Kristian-Schmidt

မေး- သံအမတ် တစ်ယောက်အနေနဲ့ မြစ်ကြီးနားကို ဘာအကြောင်းနဲ့ လာရောက်တယ်ဆိုတာ သိပါရစေရှင့်။
ဖြေ – မြစ်ကြီးနားမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတာ့ မြေယာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို နားထောင်ဖို့ လာရောက်ခြင်း ဖြစ်ပါတယ်။

မေး – လက်ရှိမြန်မာနိုင်ငံရဲ့ လယ်ယာမြေပြဿနာနဲ့ ပတ်သက်ပြီး ဥရောပကနေ ကူညီနေတာမျိုးတွေ ရှိပါသလား။ ဘယ်လိုကူညီမှုတွေ ရှိပါသလဲ။
ဖြေ – ဥရောပကနေ အစိုးရကို စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်တာတွေ ပံ့ပိုးထားတာရှိပါတယ်။ အထူးသဖြင့် မြေယာနဲ့ ပတ်သက်ပြီး ပံ့ပိုးထားတာတွေရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ မြေယာနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒီ ပြဿနာတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက မြေယာအသုံးချမှု မူဝါဒနဲ့ပတ်သက်ပြီး ကူညီဖို့လည်း ရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မြေလွတ်၊ မြေရိုင်းဥပဒေကလည်း မရေရာမသေချာတဲ့ ဒီဥပဒေတွေ ရှိနေပြီးတော့ သူတို့ရဲ့ အားနည်းချက်တွေရှိတဲ့ အတွက်ကြောင့်ပေါ့နော်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ လူတွေကနေ သူတို့ရဲ့ မြေယာပိုင်ဆိုင်မူတွေ မရေရာ မသေချာမှုတွေ ရှိနေတယ်။ ဥပမာ ဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့ဥပဒေမြေတွေဆိုရင်လည်း သေသေချာချာအသိအမှတ်ပြုထားတာတွေလည်း မရှိတဲ့အတွက် အဲဒါတွေကို ပံ့ပိုးပေးဖို့ရှိပါတယ်။

မေး – အခြားနိုင်ငံတွေမှာဆိုရင် မြေယာပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ပြီး အောင်မြင်မှုတွေရသလဲ။ မြန်မာနိုင်ငံကိုရော ဘယ်လိုအကြံပြု ပြောကြားချင်ပါသလဲ။
ဖြေ – ကျွန်တော်ပြောချင်တာက မြေယာအသုံးချမှုတွေ၊ မြေယာနဲ့ပတ်သက်တဲ့ တရားမျှတမှုတွေ၊ မြေယာနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေက မြန်မာနိုင်ငံမှာပဲ မဟုတ်ဘူး။ အခြားနိုင်ငံမှာတွေ အထူးသဖြင့် ဒီမိုကရေစီကို ကူးပြောင်းတဲ့ နိုင်ငံတွေ ဥပမာပြောရရင် တောင်အာဖရိကတို့၊ ဇင်ဘာဘွေတို့၊ ဟွန်းဒိုးရပ်စ်လာစတင်းအမေရိကတို့ကို ကြည့်လိုက်ရင် လူအနည်းစုကပဲ မြေယာကိုပိုင်ဆိုင်ပြီးတော့မှ လူအများစုက မြေယာကို မပိုင်ဆိုင်တာကို တွေ့ရတယ်။ အဲဒီလို မြေယာပြဿနာတွေကနေပြီးတော့ လူမှုရေးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေ၊ မတူညီမှုတွေ၊ တရားမျှတမှုမရှိတဲ့ လူမှုရေးတွေ အဲဒီလိုပြဿနာတွေကို ဖြစ်စေတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာတွေဆိုလည်း ကြည့်လိုက် ငြိမ်းချမ်းရေးမရှိတဲ့ နေရာတွေမှာလည်း ဒီလိုမျိုး ပြဿနာတွေရှိနေတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ မြေယာနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ၊ မြေယာနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာတွေဆိုရင် ကြည့်လိုက်လို့ရှိရင် တရားမျှတမှုမရှိဘူး။ အဲဒီလိုမျိုးအခြေအနေမှာရှိတယ်။ မြေယာနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများကြီးဖြစ်နေတာတွေ တွေ့နေရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင်လည်းပဲ မြေယာပြဿနာ ဖြစ်နေတယ်ဆိုတာကတော့ အထူးအဆန်းတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အစိုးရရဲ့ထိန်းချုပ်မှုရှိတဲ့ နယ်မြေတွေရှိသလို အစိုးရမထိန်းချုပ်နိုင်တဲ့ နယ်မြေတွေလည်း အများကြီးရှိတယ်။ တကယ်လို့ အစိုးရမထိန်းချုပ်တဲ့ နယ်မြေတွေမှာလည်း မြေယာပြဿနာက ရှိနေဦးမှာပဲ။ အဲဒါကြောင့်မို့ မြန်မာနိုင်ငံမှာရှိတဲ့ မြေအသုံးချမှု မူဝါဒကနေပြီးတော့ အမျိုးသားမြေယာဥပဒေ အသစ်ကနေ တကယ်လို့ အတိအကျ ဖော်ဆောင်လို့ရှိရင် အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် ဒါက မူတစ်ခုသာ ဖြစ်နေပါသေးတယ်။ တကယ်လို့သာ အဲဒီမူကနေ သေသေချာချာ မြေယာဥပဒေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းလာနိုင်တယ် ဆိုရင်တော့ တစ်နည်းတစ်ဖုံ ဖြေရှင်းနိုင်လိမ့်မယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ်လိုအပ်တယ်။ ငြိမ်းချမ်းရေးမရသရွေ့ကတော့ အားလုံးအတူတကွ ပါဝင်တဲ့ လက်တွဲဖော်ဆောင်မှုကမဖြစ်နိုင်သေးဘူးပေါ့နော်။

မေး – မြေယာနဲ့ပတ်သက်ပြီး ဥပဒေတွေကို ဥရောပမှာ ဘယ်လိုဥပဒေတွေ ရေးဆွဲထားကြလဲ။ မြန်မာနိုင်ငံရဲ့ မြေယာဥပဒေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ – အဓိကအခြေခံကြတဲ့ မူတွေတော့ ရှိပါတယ်။ မြေယာနဲ့ပတ်သက်တဲ့ ဥပဒေတွေရေးဆွဲတဲ့အခါ ဥပမာ မြေယာနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု၊ အစိုးရရဲ့ ကိုင်တွယ်မှု၊ ပြည်သူလူထုရဲ့ ဓလေ့ထုံးတမ်းဥပဒေနဲ့ ပတ်သက်တဲ့ မြေတွေ၊ ရွှေ့ပြောင်း တောင်ယာ လုပ်ကိုင်နိုင်တဲ့ မြေတွေ၊ အတူ တကွ စုပေါင်း လုပ်ကိုင်နိုင်တဲ့မြေတွေ ဒီလိုမျိုးအခြေခံကျတဲ့ စည်းမျဉ်းစည်းကမ်း မူဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို သေသေချာချာ တိတိကျကျ ဥပဒေထဲမှာ ထည့်သွင်းထားဖို့တော့ လိုတယ်။ အဲဒါမျိုးတွေ ပါဝင်လို့ ရှိရင်တော့ တကယ်ကောင်းတဲ့ မြေယာဥပဒေတစ်ခုဖြစ်လာမှာပါ။ ဒုတိယအချက်က မြေယာကို စီမံခန့်ခွဲမှုနဲ့ မြေယာကို အသုံးချမှုနဲ့ပတ်သက်ပြီး သေသေချာချာ လုပ်ဆောင်ဖို့ လိုတယ်။ ဥပမာ လူအားလုံးက ကိုယ့်မြေယာကို သေသေချာချာ မှတ်ပုံတင်ထားဖို့တော့ လိုတယ်။ ဒီအချက်တွေ မရှိဘူးဆိုရင် ကိုယ့်မြေယာတွေ ဆုံးရှုံးသွားနိုင်တယ်။ စစ်ရှောင်တွေဆိုရင်လည်း အခု သူတို့မြေယာတွေကိုထားခဲ့ပြီး အခြားနေရာတွေမှာ နေနေကြရတယ်။ သူတို့ကို ပြန်ပြီးတော့ မှတ်ပုံတင်ပေးမယ်ဆိုရင်လည်း နောက်ဆုံးလုပ်ဆောင်ပေးမယ့်ရက်ကို နည်းနည်းလေးပဲ မပေးဘဲနဲ့ ကန့်သတ်ထားတဲ့ ရက်အတောအတွင်းမှာ သူတို့ရဲ့ မြေယာတွေကို သေသေချာချာ ပြန်ပြီးတော့ မှတ်ပုံတင်နိုင်အောင် အဲဒီလို အခွင့်အရေးတွေကို ပေးရမယ်။ အဲဒါကြောင့်မို့ ဒီပြဿနာတွေဟာ လူမှုရေးနဲ့ပတ်သက်တဲ့ မတရားမျှတမှုတွေဖြစ်ပေါ်တယ်။ အဲဒါတွေမဖြစ်အောင် သေသေချာချာလုပ်ဖို့လိုတယ်။

မေး – ကချင်ပြည်နယ်က ရိုးရာမြေအသုံးချမှုတွေ ရှိတဲ့အတွက် မြေယာပိုင်ဆိုင်မှုမှတ်ပုံတင်ဖို့ မလိုဘူးလို့ ပြောနေတဲ့အပေါ်မှာ ဘယ်လို အကြံပြုပြောချင်ပါသလဲ။
ဖြေ – မြေအသုံးချမှု မူဝါဒက ရိုးရာမြေအသုံးချမှု ဥပဒေကို အသိအမှတ်ပြုထားတယ်။ တကယ်လို့ လူတိုင်းက သူတို့ရဲ့မြေယာကို မှတ်ပုံတင်နိုင်ရမယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း။ ဒါပေမဲ့ မူဝါဒနဲ့ ဥပဒေကို လုပ်တဲ့အခါမှာ မကိုက်ညီမှုတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဥရောပသမ္မဂ္ဂကလည်း တကယ်လို့ မူဝါဒကို ပြန်လည်ဆွေးနွေးလို့ ရှိရင် ဒါကိုကိုက်ညီမှုရှိအောင် ပြန်ပြီးတော့ ထောက်ခံမှု လုပ်ပေးပါမယ်။

မေး – ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုပြောချင်ပါသလဲ။
ဖြေ – ငှက်ပျောခင်းနဲ့ ပတ်သက်ပြီး ပြောချင်တာက မြစ်ကြီးနားကို လာတိုင်းလာတိုင်းမှာ လေယာဉ်ပေါ်ကနေ ငှက်ပျောစိုက်ပျိုးထားတဲ့ ဧရိယာတွေက များလာသည်ထက် များလာနေတာကို တွေ့နေရပါတယ်။ သေချာပြောချင်တာက ဒီငှက်ပျောသီးတွေက ဥရောပကို တင်ပို့တဲ့ ငှက်ပျောသီးတွေ မဟုတ်ပါဘူး။ ငှက်ပျောစိုက်ပျိုးရေးက မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းမှာဖြစ်နေတဲ့ တရားမမျှတမှုကို ဖြစ်စေတဲ့ ဥပမာသာဓကတစ်ခုပဲ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ လူတွေဟာ ဒီမှာရှိတဲ့ မြေယာတွေကို စွန့်ခွာပြီးတော့ ထွက်ပြေးကြတယ်။ ထွက်ပြေးချင်လို့ထွက်ပြေးတာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ ပဋိပက္ခတွေနဲ့ ပြဿနာတွေကြောင့် သူတို့ မြေယာတွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်။ ဒုတိယအချက်အနေနဲ့က သူတို့က စစ်ရှောင်ဒုက္ခသည်စခန်းမှာ နေနေတဲ့အချိန်မှာ သူတို့ ပိုင်ဆိုင်ခဲ့တဲ့ မြေယာတွေကို အခုစီးပွားရေးသမားတွေက ယူပြီးတော့ ငှက်ပျောတွေကို စိုက်ပျိုးနေကြတာကို တွေ့ရှိ နေရပါတယ်။ နောက် တတိယအနေနဲ့က မြေယာနဲ့ပတ်သက်ပြီးတော့ အဲဒီမှာ လုပ်ကိုင်နေတဲ့သူတွေက စစ်ရှောင်ဒုက္ခသည်စခန်းကို ရောက်သွားတဲ့အတွက် အလုပ်အကိုင် အတည်တကျ မရှိတော့ဘူး။ နောက်ပြီးတော့ မြေယာမှာ ထွန်ယက်စိုက်ပျိုးထားတဲ့ ငှက်ပျောစိုက်ခင်းတွေက ဓါတုပစ္စည်းတွေကြောင့် သူတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ နောက်ပြီး လေထုညစ်ညမ်းမှုတွေ ဖြစ်လာတာကို တွေ့ရတယ်။ နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာက အဲဒီမှာ သေချာထွန်ယက် စိုက်ပျိုးနေသူတွေတင်မက ဘေးမှာနေထိုင်တဲ့သူတွေ ပါလာပြီး အကျိုးသက်ရောက်မှု ဖြစ်တယ်။ သူတို့စွန့်ပစ်လိုက်တဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကြောင့် မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ တရားမမျှတမှုကို ဖြစ်ပေါ်စေတယ်။ ဒါကတော့ တကယ်လို့သာ မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီလိုမျိုးမဖြစ်သင့်ဘူး။ သေသေချာချာ ပြည်သူလူထုကို မထိခိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကိုင်ဆောင်ရွက်သင့်တယ်။

မေး- အခြားဘာများထပ်ပြီး ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ – ကျွန်တော်ပြောချင်တာက၊ ဒါကတော့ ကျွန်တော်ရဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေ၊ အကြံဉာဏ်တွေမဟုတ်ပါဘူး။ ဒါက ဒီကိုလာပြီးတော့ ဒီမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကို နားထောင်ပြီးတော့ ပြန်ပြောခြင်းသာဖြစ်ပါတယ်။ ဒါက တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း ဒီမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကြုံတွေ့နေရတဲ့ မြေယာပြဿနာနဲ့ ပတ်သက်ပြီး သူတို့ရဲ့အသံကို လာပြီး နားထောင်ခြင်းပဲ ဖြစ်ပါတယ်။

မွန်းမွန်းပန် မေးမြန်းသည်။