ်းဆောင်ရည်မြင့် ယန္တရားများလည်း အဆမတန်များပြားလာခဲ့သည်ကို တွေ့လာရသည်။ ကုမ္ပဏီပေါင်း(၇၂၉)ခုကို ယန္တရားမျိုးစုံအစီးရေပေါင်း (၈၃၀ဝ)စီးအထိ အသုံးပြုခွင့်ပေးခဲ့ရသည်။ ဖော်ပြပါကုမ္ပဏီ အများစုသည် ကျောက်စိမ်းများထွက်ရှိရာ လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ ခန္တီး ရတနာနယ်မြေများတွင်သာ အများဆုံး လုပ်ကိုင်လာခဲ့ကြသည်။ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေများတွင် ကုမ္ပဏီ အားလုံး၏ (၈၀)ရာခိုင်နှုန်း လုပ်ကိုင်လာကြခြင်း ဖြစ်သည်။

၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းပြီး နောက်ပိုင်း ၂၀၁၀ ခုနှစ်အတွင်း ပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမအသင်းများ၏ လုပ်ကွက်များမှ ကျောက်စိမ်းအရိုင်းတန်ချိန် (၁၅၇၉၂) တန် ထုတ်လုပ်ခဲ့ပြီး ရတနာခွန်အဖြစ် ကျပ်သိန်းပေါင်း (၁၁၆၁၂၁) ကောက်ခံရရှိခဲ့သည်။ ၂၀ဝ၁ ခုနှစ် နောက်ပိုင်းတွက် နိုင်ငံတော်နှင့်အကျိုးတူး လုပ်ကွက်များမှ ကျောက်စိမ်းအရိုင်းတန်ချိန် (၃၇၃၂၂)တန် ထုတ်လုပ်ခဲ့ပြီး ရတနာခွန်အဖြစ် ကျပ်သိန်းပေါင်း (၂၀ဝ၉၈) ကောက်ခံရရှိခဲ့သည်ဟု သတ္တုတွင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။

၂၀၁၁ ခုနှစ် မတ်လတွင် ပထမဆုံးအကြိမ် နေပြည်တော်၌ ကျင်းပပြုလုပ်သော မြန်မာ့ကျောက်မျက် ရတနာပြပွဲ (Emporiom) သည် ကြောက်ခမန်းလိလိ စံချိန်တင် ရောင်းချနိုင်ခဲ့သည်။

ထိုပြပွဲမှာ အမှတ်စဉ် (၄၈)ကြိမ်မြောက် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလီလျံ(၂.၈)သန်းနီးပါး ရောင်းချခဲ့ရပြီး ပြပွဲသမိုင်းတစ်လျှောက်တွင် စံချိန်တင် ရောင်းချခဲ့ရသည် ဟုလည်း မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းကဆိုပါသည်။

အဆိုပါပြပွဲပြီး နောက်ပိုင်းတွင် နိုင်ငံခြားဝင်ငွေရရှိမှုအပေါ် ကုမ္ပဏီ၊ သမအသင်းများ သွားရေယိုလာကြပြီး အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့်ကုမ္ပဏီများကပါ အာရုံစိုက်လာကြပြီး နိုင်ငံတော်နှင့်အကျိုးတူ လုပ်ကွက်သစ်များ လျှောက်ထားမှု ပိုမိုများပြား လာခဲ့သည်။ ယခင်ကာလ တစ်လျှောက်လုံး ဖားကန့်ရတနာနယ်မြေရှိ ပျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို သတ္ထုတွင်း ဝန်ကြီးဌာန(လုံးခင်း)မှ ကြီးကြပ်ညွှန်ကြား ဆောင်ရွက်ခဲ့သော်လည်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ ပိုမိုများပြားလာသည့်အတွက် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများနှင့် ရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ၂၀၁၁ မေလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်း ( ဖားကန့် ရုံးခွဲ ) ဖွဲ့စည်း တည်ထောင်ပေးခဲ့သည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရတက်လာပြီး ၂၀၁၁ ခုနှစ် ဇွန်လ(၉) ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ၁၇ နှစ်ကြာ သေနတ်သံတိတ်နေခဲ့သော ကချင်ပြည်နယ်သည် စစ်မီး ဟုန်းဟုန်းတောက်ကာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး သဘောတူစာချုပ်လည်း ပျက်ပြယ်ခဲ့ရတော့သည်။ ကချင်ပြည်နယ် တိုက်ပွဲများကြောင့် ၃၀.၅.၂၀၁၂ ရက်နေ့တွင် လုံးခင်း၊ဖားကန့် ရတနာနယ်မြေရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ အားလုံးကို နိုင်ငံတော်အစိုးရမှ တရားဝင် ရပ်နားခိုင်းခဲ့ရသည်။

ထိုကာလမှ စပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်မရကြသော ဒေသခံကြောမွဲ လူတန်းစားတို့၏ ရွှေခေတ်ကို ရောက်ခဲ့ရသည် ဆိုလျှင် မမှားပေ။ ကုမ္ပဏီများမှ စွန့်ပစ်မြေစာပုံတွင် ရှာဖွေစားသောက်ခဲ့ကြရသော ရေမဆေးများသည် ကုမ္ပဏီများ ရပ်နားထားသောကြောင့် အလုပ်အကိုင်မရှိ ဖြစ်ကုန်ကြသည်။

စားဝတ်နေရေး တစ်စတစ်စ ကျပ်တည်းလာကြသည်။ ရက်ရှည်လာသောအခါ သံတိုင်(သံတူရွင်း) ပေါက်ပြားကိုင်ကာ စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် တူးဖော်လာကြသည်။ ရပ်နားထားသော ကုမ္ပဏီ လုပ်ကွက်များအတွင်း ဝင်ရောက်တူးဖော်လာကြသည်။ စားဝတ်နေရေးများ အဆင်ပြေလာသည်သာမက မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် တိုက်ဆောက် ကားစီး နေထိုင်နိုင်လာကြသူများ အများအပြားပင် ရှိခဲ့သည်။ အဆင်ပြေကြသူများမှ တစ်နွယ်ငင်တစ်စင်ပါ တစ်ပိုင်တစ်နိုင် တူးဖော်သူများ များပြားလာခဲ့သည်။ စစ်ဦးဘီလူးကာလ ဆိုသည့်အတိုင်း တရားဥပဒေစိုးမိုးရေးသည် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ သေနတ်ပြောင်းဝသို့ ဦးတည်လာခဲ့ရတော့သည်။

တစ်ပိုင်တစ်နိုင်များ ကျောက်စိမ်း ကောင်းကောင်း ရောင်းရလျှင်ရောင်းရငွေမှ ဆယ်ရာခိုင်နှုန်း KIA ကို အခွန်ဆောင်ရသည်။ မြန်မာ့တပ်မတော်မှ ကျောက်ရလျှင် သိမ်းဆည်းသွားတတ်သည်။နောက်ပိုင်းတွင် KIA မှလည်း သိမ်းယူမှုများ ရှိလာခဲ့သည်။ ထိုသို့ သိမ်းသွားလျှင်လည်း ကျောက်ပိုင်ရှင်များမှာ အသာတကြည် ကြည့်နေရုံမှလွဲ၍ ဘာမျှ အထွန့်မတက်နိုင်။

တရားဥပဒေ စိုးမိုးမှုသည် နည်းသထက် နည်းလာပြီး တစ်ပိုင်တစ်နိုင် ကျောက်စိမ်း တူးဖော်သူများက များသထက် များလာသည်။ ကုမ္ပဏီများမှ ပျောက်ဂိုဒေါင်များကို လူစုလူဝေးဖြင့် ဖောက်ထွင်းလာကြသည်။ ရပ်နားထားသော စက်ယန္တရားများမှ အဖိုးတန်ပစ္စည်းများကို ဖြုတ်ယူလာကြသည်။ ဆီသိုလှောင်ကန်များမှ ဆီများကို ဖောက်ယူသည်။ အလဟဿဖောက်ချပစ်သည်။ မီးရှို့ဖျက်ဆီးလာသည်။ မင်းမဲ့စရိုက်ဆန်ဆန် ကျင့်သုံးလာကြသည်။

ကုမ္ပဏီကြီးများ၏ ခေတ်အဆက်ဆက် ဒေသခံနှင့် အခြေခံလူတန်းစားများ အပေါ် စစ်အာဏာရှင်နှင့် ပေါင်းစည်း ဖိနှိပ်ခဲ့မှုများကို ကုမ္ပဏီများအပေါ် နာကြည်းသူအချို့က မင်းမဲ့စရိုက်ဆန်ဆန် တုံ့ပြန်မှုမှ စတင်ခဲ့သော မီးပွားသည် ယနေ့အချိန်ထိ မငြိမ်းနိုင်သေးပေ။ ကုမ္ပဏီပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ကုမ္ပဏီပိုင်အဆောက်အအုံများအတွင်း လူအုပ်စုဖြင့် ဝင်ရောက်လုယူခြင်း ကဲ့သို့သော ဖြစ်စဉ်ပေါင်း(၁၉)ကြိမ် ဖြစ်ခဲ့သည်။ ကျောက်စိမ်းအရိုင်းတုံးများ သိုလှောင်ထားသော ဂိုထောင်များကိုပါ အုပ်စုဖွဲ့ဖောက်ထွင်း လုယူခဲ့သောကြောင့် ဖြစ်သည်။


၂၀၁၄ စက်တင်ဘာလ ၁ရက်နေ့တွင် ၂၇ လကြာ ရပ်နားထားခဲ့ရသော ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အစိုးရမှ ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှ စပြီး လုံးခင်း၊ ဖားကန့် ရတနာနယ်မြေသည် မီးလောင်တိုက်အသွင်းခံရသည်ဆိုလျှင် မမှားပေ။ တူးဖော်ရေး ကုမ္ပဏီများသည် ယခင်ကဲ့သို့ ဖြည်းဖြည်းတူး ဖြည်းဖြည်းရှာစနစ်ကို အသုံးမပြုတော့ပဲ စွမ်းဆောင်ရည်မြင့် ယန္တရားများကို အလျင်အမြန် မှာယူတင်သွင်းလာပြီး နေ့မအားညမနား နေ့ဆိုင်း ညဆိုင်းများဖြင့် ၂၄ နာရီပတ်လုံး လုပ်ကိုင်လာကြသည်။

ကျောက်စိမ်းတောင်များ အချိန်တိုအတွင်း ပျက်စီးလာသည်။ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရသည်။ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် စွန့်ပစ်မြေစာပုံပြိုကျမှု၊ လုပ်ကွက်အတွင်း ကျောက်ကမ်းပါး ပြိုကျမှု စုစုပေါင်း(၄၁)ကြိမ် ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အလောင်းပေါင်း (၂၀ဝ)ထက် မနည်းရှာဖွေဖော်ယူနိုင်ခဲ့သည်ဟု ဖားကန့်မြို့နယ်၏ ရဲစခန်းမှတ်တမ်းများအရ သိရပါသည်။

ကျောက်စိမ်း တူးဖော်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ခြုံငုံသုံးသပ်ကြည့်လျှင် ဒေသခံ တိုင်းရင်းသားနှင့် အခြေခံလူတန်းစား နိုင်ငံသူ၊နိုင်ငံသားများသည် ကျောက်စိမ်းတူးဖော်ခြင်း၊ ရောင်းချခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ခွင့်မရကြောင်း အထင်အရှား တွေ့ရသည်။

ကျောက်စိမ်းနှင့် ပတ်သက်သော လုပ်ငန်းများကို တပ်မတော် အသိုင်းအဝိုင်း အလိုရှိနေသော မူးယစ်ရာဇာများ၊ ခရိုနီများကသာ ထိန်းချုပ် လုပ်ကိုင်နေကြောင်းကို ဗြိတိန်အခြေစိုက် Global Witness ကအတိအလင်း ဖွင့်ချပြခဲ့သည်။ ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေမှုများ၏ နောက်ကွယ်မှ စီးပွားရေးသမားများကို ခြေရာခံ ဖော်ထုတ်ပေးနေသည့် အင်္ဂလန်နိုင်ငံ အခြေစိုက်Global Witness မှ ထုတ်ပြန်ထားသော ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် အတိအလင်း ဖော်ပြခဲ့သည်။

တစ်ဖန် ၂၀၁၄ ခုနှစ် အတွင်း အိမ်နီးချင်းတရုတ်နိုင်ငံထဲသို့ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ တင်ပို့ ရောင်းချမှုသည် ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံဖိုးရှိသည်ဟု ဖော်ပြထားသည်။ ထိုပမာဏသည် ၂၀၁၄ ခုနှစ် မြန်မာတစ်နိုင်ငံလုံး GDP ၏ ၄၈ ရာခိုင်နှုန်း ရှိသည်။ တစ်နိုင်ငံလုံး၏ ကျန်းမာရေး အသုံးစရိတ် ၄၆ ဆ ရှိကြောင်း ကျွမ်းကျင်သူများက ဆိုထားသည်။ အမှန်စင်စစ် ထို ၂၀၁၄ ခုနှစ်သည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကို ဒေသတွင်း စစ်ပွဲများကြောင့် နိုင်ငံတော်မှ တရားဝင် ရပ်နားထားခိုင်းသည့်နှစ် ဖြစ်သည်။

ကျောက်စိမ်းနှင့် ပတ်သက်သော ကဏ္ဍအသီးသီးသည် ယနေ့ချိန်ထိ လျှို့ဝှက်ချက်အကြီးကြီး (Big Secret)ဖြစ်နေဆဲ ဖြစ်သည်။ မည်သည့်ကိစ္စမျှ ပွင့်လင်းမြင်သာမှုမရှိသေးပေ။ စနစ်ဟောင်း၊မူဝါဒ အဟောင်းများကို ယခင် လူဟောင်းများကပင် လူနည်းစုအတွက်သာ အကျိုးရှိသော၊ မှားယွင်းသော မူဝါဒယန္တရားကို မောင်းနှင်နေဆဲဖြစ်သည်။ ထို့ကြောင့်ပင် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “ကျောက်စိမ်းကဏ္ဍကို လူဟောင်းတွေချည်းပဲ ကြီးစိုးလုပ်ကိုင်နေလျှင် တိုးတက်လာစရာ အကြောင်းမရှိဘူး”ဟု အတိအလင်း ပြောဆိုခဲ့ပါသည်။

နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်ပေါင်း ၂၁၆ ကွက်၏ ဧကပေါင်း ၈၀ဝ၀ နီးပါးကို တစ်ရာပင် မပြည့်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ(လုံးခင်း)ရှိ ဝန်ထမ်း အချိုးအစားနှင့် တွက်လျှင် အဆမတန် ကွာခြားနေသည်ကို တွေ့ရသည်။ ဖားကန့်ရတနာနယ်မြေရှိ သယံဇာတရုံးများတွင် ညွှန်ကြားရေးမှူးမှ အောက်ခြေရုံးဝန်ထမ်းအထိ ဝန်ထမ်း တစ်ရာရှိလျှင်ပင် ဧကပေါင်း ရှစ်ထောင်နီးပါးကို ဧကပေါင်း ၇၉၀ဝ ထားပြီး အချိုးချကြည့်ပါက တစ်ယောက်လျှင် ၇၉ ဧကကို ကြီးကြပ်ရမည်။ ပုဂ္ဂလိက လုပ်ကွက်များ မပါသေးပေ။ ပုဂ္ဂလိက လုပ်ကွက် ၄၀ဝ၀ ကျော် ကျန်ရှိနေသေးသည်။ ဝန်ထမ်းအများစုသည် ကျောက်စိမ်းကို ကျွမ်းကျင်သူ အနည်းငယ်သာ ပါဝင်သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သယံဇာတ စီမံမှုများကို အဆင့်သတ်မှတ်ချက် ပြုစုရန် ဆန်းစစ်ခဲ့သည့် နိုင်ငံများတွင် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားရသူပေါင်း ၁.၈ ဘီလျံရှိသည်။ ထိုလူဆင်းရဲများထဲမှ ထက်ဝက်ခန့်သည် သယံဇာတစီမံမှု အားနည်းခြင်း၊ ညံ့ဖျင်းခြင်းသို့မဟုတ် ဖရိုဖရဲဖြစ်နေသည့် နိုင်ငံများတွင် နေထိုင်ရှင်သန်နေကြရသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် NRGI (Natural Resource Governance Institute)မှ ဆိုပါသည်။

ကျောက်စိမ်းနှင့် ပတ်သက်သော မူဝါဒများ၊ ဥပဒေများ၊ လုပ်ငန်းများကို ခြုံငုံသုံးသပ်ကြည့်လျှင် အစဉ်အဆက်တစ်လျှောက်လုံး လူတစ်စုကသာ စိုးမိုးခြယ်လှယ် လုပ်ကိုင်လာခဲ့ကြောင်းကို လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ပေါ်လွင်ထင်ရှားနေပါသည် ။ ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ပါဝင်မှု ရာခိုင်နှုန်း လွန်စွာ နည်းပါးနေသည်။

တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံ ကုမ္ပဏီများ ပိုမိုကြီးစိုးများပြားလာသည်။ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ပြည်တွင်းခရိုနီများ သြဇာလွှမ်းမိုးမှု ကြီးထွားလာသည်။ ကျောက်စိမ်းလုပ်ငန်းစဉ် ယန္တရားတစ်ခုလုံးရှိ ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများ ဆိုးဆိုးရွားရွားဖြစ်လာသည်။

နိုင်ငံတော်က ပေးလိုက်ရသည့် ကျောက်စိမ်းတောင် ပမာဏသည် အကျိုးအမြတ်ထက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ကျောက်စိမ်းများ အလဟဿ ဖြုန်းတီးပျက်စီးမှုကဲ့သို့သော ဆုံးရှုံးမှုပမာဏကသာ များပြားလွန်းနေသည်ကို တွေ့ရသည်။ကျောက်စိမ်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်တွင် လုပ်ငန်းရှင်နှင့်မူဝါဒ၊ ဥပဒေယန္တရားပေါ်မှ ဝန်ထမ်းများသာ သပိတ်ဝင် အိတ်ဝင် ဘီလျံနာသူဌေးများ အဖြစ် ချမ်းသာကြွယ်ဝ သွားကြသည်။

“နိုင်ငံတော်နှင့်အကျိုးတူ”ဆိုသည့် နာမည်လှလှအောက်တွင် လူလုံးမလှ မွဲပြာကျနေသည်မှာ ကမ္ဘာအသိပင် ဖြစ်ပါသည်။ ဒါကိုပင် အားမရကြသေးဘဲ မသမာသူတချို့ကရေးဆွဲနေဆဲ ၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေရေးဆွဲရာတွင် ဂျမ်းတုံးခုနေကြသည်။
နိုင်ငံသူ နိုင်ငံသားတိုင်း လုပ်ကိုင်ခွင့် မရစေရန်ခေတ်အဆက်ဆက် ရေးဆွဲပြဌာန်းထားသော ဥပဒေများက တားဆီးနေခဲ့သည်။ တရားဝင် တူးဖော်လိုလျှင် ကုမ္ပဏီထောင်မှ တူးဖော်ခွင့်ရမည်ဖြစ်သည်။ ကုမ္ပဏီသည် စားဝတ်နေရေးကြပ်တည်းလှသော ဒေသခံတိုင်းရင်းသားနှင့် အခြေခံလူတန်းစား ပြည်သူများအဖို့ စိတ်ကူးယဉ်ရန်ပင် အဆင်မပြေလှပါ။

ကချင်ပြည်နယ်အတွင်းက ရတနာနယ်မြေများ ဖြစ်သည့် ဖားကန့်၊ လုံးခင်း၊ နန့်ယား၊ တာမခံ၊ ဟောင်ပါးစသည့် နေရာများတွင် အခြေခံလူတန်းစား ပြည်သူများအတွက် လက်လုပ်လက်စား ကျောက်မျက်နှင့် ရွှေလုပ်ကွက်တွေ ချထားပေးတော့မည်ဟု ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလှဆိုင်းက ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့က ပြောဆိုခဲ့သည်။

လက်လုပ်စားများ အတွက် မှော်ပေါင်း (၂၆) မှော်တွင် ချထားပေးမည်ဖြစ်ပြီး လူတစ်ဦးလျှင် ကျောက်မျက်လုပ်ကွက် သုံးကွက်အထိ မှော်မတူဘဲ လျှောက်ထားနိုင်သည်။ လုပ်ကွက် တစ်ဧကလျှင် ကျပ်ငါးသိန်း နိုင်ငံတော်ကို အခွန်ဘဏ္ဍာအဖြစ်ပေးသွင်းရမည် ဖြစ်ပြီး လုပ်ကွက်များကို လျှောက်ပြီးလျှင် လျှောက်ထားသူ ကိုယ်တိုင် လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်ပါးသူထံ လက်လွှဲ လုပ်ခိုင်းတာခြင်း၊ တစ်ဆင့်ခံ ရောင်းစားခြင်းများမပြုရကြောင်း ဝန်ကြီးက ဆိုသည်။

လက်လုပ်လက်စားလုပ်ကွက်တွေကိုတော့ ဖားကန့်မြို့အနီးက ကျောက်စိမ်းနဲ့ ရွှေထွက်တဲ့ နမ္မဖြစ်၊ မလန်း၊ ဂျန်ဂတ်၊ လွယ်တောင်၊ အလားတူပင် ကျောက်စိမ်းနှင့်ရွှေထွက်သည့် တာမခံရွာအနီးရှိ ရှင်တထောင်၊ ကြေးသီး၊ ခိုမ၊ ခေါက်ခေါ့၊ ချောပြင်၊ မှော်လုံ၊ နန့်စပိန်း၊ တာမခံ၊ နတ်ရေတောင်၊ ဟောင်ပါး၊ ပတ္တမြားထွက်သည့် နန့်ယားကျေးရွာ အနီးရှိ လဘော်၊ လခ၊ ကပ်မှော်ဇွပ်၊ ခွန်စိုင်ဇွပ် စသည့်မှော်များတွင် ချပေးသွားမည် ဖြစ်ပါသည်။

မှော်ပေါင်း (၂၆) မှော်ကလုပ်ကွက်ပေါင်း (၇၇၄၀)ကွက် ချထားပေးမှာ ဖြစ်ပြီးတော့ လုပ်ကွက် တစ်ကွက်ဟာ တစ်ဧကဖြစ်ပြီး မြင်းကောင်ရေ (၂၅)ကောင်အား အင်ဂျင်တွေနဲ့ လေဖောက်စက်တွေကို အသုံးပြုခွင့်ပေးထားပြီး၊ မြေစာပစ်ဖို့ သုံးဘီးနဲ့ လက်တွန်းလှည်းတွေကို အသုံးပြုခွင့် ပေးသွားမှာပါ။

ပြည်နယ်အစိုးရမှ အခြေခံ လူတန်းများအတွက် လုပ်ကိုင်ခွင့်ပြုရန် လျာထားသတ်မှတ်ပြီးသော ကျောက်မျက်လုပ်ကွက် နေရာများသည် တရားမဝင် တူးဖော်ပြီးသည့်နေရာများ ဖြစ်နေသောကြောင့် အခြေခံလူတန်းစားများအတွက် အဆင်မပြေ ဖြစ်နေသည်။ လက်ရှိ တူးဖော်လုပ်ကိုင်နေသော ကျောက်စိမ်းကြောများရှိသည့်နေရာကို မည်သည့်သဘောကြောင့် မပေးသည်ကို သိလိုနေကြသည် ။
မည်သို့ပင် ဆိုစေကာမူ ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်တွင် ၇၀ ရာခိုင်နှုန်းကျော် ဈေးကွက် အသာစီးရထားသော်လည်း ပင်မကျောက်စိမ်းထွက်ရှိသောနိုင်ငံတော်နှင့် ပြည်သူပြည်သားများမှာ တောက်ပြောင်မလာသေးပေ။ ဒေသခံဌာနေတိုင်းရင်းသားများနှင့်အခြေခံ လူတန်းစားများမှာ ကျောက်စိမ်းအရိုင်းတုံးကိုပင် တရားဝင် ကိုင်ဆောင် ရောင်းဝယ်ခွင့် မရကြသေး။

ခေတ်အဆက်ဆက် အုပ်ချုပ်သူ အစိုးရမင်းများသည် မှားယွင်းသော မူဝါဒများဖြင့် သယံဇာတ ထုတ်ယူရေး ယန္တရားကြီးကို မောင်းနှင်ခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။ လေလွင့်ပျောက်ရှမှုများနှင့် ယိုပေါက်ဟာပေါက်များကို ထိထိရောက်ရောက် ဖာထေးပြုပြင်ခြင်း အလျဉ်းမရှိသည်ကိုလည်း တွေ့ရသည်။

ကျောက်စိမ်း ထွက်ရှိရာနယ်မြေမှ သယံဇာတများသည် ဆုံးရှုံးသင့်တာထက် အဆမတန် ဆုံးရှုံးခဲ့ရပြီး နိုင်ငံတကာ အလယ်တွင်လည်း မျက်နှာကောင်းမရခဲ့ပေ။ နိုင်ငံတော်နှင့် နိုင်ငံသူ/သားများမှာလည်း သယံဇာတ ထုတ်ယူမှုမှ ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ခံစားခဲ့ကြရပြီး လက်တစ်ဆုပ်စာ လူတစ်စုသာလျှင် ဘီလျံနာသူဌေးများ ဖြစ်သွားခဲ့ကြသည်။

ကျောက်စိမ်းတောင်ကြီးတွေ ကုန်လုနီးနေသော်လည်း ပြောင်းလဲမလာသော နိုင်ငံတော်ကြီးနှင့် ပြည်သူများသည် အိတ်ပေါက်နှင့်ဖားကောက်ပေးနေသူများ၏ ကြီးမားသောသော စေတနာကြောင့် ဖားကန့်ရတနာနယ်မြေဟာ သေလုမျောပါးဖြစ်နေသော အရေးပေါ်လူနာတယောက်လို ဖြစ်နေပါပြီ။

ဇော်မိုးထက်