abadi

ဒီအပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ ကချင်တေးသီချင်းတွေကို ရေးစပ်၊ သီဆိုရာမှာ ပရိသတ်အများရဲ့ အားပေး ထောက်ခံမှုကို ရရှိထားတဲ့ ဝါရင့်ကချင်အနုပညာရှင် တေးရေး၊ တေးဆို Ah Ba Di နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

Ah Ba Di ဟာ ၂၀၀၅ ခုနှစ်က စတင်ပြီး တေးသီချင်းတွေဆိုလာခဲ့တာ အခုဆိုရင် အနုပညာ သက်တမ်းအားဖြင့် (၁၅)နှစ် ဝန်းကျင်ရှိပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ကြိုးပမ်း အားထုတ်ခဲ့ရတာတွေနဲ့ တက်သစ်စအနုပညာရှင်တွေကို ဘယ်လို အကြံပေးထားတယ်ဆိုတာတွေအပြင် သူ့ရဲ့မိသားစု အကြောင်းလေးတွေကို မေးမြန်းထားတာကို စာဖတ်ပရိသတ်တွေဆီ ဝေမျှပေးလိုက်ရပါတယ်။

ပထမဦးဆုံး အစ်ကိုရဲ့နာမည်ရင်းနဲ့ အနုပညာနာမည်ကို မိတ်ဆက်ပေးပါဦး။
ကျွန်တော့် နာမည်အရင်းက အောင်ဒီး။ အနုပညာနာမည်ကတော့ Ah Ba Di ဖြစ်ပါတယ်။

အနုပညာလေကထဲကို ဒီ အဆိုပိုင်းနဲ့ပဲ စတင်ဝင်ရောက်ခဲ့တာလား။
အဆိုနဲ့ အရေးက အတူတူလုပ်ခဲ့တယ်လို့ ပြောလို့ရတယ်။ ကျွန်တော်ဆိုမယ့် သီချင်းကို ကျွန်တော်ကိုယ်တိုင် ရေးစပ်တယ်။ တစ်ခါတည်းတွဲပြီး လုပ်ခဲ့တယ်။ တစ်ကိုယ်တော် သီချင်း ထုတ်လုပ်တာက ၃ ခုလောက် ရှိပြီ။ ရှေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုထားတဲ့ဟာနဲ့ဆိုရင် ၄ ခွေ ရှိပြီပေါ့။ သီချင်းပုဒ်ရေဆိုရင်တော့ များပြီလို့ ပြောလို့ရပါတယ်။

ဘယ်လို သီချင်းပုံစံ ရေးစပ်ရတာ အများဆုံးလဲ။
ကျွန်တော်တကယ်တမ်း ရေးချင်တာက Alternatvie Rock ဘက် ဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ ခေတ်အနေအထားကြည့်ရတယ်။ ပရိသတ်တွေက ဘယ်လို ပုံစံကြိုက်ကြတယ်၊ ကိုယ်ဆိုချင်တဲ့ သီချင်းက တစ်မျိုးပေါ့။ သူများလာအပ်တဲ့သီချင်း ရေးပေးတာက တစ်မျိုးရေးရတာပေါ့။ ကိုယ်ကိုယ်တိုင်ဆိုမယ်ဆိုရင် ကျွန်တော်ကြိုက်တဲ့ ပုံစံကို ရေး၊ဆို ဖြစ်ပါတယ်။ ကျွန်တော်က သီးခြားဆန်တဲ့ လူမျိုးရေးလို့ မခံယူဘူး။ အဓိကက ကျွန်တော်မြင်တဲ့ဟာ၊ တွေ့တဲ့ဟာတွေ အမှန်တရားကို သီချင်းအားဖြင့် ပရိသတ်ကို ပြောပြချင်တယ်။ လူမျိုးရေး အရမ်းကြီးခွဲခြားတာမျိုး၊ သီးခြားဆန်တာမျိုး မဟုတ်ပါဘူး။ ဖြစ်နေတဲ့ အနေအထားပေါ် ဒီလိုရှိပါတယ် ဆိုတာကို ရေးဖြစ်တာပါ။

ကိုယ့်အနေနဲ့ရော တေးရေးနဲ့ အဆိုပိုင်းဆိုရင် ဘယ်တစ်ခုကို ပိုအားသန်တယ်လို့ မြင်မိလဲ။
ပရိသတ်တွေ ပြောတာက ကြွားတာတော့ မဟုတ်ဘူး။(ရယ်လျက်) အဆိုလည်း ပိုကောင်းလာတယ်။ အရေးလည်း ကောင်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ထင်တာက အဆိုပိုင်း ကောင်းတဲ့အချိန်ရှိသလို အရေးပိုင်းကောင်းတာလည်း ရှိတယ်။ ကိုယ် သြသိ လာရင်လာသလိုပေါ့။ အဆိုပိုင်းရော၊ အရေးပိုင်းရော အားနည်းတဲ့ အချိန်လည်း ရှိတယ်။ ရေးချင်သလို မဖြစ်တဲ့ အချိန်လည်း ရှိတယ်။ အမြဲတမ်း ကောင်းနေတာတော့ မရှိဘူးပေါ့။

သီချင်းတွေကိုရော ဘယ်လို ဖန်တီးဖြစ်လဲ။
အဓိက သီချင်းဆိုတယ်၊ ရေးတယ်ဆိုတာက နှလုံးသားတစ်ခု အခြေခံပြီးမှ ပေးဆပ်ရတယ်။ ခံစားရတယ်။ တကယ်တမ်း ဖြစ်နေတဲ့အပေါ် ရေးချင်တဲ့အပေါ် မူတည်ပြီး ကိုယ်ကိုယ်တိုင် ဖြစ်နေသလို ခံစားပြီးမှ ရေးတာက အခြေခံကျတာပေါ့။ ဖြစ်ပျက်နေတဲ့အပေါ်မှာ ကျွန်တော် လက်တွေ့ခံစားတယ်။ ပါဝင်တယ်။ ပြီးတော့ ကျွန်တော့် နှလုံးသားမှာ လာလာထိတာပေါ့။ ဒီအရာတွေကို ကျွန်တော် ရေးချင်တဲ့အခါ သူတို့လို ခံစားရတယ်။ သိပ်တောင် ကြံဖန်ပြီး ရှာစရာမလိုဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေ ရေးလို့ရတာ၊ ဆိုလို့ရတာတွေ အများကြီးပဲ။

အနုပညာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ခံယူချက်ကိုလည်း ပြောပြပေးပါဦး။
ကျွန်တော် အနုပညာကို ကိုယ်တကယ် နှစ်နှစ်ကာကာ ချစ်တဲ့အတွက်ကြောင့် နှစ်နှစ်ကာကာ လုပ်ဖြစ်တယ်။ တကယ်လည်း လုပ်ဖြစ်အောင် ကျွန်တော်ကြိုးစားတယ်။ အနုပညာဟာ ကျွန်တော့်ဘ၀ ဖြစ်တယ်ဆိုတာကို ခံယူထားတယ်။

ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးလား၊ အခုထိ အမှတ်ရနေတဲ့ အဖြစ်မျိုးပေါ့။
ရှေ့မှာ တွေရော အများကြီးပဲ။ နောက်ပိုင်းထဲကဆိုရင် ကျွန်တော် ကချင်ပြည်နယ်နေ့မှာ ဆိုတဲ့သီချင်း။ ပရိတ်သတ်တွေရော တော်တော်ကြိုက်ကြတယ်။ ဆိုပြီးတော့ Facebook မှာ Comment တွေ လိုက်ဖတ်ကြည့်တယ်။ အကုန် လက်ခုပ်တီးကြတယ်။ အရမ်းပျော်တယ်။ နောက် ပြန်ကြည့်တော့ နိုင်ငံခြားက တစ်ယောက်က အသားကုန်ဆဲထားတယ်။ လုံးဝမထင်ထားဘူး။ တကယ် ကိုယ်လည်း အကုန်လုံးက ကောင်းတယ်ဆိုတာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက် ရှိသေးတာပဲဆိုပြီး အခုချိန်ထိ မှတ်မှတ်ရရ ရှိနေတာပေါ့။ ကိုယ်က အရမ်းကောင်းတယ်ဆိုပြီး လုပ်လိုက်တယ်။ ဒါပေမဲ့ ကိုယ့်နဲ့ ဆန့်ကျင်ဘက် တိုက်ခိုက်တဲ့ လူတွေလည်း ရှိသေးတာပဲဆိုပြီး အခုချိန်ထိ အမှတ်တရ ဖြစ်မိတယ်။

ကိုယ့်အနေနဲ့ ဝေဖန်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းလဲ။
တိုက်ခိုက်မှုတွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ ဆိုတယ်၊ ရေးတယ်ဆိုတာက သူများလို ပိုက်ဆံကြောင့် ဒီအလုပ်ကို လုပ်နေတာ မဟုတ်ဘူး။ ပိုက်ဆံရဖို့ အခွင့်အရေးကျွန်တော်တို့ဆီမှာ မရှိဘူး။ ကိုယ်တတ်တဲ့ ပညာတစ်ခုနဲ့ လူမျိုးရေး သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း တတ်နိုင်တဲ့ဖက်က ဖြည့်စွက်ပေးတဲ့ကဏ္ဍတစ်ခုကနေ တောင့်ခံပြီးတော့ လုပ်နေတာပဲ ရှိတယ်။ ဘာမှလည်းမရဘဲနဲ့ ဒီအလုပ်ကို လုပ်နေတယ်။ ဘာကြောင့် တိုက်ခိုက်ကြတာလဲပေါ့။ တစ်ခါတလေ ဒီအလုပ်ကို နားပစ်လိုက်ချင်တယ်။ ရပ်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ်ခံယူထားတဲ့ အနုပညာ၊ ကိုယ့်ဘဝဖြစ်နေတယ်။ တစ်ဖက်မှာလည်း ကိုယ်တကယ်ပဲ ဒီလိုတောင့်ခံပြီး လုပ်မှ နောက်လူတွေလည်း လိုက်လာမယ်ဆိုတဲ့စိတ်နဲ့ ဘယ်လို တိုက်ခိုက်၊ ဝေဖန်ကြပါစေ။ ကိုယ်ဒါကြီးကို တောင့်ခံပြီး အခုဆို သက်တမ်း ၁၅ နှစ်လောက် ရှိလာပြီပေါ့။ အခုဆို ကျွန်တော် ဂရုစိုက်တဲ့စိတ်မရှိတော့ဘူး။ Facebookဆိုရင် လိုအပ်တဲ့ အခါမှာပဲ သုံးတော့တယ်။ အမြင်မတော်တာတွေ၊ မကြည့်ချင်တဲ့ဟာတွေ၊ စိတ်မချမ်းသာစရာတွေ အရမ်းတွေ့ရတယ်..ဟုတ်။

Abadi Family

အစ်ကိုရဲ့ မိသားစုနဲ့လည်း မိတ်ဆက်ပေးပါအုံး။ ပြီးတော့ ကိုယ့်ရဲ့ သား၊ သမီးတွေကိုရော အနုပညာလမ်းကြောင်းပေါ် ဆက်လက်လျှောက်ခိုင်းမှာလား။
အခုက အိမ်ထောင်သက်(၁၀)နှစ်ရှိပြီ။ သား၊ သမီးက (၃)ယောက်ရှိတယ်။ ကျွန်တော့်အနေနဲ့ သူတို့လုပ်ချင်တာ အကုန် လုပ်ခိုင်းထားတယ်။ ဘယ်တစ်ခု တစိုက်မတ်မတ်လုပ်မယ် ဆိုတာတော့ မသိသေးဘူး။ ကိုယ်အမြဲ မြင်နေကျမလို့လားတော့ မသိဘူး အနုပညာဝါသနာ ပါလား၊ မပါလားလည်း သိပ်ပြီး မရိပ်မိဘူး။ အခုလည်း ဆိုနေ၊ တီးနေကြတာပဲ။ အခုကတည်းက သူတို့ကို ရိုက်သွင်းထားပေးတယ် ကြိုက်တာလုပ်။ အဖေ၊ အမေက တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ အခုချိန်မှာ သူတို့လေးတွေ အားကစားရော၊ အနုပညာရော၊ အကြမ်းရော အကုန်လုပ်ထားခိုင်းတယ်။ ကြိုက်တာ လုပ်ခိုင်းတယ်။ အနုပညာပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် သူတို့ကို ရွေးချယ်ခွင့် ပေးထားတယ်။

အခုချိန်ထိ အောင်မြင်တဲ့ သူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် ဘယ်လောက်ထိ ကြိုးစားခဲ့ရတယ် ဆိုတာ ဝေမျှပေးပါဦး။
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် ကျွန်တော့်ကို။ “မင်းက မြို့မှာ မပေါက်ဘူးတဲ့။ တောနက်လေ၊ တောင်ပေါ် တက်လေ မမြင်ရလေ ပေါက်လေ”တဲ့။ ပြောချင်တာက ပိုက်ဆံရှာတယ်ဆိုတာ မြို့ထဲမှာ ရှာတာကို တောတောင်တွေမှာ မရှိဘူး။ အဲ့နေရာတွေကို ကျွန်တော်တို့ သွားဆိုရတယ်။ ကား၊ ဆိုင်ကယ်၊ ရထားနဲ့ သွားရတယ်။ တောတောင်တွေ သွားပြီး ဆိုရတယ်။ ငါတို့ ဒီဘဝကနေ ဘယ်အချိန်လွတ် မလဲပေါ့။ သူများထင်တာက နာမည်ကြီးတဲ့သူဆို အကုန် Special လို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘဝက Not Special ။ ဘယ်လောက်ပဲ တောတောင်တွေ မြင့်ပါစေ၊ ချောင်ကျပါစေ သွားဆိုရတယ်။ မြို့ထဲမှာ မဆိုသလောက်ပဲ။ တစ်ခါတလေ ကား၊ ဆိုင်ကယ်မှောက်မလိုတွေတောင် ဖြစ်တယ်။ တစ်ခါတလေဆိုရင်လည်း လှုပ်လို့တောင်မရတဲ့ အခြေအနေမျိုးတောင် ရှိတယ်။ အိမ်ကို ဘာမှ ယူမလာနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ဘာကြီးလဲပေါ့။ ငါတို့လုပ်နေတဲ့ ဘဝကြီးက၊ အလုပ်ကြီးက ဘာအတွက်လုပ်နေမှန်း တစ်ခါတလေ အဖြေမရှိဘူး။ အဲ့လိုမျိုးအခြေအနေဆို မျက်ရည် ကျမိတယ်။ အခုတော့ များလာတော့ ခံနိုင်ရည် ရှိသွားပါပြီ။

လတ်တလော အနုပညာလှုပ်ရှားမှုကိုရော ပြောပြပေးပါဦး။
လောလောဆယ်တော့ ခေတ်အခြေအနေအရ ခွေလည်း ရောင်းစားလို့မရတဲ့ အခက်အခဲလေးတွေ ရှိလာတယ်။ ကျွန်တော်တို့ အနည်းစုတောင်မဟုတ်ဘဲနဲ့ အများစုတောင် ခက်ခဲလာကြတယ်။ အခုတော့ အင်တာနက်ပေါ်မှာ တစ်ပုဒ်ချင်း တင်သွားမယ်။ နောက်ထပ်လည်း သီချင်းတွေကို စိတ်ထဲက လာတဲ့ ပုံစံတွေ လုပ်သွားမယ်။ ခါတိုင်းလိုပဲ လုပ်နိုင်တဲ့ ပေါ်မူတည်ပြီး ဆက်လက်လုပ်သွားမယ်လို့ ပြောချင်ပါတယ်။

ကိုယ့်ရဲ့ အတွေ့အကြုံအရ တက်သစ်စ အနုပညာရှင်တွေကိုရော ဘယ်လို အကြံပြုချင်လဲ။
တချို့လူတွေက ပြောကြတယ်။ Ah Ba Di က လူမမွေးဘူးလို့ ပြောကြတယ်။ သူတို့ကို ကျွန်တော်ပြောတယ်။ အငယ်တွေကို သပ်သပ်ကြီးမွေးရအောင် ကိုယ်ကိုယ်တိုင်တောင် ရပ်တည်ဖို့ အရမ်းခက်ခဲတယ်။ တကယ်တမ်း မင်းလုပ်ချင်ရင် သူများကို ဘာညာ လက်တွဲခေါ်ဖို့၊ ပံ့ပိုးပေးဖို့ စောင့်မနေပါနဲ့ ကိုယ်ကိုယ်တိုင် ကြိုးစားကြပါ။ အခြေအနေပေါ် မူတည်ပြီးမှ ဆွဲခေါ်မယ့်သူက ရှိပြီးသား ဖြစ်တယ်။ သရုပ်ဆောင်ဆိုရင် လူကြမ်းဘယ်သူမှ မလုပ်ချင်ကြဘူး။ ဘုရားကျောင်းမှာတောင် သီချင်းမဆိုဖူးဘဲနဲ့ တစ်ခါတည်း အဆိုတော် ဖြစ်ချင်ကြတယ်။ အခုခေတ် မြင်ရ၊ တွေ့ရတာပေါ့။ သူတို့က ဒီဘဝကြီးကို အရမ်းအဆင်ပြေတဲ့ ဘဝလို့ထင်တယ်။ ဒီအခြေအနေရောက်အောင်၊ ဥပမာ ကျွန်တော်ဆိုရင် ဘယ်လောက် ကြိုးစားရုန်းကန်ခဲ့ရတယ်၊ ဘယ်လောက်ထိ မျက်ရည်ပေါက်ပေါက်ကျပြီးမှ အခုချိန် ဒီလိုရပ်တည်နိုင်တယ်။ ဒါတောင်မှ ပြီးပြည်စုံတဲ့ ဘဝမဟုတ်သေးဘူး။ အခုချိန်ထိ ထမင်းမငတ်ရုံတမယ် ကြိုးစားနေရတုန်းပဲ။ ဒီလို ဘဝကြီးကို တစ်ခါတည်း ခုန်ပြီး ရောက်ချင်လို့ မရဘူး။ တကယ်ဖြစ်ချင်ရင် ပေးဆပ်ဖို့က အရေးကြီးတယ်။ ပိုက်ဆံရှာဖို့ မဟုတ်ဘူး။ တကယ် ဖြစ်ချင်တယ်ဆိုရင် လုပ်ပါ၊ မညည်းနဲ့။ ခံနိုင်ရည်ရှိအောင် အရင်ကြိုးစားပါ။ ကိုယ့်ရှေ့ကသူတွေ ဘယ်လို လုပ်ဆောင်နေတယ်၊ အခုရော ဘယ်လိုလုပ်နေတယ်ဆိုတာ လေ့လာပါ။ တကယ်ကို မြတ်နိုးတယ်ဆိုရင်တော့ လုပ်ပါ။ အဲ့လို လူမျိုးတွေကို လက်တွဲခေါ်ဖို့ အဆင်သင့်ပါ။

Benadeth မေးမြန်းသည်။