လိမ်လည်ခံရပြီး တရုတ်နိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်ခဲ့ရတဲ့မြစ်ကြီးနားမြို့ စစ်ရှောင်စခန်းတစ်ခုက အသက် ၃၄ နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီး ကို မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် မမွန်းမွန်းပန် မေးမြန်းထားပါသည်။

မေး။ ။အစ်မ တရုတ်နိုင်ငံကို ဘယ်လိုရောက်သွားတာလဲ။
ဖြေ။  ။အင်ဂျန်ယန်မြို့နယ်မှာနေတဲ့ အချိန်တုန်းက ညာဘက်လေဖြတ်လက္ခဏာဖြစ်လို့ မြစ်ကြီးနားကို ဆေးသွားကုရင်း အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့တယ်။ အဲ့ဒီမျိုးသမီးကို ဆေးကုရင်းနဲ့သိခဲ့တာပါ။ သူကပဲ ခေါ်သွားတာပါ။

မေး။ ။အစ်မကို ဘာလုပ်ရမယ်ပြောပြီး ခေါ်ခဲ့တာလဲ။
ဖြေ။ ။သူက(ခေါ်ဆောင်သွားသူ အမျိုးသမီး) တရုတ်နိုင်ငံမှာ မီးသီးလုပ်တာမျိုး၊ ပိုက်ဆံအိတ် အလှဆင်တာနဲ့ ဖိနပ်ချုပ်တဲ့အလုပ်တွေ စတဲ့အလုပ် ၅ မျိုးရှိတယ်။ တစ်ခုခုကို ရွေးလုပ်လို့ရတယ်ပြောလို့ ကျွန်မက မီးသီးလုပ်ချင်တယ် ပြောတော့ သူခေါ်သွားတယ်။ ကျွန်မကို အောင်မြင်သာက အမျိုးသမီး တစ်ယောက်က အတူခေါ်သွားတာပါ။  လိုက်ပို့တဲ့အမျိုးသမီးကတော့ တစ်ယောက်တည်းပဲ။

မေး။ ။ဘယ်လိုခေါ်သွားလဲ။ ခေါ်သွားတဲ့သူက ပိုက်ဆံပေးသေးလား။
ဖြေ။ ။ခေါ်သွားတဲ့သူကတော့ လမ်းစရိတ်နဲ့ ပစ္စည်းဖိုးတွေပေးတယ်။ တရုတ်နိုင်ငံကို ကားနဲ့သွားတယ်။ ထိန်ချုံးကနေ ခွင်းမင်အထိ လေယာဉ်စီးပြီး သွားခဲ့တယ်။ လေယာဉ်စရိတ်ကတော့ အလုပ်လုပ်ပြီးရတဲ့ လစာကဖြတ်ယူမယ် ပြောတယ်။

မေး။ ။အဲဒီကိုရောက်တော့ တကယ်ပဲ သူပြောတဲ့အလုပ်ကို လုပ်ရလား။
ဖြေ။ ။မလုပ်ရဘူး။ အဲဒီကိုရောက်တော့ မီးသီးလုပ်ဖို့ မရှိဘူးပြောပြီး အငှားကိုယ်ဝန်ဆောင်တဲ့ အလုပ်ကိုလုပ်ရမယ်လို့ ပြောတယ်။  အဲဒါဆို ပြန်မယ်ပြောတော့ မပြန်ခိုင်းဘူး။ အလုပ်ပြီးမှပြန်ရမယ် ပြောတယ်။ “ကိုယ်ဝန်မဆောင်ဘူး”ပြောတော့ “မပြန်ရဘူး။ လမ်းစရိတ်တွေ လျော်ပေးရမယ်”ပြောတယ်။ အလုပ် ၅ ခုရှိတယ် ပြောလို့သာလိုက်ခဲ့တာ ဟုတ်တယ်။ အဲဒါ မလုပ်ဘူးဆိုရင်ပြန်မယ်ပြောလည်း မရဘူး။

မေး။ ။တရုတ်ပြည် ဘယ်နေရာမှာ နေခဲ့ရလဲ။ အဲဒီမှာနေတာ ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ။ ။ထုံးဖင်မြို့ကြီးမှာရှိတဲ့ ၁၆ ထပ်မြင့်တဲ့ အပေါ်ဆုံးထပ်မှာ နေခဲ့တာပါ။ သူတို့က မင်းအခုပြန်သွားလို့ရှိရင် အိမ်ကို ပိုက်ဆံပါသွားမှာ မဟုတ်ဘူး။ ဒါကြောင့် အလုပ်ပြီးမှ ငွေယူပြီးပြန်ပါလို့ ပြောလို့ မပြန်ဘဲနေလိုက်တယ်။ စရောက်တုန်းကဆိုရင် ၂ လ၊ ၃လလောက် ငိုပဲငိုခဲ့ရတယ်။ မိသားစုနဲ့ကလေးတွေကို လွမ်းလို့။

မေး။ ။ကိုယ်ဝန်မဆောင်ခင် သူတို့က ဘယ်လိုလုပ်ပေးသလဲ။
ဖြေ။ ။သူတို့က ကျွန်မဆီမှာ ရောဂါရှိမရှိဆေးအရင် စစ်တယ်။ ရောဂါမရှိဘူးဆိုမှ တစ်လကျော်လောက် အကြာမှာ သုတ်ပိုးလာထည့်ပေးသွားတယ်။

မေး။ ။ဘယ်လိုပုံစံနဲ့ ကိုယ်ဝန်ဆောင်ရလဲ။
ဖြေ။ ။ယောကျာ်းနဲ့ အတူနေခိုင်းတာမျိုး မဟုတ်ဘူး။ ဆရာဝန်မတွေလာပြီး သုတ်ပိုး လာထည့် ပေးသွားတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်ဘက်က လီဆူလူမျိုးအမျိုးသမီးတွေအားလုံးကို သီးသန့်ထားတာ ဟုတ်တယ်။ အယောက် ၄၀ ကျော်ရှိတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးတယ်။ ဆေးကုသပေးတယ်။ အာဟာရတွေလည်း အရမ်းကျွေးတယ်။ လျှောက်လည်ခွင့်လည်း ပေးထားတယ်။

မေး။ ။ရောဂါရှိတဲ့သူတွေကို သူတို့ဘယ်လိုလုပ်သလဲ။
ဖြေ။ ။ရောဂါ မရှိတဲ့သူတွေကိုပဲ ကလေးမွေးခိုင်းတယ်။ ရောဂါရှိတဲ့သူတွေကို ပြန်ခိုင်းတယ်။ အဲဒီလို ပြန်တဲ့သူတွေကိုတော့ လာတုန်းကလမ်းစရိတ်ကို ပြန်မတောင်းတော့ဘူး။ ပြန်လမ်းစရိတ်ကတော့ ကိုယ့်ဖာသာရှာပြီး ပြန်ရတယ်။ ကျွန်မကတော့ ရောဂါမရှိလို့ ကလေးမွေးခဲ့ရတယ်။

မေး။ ။အစ်မကို သူတို့က ပိုက်ဆံရောပေးသလား။
ဖြေ။ ။၃ လလောက်နေတော့ သိန်း၂၀ ပေးတယ်။ ၅ လလောက်နေတော့ ၃၀ ပေးတယ်။ လမ်းစရိတ် ဆိုပြီး ၁၃ သိန်းက သူတို့နုတ်ယူတယ်။ အိမ်ကိုပြန်လာတဲ့အချိန် သိန်း၅၀ယူလာတယ်။

မေး။ ။ကိုယ်ဝန်ဆောင်နေစဉ် မိသားစုနဲ့ အဆက်သွယ်ရလား။ ဘယ်လို ဆက်သွယ်ခဲ့လဲ။ မိသားစုက ပြန်လာဖို့ မပြောဘူးလား။
ဖြေ။ ။ဖုန်းသုံးလို့ရတယ်။ wechat ကနေတစ်ဆင့် အဆက်အသွယ်ရခဲ့ပါတယ်။ ပြန်လာဖို့ ပြောတယ်။ ကုမ္ပဏီက မန်နေဂျာက မင်းတို့က ပိုက်ဆံလိုချင်လို့လာတာ၊ ပိုက်ဆံမရဘဲနဲ့မပြန်ကြနဲ့။ ကိုယ်ဝန် ဆောင်ပြီးရင် ပိုက်ဆံရမယ်။ အဲဒီအချိန်ကျမှပြန်ဆိုလို့။ ပိုက်ဆံမရှိတာနဲ့ မပြန်ဖြစ်ခဲ့ဘူး။

မေး။ ။ကလေးက ဘယ်လိုမွေးခဲ့လဲ။ မွေးပြီးနောက် ဘယ်လောက်အကြာ အတူနေခဲ့ရလဲ။
ဖြေ။ ။ရိုးရိုးပဲ မွေးခဲ့တယ်။ ယောကျာ်းလေးတစ်ယောက် မွေးခဲ့တယ်။ ကလေးမွေးတော့ ဆေးရုံမှာ တစ်ပတ်လောက်နေတော့ ကလေးလာခေါ်သွားကြတယ်။ ပြီးတော့ ကျွန်မကိုလည်း ဆေးရုံဆင်းခိုင်းပြီး အိမ်ကိုပြန်ခိုင်းလိုက်တယ်။ ကလေးရဲ့မိဘကတော့ မဟုတ်လောက်ဘူး။ လာယူတာက ကိုယ်စားလှယ်တွေ ထင်တယ်။   သုတ်ပိုးပိုင်ရှင် အမျိုးသားကိုတော့ မတွေ့ဖူးဘူး။ သူတို့ကုမ္ပဏီက မန်နေဂျာလို့ ပြောတဲ့သူတွေကိုပဲ တွေ့ဖူးတယ်။

မေး။ ။ကလေးကို မွေးပြီးပေးလိုက်ရတော့ အစ်မစိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ။ ။ကလေးကို ပေးလိုက်ရလို့ ဝမ်းနည်းမိပါတယ်။ ကလေးက ဝ၀တုတ်တုတ်နဲ့ ချစ်စရာလေးပဲ။

မေး။ ။အဲဒီမှာ ဘယ်လောက်ကြာအောင် နေခဲ့ရလဲ။
ဖြေ။ ။၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ မှာသွားတာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ပြန်လာတယ်။ သွားတုန်းက အိမ်ထောင်ရှိပြီးသာပါ။ အမျိုးသားလည်း သိတယ်။  အိမ်မှာကလေး ၃ ယောက် ကျန်ခဲ့တယ်။ တရုတ်နိုင်ငံမှာ ၁၀ လလောက်ပဲသွားနေခဲ့တယ်။

မေး။ ။ပြန်တဲ့အချိန် ဘယ်လိုပြန်ခဲ့လဲ။
ဖြေ။ ။ပြန်တဲ့အချိန်မှာတော့ သူတို့ ခိုးလမ်းကပြန်ဖို့ ကားစီစဉ်ပေးလိုက်တယ်။ ဆယ်မိုင်က အမျိုးသမီးတစ်ဦးနဲ့နေပြီး အတူပြန်လာခဲ့တယ်။ ကျွန်မနဲ့အတူလာတဲ့  အမျိုးသမီးကတော့ သူချစ်သူနဲ့ အချိတ်အဆက်ရပြီး သူ့ချစ်သူနောက်လိုက်သွားတယ်။

မေး။ ။ရလာတဲ့ပိုက်ဆံတွေကို ဘယ်လိုသုံးသလဲ။
ဖြေ။ ။အမေအိမ်ဆောက်နေလို့ တချို့ကို အိမ်ဆောက်ဖို့ ပေးလိုက်တယ်။ တချို့ကိုတော့ ကျွန်မ ဆေးကုဖို့ သုံးပါတယ်။ သူများနဲ့ စကားပြောရင် အာရုံမစိုက်နိုင်လို့ ဆေးကုနေရတယ်။

မေး။ ။ဘယ်လိုအကြောင်းကြောင့် အဲဒီလိုဖြစ်ရတာလဲ။
ဖြေ။ ။ဟိုမှာနေတုန်းက သားအိမ်ခိုင်ဆေး အရမ်းထိုးခံခဲ့ရတယ်။ ပြီးတော့ ရောဂါစစ်ဖို့ သွေးခဏခဏ အဖောက်ခံရခဲ့လို့ ဒီရောက်တော့ ငေးငေးငိုင်ငိုင်ပဲ ဖြစ်နေတယ်။ လတိုင်း သွေးစစ်ခံရတယ်။ အဲဒါကြောင့် အားမရှိဘူးဖြစ်သွားတယ်။

မေး။ ။အခု အဲဒီတုန်းကခေါ်သွားတဲ့ အမျိုးသမီးနဲ့ အဆက်အသွယ်ရှိသေးလား။
ဖြေ။ ။ကျွန်မပြန်ခါနီးမှာ သူ့ကိုတရုတ်နိုင်ငံမှာပဲ တွေ့ခဲ့တယ်။ အခုတော့ သူများတွေတိုင်လို့ ထင်တယ်။ သူ အခုအဖမ်းခံနေရတယ်လို့ သိရတယ်။ တရုတ်နိုင်ငံမှာတုန်းကလည်း သူနဲ့အမြဲ အဆက်အသွယ်ရတယ်။ သူကိုယ်တိုင် ကျွန်မတို့ကို စောင့်ကြည့်ပြီး အတူနေပါတယ်။

မေး။ ။အရင်က ရွာမှာ ဘာတွေလုပ်ကိုင်ပြီး နေသလဲ။
ဖြေ။ ။ရွာမှာက တောင်ယာခုတ်ပြီး နေပါတယ်။ အမျိုးသားလည်း အတူတူပဲ။ ကလေးတွေက အကြီးက ၁၉ နှစ်ရှိပြီး အငယ်ဆုံးက ၄ နှစ်ရှိပြီ။

မေး။ ။ဒီမှာပြန်ရောက်တော့ စိတ်ထဲ ဘယ်လိုခံစားရလဲ။ ဘယ်သူတွေက အားပေးစကားပြောလဲ။
ဖြေ။ ။စရောက်တုန်းက ဘာပဲလုပ်လုပ် စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်ခဲ့ရတယ်။ ကြောက်တဲ့စိတ်က ခဏခဏဖြစ်ဖြစ်လာတယ်။ စကားပြောချင်စိတ်တောင် မရှိဘူး။ သူငယ်ချင်းတွေက စိတ်ဓာတ်မကျဖို့ အားပေးတယ်။ နောက်ဆိုသူများ ပြောတိုင်း လိုက်မသွားဖို့ ပြောတယ်။

မေး။ ။ဒီစစ်ရှောင်စခန်းမှာ ပြန်ရောက်တော့ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။
ဖြေ။ ။ဆေးကုဖို့အတွက် ပိုက်ဆံလိုချင်ပါတယ်။ အခုကျွန်မဓာတ်မှန်သွားရိုက်ကြည့်တော့ လည်ပင်း ကျီးပေါင်း ဖြစ်နေတယ်တဲ့။ ဒါကြောင့် ပိုက်ဆံလိုနေတယ်။

မေး။ ။ဒီမှာ အမျိုးသမီးတွေအတွက် ဘာတွေလုပ်ပေးနေသလဲ။
ဖြေ။ ။သင်တန်းတွေ ပေးနေတယ်။ ကျွန်မက စာမတတ်တော့ မတက်ဘူး။ ကလေးကလည်း ပြန်မွေးထားတော့ စခန်းမှာပဲ နေနေတယ်။ အမျိုးသားကတော့ နေ့စားသွားလုပ်နေပါတယ်။

မေး။ ။နောက်တစ်ကြိမ်ပြန်ခေါ်ရင် ဘယ်လိုလုပ်မလဲ။
ဖြေ။ ။နောက်တစ်ကြိမ်ထပ်ခေါ်ရင် ဘယ်တော့မှ မလိုက်တော့ဘူး။ အရမ်းကြောက်သွားပြီ။

မေး။ ။အလုပ်ပေးမယ်ပြောတဲ့ အဲဒီအမျိုးသမီးကို ဘယ်လိုလုပ်စေချင်လဲ။
ဖြေ။ ။အဲဒီလိုလူတွေကို သက်ဆိုင်ရာက ဖမ်းပြီးသူကို နောင်တရအောင် သွန်သင်ဆုံးမစေချင်တယ်။

မေး။ ။ဒီမှာရောက်ပြီးနောက် ကျန်တဲ့သူတွေ ဒီလိုအဖြစ်မျိုးမဖြစ်အောင် ပြောပြတာမျိုး ရှိသလား။
ဖြေ။ ။ပြောပြတယ်။ ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုတာမျိုးကို မယုံကြည်ဖို့နဲ့ လက်တွေ့ကျတဲ့ အလုပ်သာမဟုတ်ရင် မယုံကြနဲ့လို့ ပြောချင်ပါတယ်။