ဒေါက်တာ ခလမ်ဆမ်ဆွန်
ဓာတ်ပုံ-Salai

ဆရာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တယ်လို့ သိရတယ်။ ဘယ်မှာတွေ့ဆုံခဲ့သလဲ။ ဘယ်လို အကြောင်းအရာတွေကြောင့်တွေ့ဆုံဖြစ်ခဲ့ကြတာသလဲဆိုတာ ကချင်ပြည်နယ်က ပြည်သူတွေ သိရအောင် ပြောပြပေးပါဦး။
ကာချုပ်နဲ့ မန္တလေးနန်းတွင်းက ရန်ကြီးအောင်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြတာပါ။ ကာချုပ်နဲ့ တွေ့ဖို့ကတော့ သူတို့ဘက်ကနေ တွေ့ဆုံလိုကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)ကနေတစ်ဆင့် ကျွန်တော်တို့ဆီ သတင်းရောက်လာတာပေါ့။ ရောက်လာတော့ ဘယ်နေ့၊ ဘယ်ရက်တွေ့မယ် ဆိုတာကိုတော့ PCG ကနေ တစ်ဆင့် လုပ်ခဲ့ပါတယ်။

တပ်မတော်ဘက်က ကာချုပ်အပြင် ဘယ်သူတွေပါလဲ။
သူတို့ဘက်ကတော့ တပ်မတော် ကြည်း၊ ရေ၊ လေ က ဦးစီးချုပ်တွေပါတယ်။ မြောက်ပိုင်းတိုင်းက ဗိုလ်ချုပ်ကြီး ပါတယ်။ KBC တို့ဘက်ကတော့ ကျွန်တော်ရယ်၊ အတွင်းရေးမှူး၊ ဖွံ့ဖြိုးရေးဌာနက ဒါရိုက်တာ၊ ဏဃွ က ဦးလမိုင်ဂွန်ဂျာနဲ့ ဦးခွန်အောင်တို့ ပါပါတယ်။

တွေ့ဆုံခဲ့ကြတာကလည်း ဆရာရဲ့အမှု ရုတ်သိမ်းပြီး ၃ ရက်အကြာမှာပဲဆိုတော့ ဒီတွေ့ဆုံမှုက ဆရာ့အမှုနဲ့ ပတ်သက်နေမလား။
တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာချုပ်နဲ့တွေ့တဲ့အချိန်မှာ ဒီအမှုကို သူ့ဆုံးဖြတ်ချက်နဲ့ ရုတ်သိမ်းခိုင်းတယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြောလာပါတယ်။ သူရဲ့ စိတ်ဆန္ဒနဲ့ပဲ ရုတ်သိမ်းခဲ့တယ်ဆိုတာ ကြားသိရပါတယ်။

ဆရာ့အမှု ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး သူတို့ဘက်က ဘာလို့ရုတ်သိမ်းလိုက်တယ် ဆိုတာကိုရော ပြောဖြစ်ခဲ့ကြသေးလားခင်ဗျ။
အဲ့ဒီအပိုင်းမှာတော့ အသေးစိတ်ကတော့ မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စကားအသွားအလာကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တဲ့ သဘောတွေ ရှိပါတယ်။ အထူးသဖြင့် ကေအိုင်အေနဲ့လုပ်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ထိရောက်စေချင်တဲ့သဘောတွေပါမယ်။ ဒါက ကျွန်တော့်အမြင်ပါ။ အတိအကျ ဘာမှတော့ မပြောပါဘူး။

ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးထဲ ပတ်သက်နေတယ်လို့ ကာချုပ်ဘက်က ဆရာ့ကို ပြောခဲ့တယ်လို့ သိရတယ်။ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောဖြစ်ခဲ့တာလဲ ခင်ဗျ။
ဘာသာရေးကို ခုတုံးလုပ်ပြီးမှ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်တာမျိုးတော့ မကောင်းဘူးပေါ့။ အဲ့လိုမျိုးတော့ မဖြစ်စေချင်ဘူး ဒီလိုပြောတဲ့စကားတွေ ပါတယ်။ ဒါပေမဲ့ အဲ့အချိန်မှာတော့ ကျွန်တော်အနေနဲ့ ပြန်ပြောဖို့တော့ အခွင့်မသာခဲ့ဘူး။ ဒါကို တိုင်းရင်းမီဒီယာ ညီလာခံမှာတော့ ဘာသာရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ခရစ်ယာန်ရဲ့ ထင်မြင်ယူဆချက်နဲ့ ရပ်တည်ချက်ကို ပြောခဲ့ခြင်းဖြစ်ပါတယ်။

ကာချုပ်ဘက်က ဒီလိုပြောဆိုခဲ့တဲ့အပေါ်မှာ ဘယ်လိုများ ပြန်လည်ပြောဆိုချင်ပါသလဲ။
ဘာသာရေးတိုင်းက မေတ္တာအပေါ်မှာ အခြေခံတဲ့ ဘာသာရေးတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ မေတ္တာအပေါ်မှာ အခြေခံတဲ့ တုံ့ပြန်မှုကတော့ အကောင်းဘက်ကိုပဲ သွားတဲ့အတွက်ကြောင့်မို့ ကျွန်တော်အနေနဲ့ကတော့ အများကြီးယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်ရဲ့ ယုံကြည်ချက်မှာ တိုင်းပြည်မှာ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ဖို့အတွက် သွန်သင်ညွှန်ပြထားတဲ့ ကျမ်းစာတွေ အများကြီးရှိတယ်။ ဒါ နိုင်ငံသားကောင်း ဖြစ်ဖို့လိုသလို နိုင်ငံအစိုးရကောင်းဖြစ်ဖို့လည်း လိုတယ်။ အစိုးရကောင်းဖြစ်ဖို့ကလည်း နိုင်ငံသားတွေမှာ ပြောဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့ခရစ်ယာန် အဖွဲ့အစည်းတစ်ခု အနေနဲ့ ကျွန်တော်တို့ရဲ့ ဘာသာရေးအပေါ်မှာ ဒီလိုတရားမျှတရေးတို့၊ ငြိမ်းချမ်းရေးတို့ လှုပ်ရှားမှုမှာ ပါဝင်ခြင်းဟာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲနဲ့ တိုင်းပြည်ကို တရားမျှတသော ငြိမ်းချမ်းရေးကို ရစေချင်လို့ ပါဝင်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်အခိုင်အမာ ပြောဆိုနေခြင်းဖြစ်ပါတယ်။

ကေဘီစီကရော နိုင်ငံရေးနဲ့ ပတ်သက်နေလား။
ဒီအပေါ်မှာလည်း လူတွေရဲ့ ဝေဖန်ချက်တွေ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ ကေဘီစီက အမျိုးသားရေး သိပ်လုပ်တယ် နိုင်ငံရေးဘက်သွားတယ်ဆိုတဲ့ ပြောနေကြတာတွေ အများကြီးခံရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကေဘီစီရဲ့ ရပ်တည်ချက်ကတော့ အဲ့ဒီလိုမခံယူဘူး။ ဘုရားသခင်ဖန်ဆင်းထားတဲ့ လူသားများဟာ အားလုံးအတူတူပဲ။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ တရားမျှတစွာနဲ့ ငြိမ်းချမ်းစွာ အသက်ရှင်ဖို့တော့ လူတိုင်းရဲ့ တာဝန်ပဲ၊မွေးကတည်းကပါလာတဲ့ အခွင့်အရေးတစ်ခုပဲဆိုတော့ ကျွန်တော်တို့ ခရစ်ယာန်၊ ဥပမာ ကေဘီစီအနေနဲ့တော့ ကျွန်တော်တို့ရဲ့ ခံယူချက်ကလည်း သမ္မာကျမ်းစာထဲမှာ ပါတဲ့တိုင်းပဲ။ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ရမယ်ဆိုတဲ့ သွန်သင်ချက်က ခရစ်ယာန်ဖြစ်လာကတည်းကနေ ခံယူထားတဲ့အချက်တွေမို့လို့ ခုနပြောတဲ့ လူများတွေထင်သလို နိုင်ငံရေးဝင်ပါတာတို့ လူမျိုးရေးကို တစ်ဖက်စွန်းဖြစ်စေတာတို့ ကျွန်တော်တို့မှာ မရှိဘူး။ ကေဘီစီမှာဆိုရင်လည်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်လို့ပဲ မှည့်ထားတာ။ ဒါပေမဲ့ ဧဝံဂေလိ ဝမ်းမြောက်ဖွယ်ရာသတင်းကို ဝေငှတဲ့အချိန်မှာ ကချင်ချည်းကိုပဲ ပစ်မှတ်မထားပါဘူး။ ကျွန်တော်တို့ တခြားကချင်မဟုတ်တဲ့ တိုင်းရင်းသားအားလုံးကိုလည်း ဆက်ဆံတဲ့နေရာမှာ တစ်ပြေးတည်းပဲ ဆက်ဆံပါတယ်။ ခွဲခြားခြင်းမျိုး မရှိပါဘူး။ ကချင်နှစ်ခြင်းခရစ်ယာန်ဆိုတဲ့ ကချင်တော့ ပါသွားတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ဒီအပေါ်မှာ အခြေခံပြီးမှ ကချင်မဟုတ်တဲ့ တိုင်းရင်းသား အားလုံးအပေါ်မှာ ဗမာလူမျိုးများအပေါ်မှာလည်း မေတ္တာနဲ့ ပေါင်းသင်းဆက်ဆံတာတွေ သမိုင်းမှာလည်း ရှိပါတယ်။ အနာဂတ်မှာလည်းရှိတယ်ဆိုတာကို ပြောချင်ပါတယ်။

တွေ့ဆုံမှုက နာရီ ၂ ချက်လောက် တွေ့ဆုံကြတယ်လို့ သိရတယ်။ ဆရာနဲ့ ကာချုပ်နဲ့ စကားပြောကြည့်တော့ ဆရာ့အတွက် ကာချုပ်ဆီက ကျေနပ်အားရမှုအရှိဆုံး စကားက ဘာများဖြစ်မလဲ။
ကျေနပ်အားရဆုံးစကား ရှိပါတယ်။ အဲ့ဒီစကားကတော့ သူဟာ တစ်ဘက်စွန်းသမား မဟုတ်ပါဘူး ဆိုတဲ့အပေါ်မှာ ကျေနပ်အားရပါတယ်။ တပ်မတော် မူ ၆ ချက်နဲ့ ပတ်သက်ပြီးမှလည်း သူက ငြိမ်းချမ်းရေးကို တကယ်လိုချင်လို့ရှိရင် တပ်မတော်မူ ၆ ချက်ကလည်း ဖြစ်နိုင်ပါတယ်တဲ့။ မဖြစ်မနေမဟုတ်ဘဲနဲ့ သူအနေနဲ့ ညှိနှိုင်းလို့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အားရမိပါတယ်။

ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်က လက်ရှိအနေအထားမှာ ပြောင်းလဲနေပြီလား။ ဘယ်လိုအခြေအနေရှိနေပြီးလဲခင်ဗျ။
တပ်မတော်ရဲ့ဖွဲ့စည်းပုံက သိပ်ပြီးမှ ခိုင်မာနေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ အများကြီးပြောင်းလဲတယ် ဆိုတာတော့ မဟုတ်ဘဲနဲ့ ပြောင်းလဲစပြုလာပြီဆိုတာကိုတော့ တွေ့ရပါတယ်။ ဒါကို သာဓကအနေနဲ့ ပြရမယ်ဆိုရင်တော့ အရင်တုန်းက တပ်မတော်ဘက်က လိုချင်ပြီ၊ ဖမ်းချင်ပြီဆိုရင် တရားရုံးမရောက်ပါဘူး။ သူတို့ တိုက်ရိုက်ခေါ်ပြီးမှ စစ်ဆေးပြီးမှ စိတ်ဓာတ်ရေးရာ ပြောင်းသွားအောင် လုပ်ပြီးမှပဲ နောက်ဆုံးတော့ တရားရုံးရောက်တာပဲပေါ့။ ဒါပေမဲ့ အခုလို ကျွန်တော့်ကိုကျတော့ တရားရုံးကို တိုက်ရိုက်ဦးတိုက်လျှောက်တယ် ဆိုတာတော့ တပ်မတော်ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ တစ်စွန်းတစ်စအနေနဲ့တော့ ကျွန်တော်တို့ နားလည်လာနိုင်တာပေါ့။ တပ်မတော်ရဲ့ စွဲတဲ့အမှုအပေါ်မှာ ပြန်ရုတ်သိမ်းသွားတယ်ဆိုတဲ့ ကိစ္စတွေကတော့ နိုင်ငံတကာက ကြည့်တဲ့အချိန်မှာ တပ်မတော်ရဲ့ ပြောင်းလဲမှုစနေပြီဆိုပြီး ဒီလိုပဲ မှတ်ယူကြတာပေါ့။ ဒါကတော့ ကျွန်တော်ရဲ့ ခံယူချက်ပါ။

တပ်မတော်ဘက်ကလည်း တရားစွဲဆိုမှုတွေ ရှိခဲ့တယ်။ အရင်ကရော၊ လက်ရှိမှာရောပေါ့။ ဒီအပေါ်မှာ တပ်မတော်ကို ဘယ်လိုတောင်းဆိုချင်တာ ရှိပါသလဲ။
ဒါကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တဲ့အချိန်မှာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ မီဒီယာတွေကိုလည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တရားမျှတရေးဟာ တပ်မတော်နဲ့ ပြည်သူနဲ့ ဆက်ဆံတဲ့အပေါ်မှာ မူတည်ပါတယ်။ ပြည်သူလူထုကို ဆက်ဆံတဲ့အချိန်မှာ သည်းခံစိတ်ရှည်ပြီးမှ နားလည်သဘောပေါက်ပြီး လျှော့သင့်တဲ့နေရာမှာ လျှော့ပြီးမှ လုပ်ဆောင်သွားခြင်းဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိနိုင်မယ်။ ပြီးရင် နိုင်ငံရေးကဏ္ဍမှာလည်း တပ်မတော်ရဲ့ ပါဝင်မှုတွေကို လျှော့ချပြီးမှ တပ်မတော်က သိက္ခာရှိရှိ နိုင်ငံရဲ့ကာကွယ်ရေးကို သွားမယ်ဆိုရင်တော့ တပ်မတော်ကို လူထုရဲ့အမြင်ကလည်း ကြည်လင်သွားမယ်ဆိုတာကို အများကြီး တွေ့ရှိရပါတယ်။

စစ်ရှောင်ပြည်သူတွေအရေးနဲ့ ပတ်သက်ပြီးတော့ရော ဘာများ ဆွေးနွေးခဲ့တာရှိလဲ။
စစ်ရှောင်ပြည်သူတွေ အတွက်လည်း ဗိုလ်ချုပ်မှူးကြီးကို ငြိမ်းချမ်းရေးရဲ့ ခြေလှမ်းဟာ စစ်ရှောင်တွေရဲ့ မိမိနေရပ်ဒေသပြန်ရေးကိစ္စဟာ နံပတ်တစ် ဖြစ်တယ်ဆိုတာကို ပြောပြထားပါတယ်။ ဒါကြောင့်မို့ ကေအိုင်အိုနဲ့ အပစ်ရပ်စာချုပ်ထိုးပြီးမှ စစ်ရှောင်တွေပြန်ဖို့ စလုပ်ဖို့လိုပြီ အမြန်လိုပြီပေါ့။ ဒါကို ပြောခဲ့ပါတယ်။ ဒီအပေါ်မှာလည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ သူ့ဘက်ကတော့ ဘာမှ မပြောဘူး။ ကျွန်တော်ကတော့ တပ်ပိုင်းဆိုင်ရာတွေ ညှိနှိုင်းဖို့လိုတယ်ဆိုတာကိုတော့ တင်ပြခဲ့ပါတယ်။ သူ ဒီလောက်သိခဲ့ရင်တော့ ကျွန်တော်ထင်တယ် ဆက်လက်လုပ်ဆောင်တဲ့နေရာမှာ အကျိုးပြုနိုင်မယ်လို့ ထင်မိပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေဘီစီနဲ့ တွေ့ဆုံတာ ဘယ်နှစ်ကြိမ်မြောက်ရှိပြီလဲ။
ကေဘီစီနဲ့ တွေ့တာတော့ ဒီတစ်ကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်ပေါ့။ ပထမအကြိမ်မှာတော့ ကျွန်တော်မပါခဲ့ဘူး။ ဒီတစ်ခါတွေ့တာကတော့ ကျွန်တော်ကိုတွေ့ဖို့ သက်သက်သူရည်ရွယ်ချက်ရှိတယ် ဆိုတာတော့ သိရတယ်။ ကျွန်တော်ကတော့ ကေဘီစီနဲ့ဖြစ်တဲ့အမှု ဖြစ်တဲ့အတွက်ကြောင့်မို့ ကေဘီစီကရော၊ ကြားကနေ ဆက်သွယ်ပေးတဲ့ PCG နဲ့ရော သွားတွေ့ဆုံခြင်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ ဆရာကိုယ်တိုင်ကလည်း တပ်မတော်ဘက်က တရားစွဲတာခံရပြီး အမှုပြန်ရုတ်သိမ်းတာ ကြုံခဲ့တယ်။ ပြီးတော့ ကာချုပ်နဲ့ကိုယ်တိုင် တွေ့ဆုံခဲ့ကြတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ပြောချင်တဲ့စကားရှိရင် ပြောပေးပါဦး။
အမေရိကန်မှာ မထင်မှတ်ဘဲနဲ့ သမ္မတဒေါ်နယ်ထရမ့်ကို စကားပြောဖို့ ဖြစ်လာတဲ့ ကိစ္စကိုပဲ အံ့သြတာပေါ့။ ကျွန်တော်တို့ နှစ် ၆၀ ခံစားချက်၊ အတွေ့အကြုံအပေါ်မှာ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်ပြောတဲ့နေရာမှာ အားလုံး ကေဘီစီအတွက်ပဲမပြောပါဘူး။ အားလုံး ခရစ်ယာန်အားလုံးအတွက်၊ တိုင်းရင်းသားအားလုံးအတွက် ပါတယ်။ နောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ရရှိဖို့တွေ၊ ဒါတွေကို ကျွန်တော်က ပြောဖြစ်ခဲ့တာပေါ့။ တပ်မတော်ရဲ့အပိုင်းတွေလည်း ပါလာတော့ ကျွန်တော်ကတော့ ဘာပဲပြောပြော မြန်မာပြည်ရောက်ရင်တော့ တစ်ခုခုတော့ ဖြစ်မယ်လို့ ဟိုမှာ ရှိကတည်းကနေ ထင်ခဲ့ပါတယ်။ အမေရိကန်အိမ်ဖြူတော်က အဲ့ဒီမှာပဲ နိုင်ငံရေးခိုလှုံခွင့်နဲ့နေဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော်ပြောတာ မှန်တယ်၊ မမှားဘူးဆိုတာကို လက်တွေ့ပြဖို့ ပြန်ရမှာဖြစ်တယ်ဆိုပြီး ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီမှာမြစ်ကြီးနားပြန်ရောက်မှ ဗိုလ်ချုပ်မှူးကြီးက တရားစွဲဖို့ ညွှန်ကြားတာပေါ့။ ဒါကို မြောက်ပိုင်းတိုင်းကနေ တရားစွဲခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒါက အဆန်းကြီး မဟုတ်တော့ဘူး။ ဖြစ်လာမယ်ဆိုတာကို သိပြီးသားမို့ စိတ်ထဲမှာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ၉ ရက်နေ့မှာ ပုဒ်မ တပ်ပြီးမှ တရားစွဲရင်တော့ အဆင်သင့်တော့ ကေဘီစီအနေနဲ့ ပြင်ဆင်ထားမှုတွေရှိပါတယ်။ ဒါပေမဲ့ ၉ ရက်နေ့ မနက်မှာ တပ်ချုပ်က ဒါကို ရုတ်သိမ်းခိုင်းတယ်ဆိုတာ သိရတော့ စိတ်ထဲမှာလည်း ဝမ်းသာပါတယ်။ ပြဿနာဖြစ်တာကတော့ မကောင်းဘူးလေ။ ရုတ်သိမ်းပြီး ဒီလိုပြီးသွားပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်းအပေါ်မှာ မဟုတ်ဘဲနဲ့ တပ်မတော်နဲ့အတူတူဖြစ်တဲ့ လူတိုင်းအပေါ်မှာ တပ်မတော်က ဒီလို စိတ်ရှည်စွာ သည်းခံစွာနဲ့ အမှုကို ရုတ်သိမ်းပေးခဲ့လို့ရှိရင်တော့ ပိုပြီးမှ ဝမ်းသာစရာတော့ ကောင်းမှာပေါ့။ တချို့ကိစ္စမှာ ဘာမှမဟုတ်တဲ့ ကိစ္စတွေလည်းရှိတော့ ဒါကိုလည်း လစ်လျူရှုပြီး၊မျက်နာလွှဲပြီးမှ ဖြေလွတ် ရုတ်သိမ်းပေးပြီးမှ တပ်မတော်အနေနဲ့ ကိုင်တွယ်သွားမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးကတော့ တစ်ဆင့်တော့ တက်သွားနိုင်တာပေါ့။

ခုလိုဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
ဟုတ်ကဲ့၊ ကျေးဇူးပါ။

ဆလိုင်း မေးမြန်းသည်။