တိုင်းရင်းသားလူမျိုးရေးကြောင့်နဲ့ တခြားသော အရေးကိစ္စတွေကြောင့် နက်ရှိုင်းစွာ စိတ်ဝမ်းကွဲပြားနေပြီး စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးကာ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းနေတဲ့ နိုင်ငံတစ်ခု အောင်မြင်တိုးတက်ဖို့ ဘယ်လိုအခြေခံဥပဒေမျိုး လိုအပ်ပါသလဲ။

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးသာ ဖြစ်တယ်လို့ ဆွေးနွေးရမှာပါ။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ဆိုတာကို ပညာရှင်တွေ အဓိပ္ပါယ်ဖွင့်ဆိုထားတာကတော့ ဗဟိုအစိုးရကတစ်ဆင့် သူ့ရဲ့ လက်အောက်ခံ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း လွတ်လပ်တဲ့ အစိုးရအဖွဲ့အစည်းတွေကို ပြည်သူတွေအတွက်ဝန်ဆောင်မှုပေးရာမှာ ရရှိသင့်တဲ့ အခွင့်အာဏာနဲ့တာဝန်တွေကို လွဲပြောင်းပေးအပ်တာပဲဖြစ်တယ် ဆိုတာပါပဲ။

ဗဟိုချုပ်ကိုင်မှုကို တချို့က အာဏာလွဲပြောင်းပေးလိုက်ရတာလို့ မြင်ကြ၊ ယူဆကြပါတယ်။ အမှန်တကယ်တော့ နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတစ်ခု အောင်မြင်တိုးတက်အောင် လုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ထဲမှာ ဒေသန္တရအစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်ရေးနဲ့ ဖွဲ့စည်းပုံစနစ်တွေကို ပြောင်းလဲမှုအပြင် ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရတို့ရဲ့ အုပ်ချုပ်ရေးနဲ့ ဖွဲ့စည်းပုံတို့ကြားက စီမံခန့်ခွဲမှုနဲ့ ဆက်သွယ်ပြောင်းလဲမှုတို့ ပါဝင်နေပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ တစ်ကမ္ဘာလုံးမှာလည်း အရှိန်အဟုန်နဲ့ ပြောင်းလဲဖြစ်ပွားနေတာပါ။

ဗဟိုချုပ်ကိုင်မှု လျှော့ချရေးရဲ့ ယေဘုယျရည်မှန်းချက်က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ လူအများလက်ခံထားတဲ့ ဗဟိုအစိုးရရဲ့ တရားဝင်မှု ပိုမိုမြင့်မားလာစေဖို့ပဲ ဖြစ်ပါတယ်။

ဒီ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးမှာ အဓိကပုံစံသုံးမျိုးရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ပထမတစ်ခုက အာဏာခွဲဝေပေးခြင်း၊ ဒုတိယတစ်ခုက အာဏာဖြန့်ဝေခြင်းနဲ့ တတိယတစ်ခုက အာဏာလွှဲအပ်ခြင်းဆိုတာတွေပါ။
အာဏာ ခွဲဝေပေးခြင်းဆိုတာ အခွင့်အာဏာ တချို့နဲ့ တာဝန်တချို့ကို ဒေသန္တရအစိုးရတွေဆီ ခွဲဝေပေးတာဖြစ်ပါတယ်။ အဲ့ဒီကမှတစ်ဆင့် အစိုးရတစ်ရပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ အနိမ့်ပိုင်း စီမံအုပ်ချုပ်ရေးအဆင့်တွေဆီ အခွင့်အာဏာတွေနဲ့ တာဝန်တွေကို ပြန်ပြီးဖြန့်ဝေပေးတာပါ။

ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီအစိုးရကို အောင်အောင်မြင်မြင် တည်ထောင်နိုင်ဖို့ဆိုရင် အာဏာခွဲဝေကျင့်သုံးဖို့ လိုသလို နောက်တစ်ချက်ဖြစ်တဲ့ အာဏာလွဲအပ်ခြင်းပါ။ နောက်တစ်နည်း ဆိုရမယ်ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပေးခြင်းပါ။ ဒီအချက်တွေကို နိုင်ငံရေးပညာရှင် တော်တော်များများက လက်ခံသဘောတူကြပါတယ်။
ဒါမှလည်း အရေးကြီးတဲ့အုပ်စုတွေ၊ အဖွဲ့အစည်းတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေဟာ အုပ်ချုပ်ရေးကဏ္ဍအတွင်း ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ တူညီစွာ ပူးပေါင်းပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

အာဏာလွဲအပ်ခြင်းသို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ပေးခြင်းဆိုတာကလည်း သူတို့ရဲ့ လူ့အဖွဲ့အစည်းတွေက သူတို့ရဲ့ ကိုယ်ပိုင်အတွင်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနိုင်ခွင့် အာဏာကိုဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပညာရေးနဲ့ ယဉ်ကျေးမှုလို ကိစ္စရပ်တွေမှာပါ။

ဗဟိုချုပ်ကိုင်မှုကိုလျှော့ချပြီး အာဏာခွဲဝေရေး၊ အာဏာဖြန့်ဝေရေးနဲ့ အာဏာလွဲအပ်ခြင်း စတဲ့စနစ်တွေကို ကျင့်သုံးနိုင်မှသာ နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတွင်းက လူ့အဖွဲ့အစည်းတွေ၊ အုပ်စုတွေရဲ့ တောင်းဆိုမှုနဲ့ အကျိုးစီးပွားတွေကို လိုက်လျောဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်း၊ စည်ပင်ဖွံ့ဖြိုးမှာဖြစ်ကြောင်း မြစ်ကြီးနားသတင်း ဂျာနယ်က ဆွေးနွေးရေးသားအပ်ပါတယ်။