ကချင်သရုပ်ဆောင် မင်းသမီးစောမ်စောမ်ပန်ဟာ လာမယ့် သြဂုတ်လ ၂၄ ရက် သောကြာနေ့မှာမြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာရှိတဲ့စိန့်ကိုလန်ဘန် RC ဘုရားကျောင်းမှာ လက်ထပ်ပွဲကျင်းပတော့မှာ ဖြစ်ပါတယ်။ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ယူနန်တရုတ်ဘုံကျောင်းမှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါတယ်။
အစ်မရဲ့ ခင်ပွန်းလောင်းကိုပရိသတ်တွေနဲ့ မိတ်ဆက်ပေးပါဦး။
အစ်မခင်ပွန်းလောင်းအမည်ကတော့ Dr.Johny Myitung Ah Tang လို့ ခေါ်ပါတယ်။
အစ်မနဲ့သူ ဘယ်လို စတွေ့ခဲ့တာလဲသိချင်ပါတယ်။
ဟုတ်၊ ပထမဦးဆုံး အစ်မတို့က အပြင်မှာတစ်ခါ တွေ့ဖူးတယ်။ ပြီးမှ သူက အစ်မကိုအွန်လိုင်းပေါ်ကနေ စကားလာပြောတယ်။ အဲ့မှာ သတိထားမိပြီး စသိခဲ့တာပါ။
အစ်မတို့က စသိပြီးတော့လက်ထပ်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့ကြတာလဲ။
အစ်မတို့ ချစ်သူတွေဖြစ်တယ်။ ချစ်သူသက်တမ်း ၂ နှစ်လောက်မှာမှ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အစ်မအနေနဲ့ ခင်ပွန်းလောင်းကို ဘယ်လိုအချက်တွေကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ။
ညီမလေး သူက အစ်မအပေါ် စိတ်အရမ်းရှည်တယ်။ အစ်မက ဆိုးတဲ့အထဲမှာ ပါတယ်။ သူက အမြဲသည်းခံပေးခဲ့တယ်။ လူကြီးလည်း ဆန်တယ်။ အစ်မ စိတ်ဆိုးရင်လည်း အမြဲလျှော့တယ်။ စိတ်ဆိုးပြေမှဒါက ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ရှင်းပြလေ့ရှိတယ်။ သဘောထားလည်း အရမ်းကောင်းတယ်။ နားလည်မှု အပြည့်အ၀ ပေးနိုင်လို့ပေါ့နော်။အဲ့ဒါတွေကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။
မင်္ဂလာဆောင်ကိုရော ဘယ်လိုကျင်းပသွားဖို့ စီစဉ်ထားလဲ။
အစ်မ မင်္ဂလာဆောင်ကိုတော့ သမရိုးကျ ရိုးရိုးရှင်းရှင်းပဲ လုပ်ဖြစ်မှာပါ။ အရမ်းကြီး အကြီးအကျယ်တော့ မလုပ်ဘူး။ နှစ်ဘက်မိဘဆွေမျိုးအားလုံးနဲ့ သူငယ်ချင်းတွေနဲ့ပဲ သက်တောင့်သက်သာနဲ့ ပြီးအောင် လုပ်ထားပါတယ်။
မင်္ဂလာပွဲမှာရော မင်းသားမင်းသမီး တွေအများကြီးကို ဖိတ်ထားလား။
ဒီ မင်္ဂလာပွဲကိုပေါ့နော်။ ကချင်အနုပညာရှင်အားလုံးနဲ့ရန်ကုန်က တက်သစ်စ Model တွေလည်း ဖိတ်ထားပါတယ်။
အစ်မမင်္ဂလာဆောင်ပွဲမှာဘယ်သူတွေက အရံလုပ်မှာလဲ။
အရန်ကတော့ မိန်းကလေး၄ ယောက် ၊ ယောက်ျားလေး ၄ယောက် ပေါ့နော်။ မိန်းကလေးဆိုရင် သရုပ်ဆောင် Ja Seng Ing ရယ် Seng, Katherine, Seng Nan ပြီးတော့ ယောက်ျားလေးဆိုရင်တော့ La nga Seng Lawt, Gum Hkawng Lat, Seng Rat Aung, Htoi San Aung ပါ။
မင်္ဂလာဝတ်စုံ ချုပ်ပေးတဲ့ ဒီဇိုင်နာတွေကရော ဘယ်သူတွေဖြစ်မလဲ။
အဝတ်အစားချုပ်ပေးတာကတော့ Designer G Zung Ki (Shingkang), Zaw Seng(Manmade) နဲ့ Seng Lat Maka တို့ပါ။
အစ်မ မင်္ဂလာဆောင်ပြီးရင်ဟန်းနီးမွန်းထွက်ဖို့ရော စီစဉ်ထားတာရှိလား။
အစ်မတို့က ဟန်းနီးမွန်းကိုတော့ နောက်ဆုတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ သူPh.D(Business and Management) ဘွဲ့သွားယူတဲ့အခါမှ သွားဖို့ စီစဉ်ထားပါတယ်။
အိမ်ထောင်ပြုပြီးရင်ရော ဘယ်မှာနေဖို့ စီစဉ်ထားလဲ။
ဟုတ် သူက Australia မှာ PH.D (Business and Management) တက်နေတယ် အခုတော့ ပြီးပြီ။ ခွင့်ယူပြီး ဒီကို ပြန်လာတာပေါ့နော်။ အစ်မအနေနဲ့တော့ သူ့နောက်မလိုက်နိုင်သေးဘူး။ နိုင်ငံခြားထွက်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှပဲ အတူလိုက်သွားဖြစ်မယ်၊ လောလောဆယ်တော့ ရန်ကုန်မှာနေမှာပေါ့နော်။
အစ်မအနေနဲ့အိမ်ထောင်ပြုပြီးရင်ရော အနုပညာအလုပ်ကိုဆက်လုပ်သွားဖို့ ရှိလား။
အင်း… အရင်လိုတော့လုပ်ဖြစ်မယ် မထင်ဘူးပေါ့နော်။ ဘာလို့ဆို အိမ်ထောင်လည်းကျပြီဆိုတော့ ရိုက်ဖြစ်ရင်လည်း အရင်တုန်းကလောက်တော့ ရိုက်ဖြစ်မယ်မထင်ဘူး။
နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို ဘာများပြောချင်ပါသလဲ။
ပရိသတ်တွေအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်။ဆက်ပြီးတော့လည်း အားပေးကြပါ။ ချစ်ပေးကြပါလို့ ကျေးဇူးတင်ပါတယ်။
Benadeth