မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ ဖေဖော်ဝါရီ ၅ ရက် ၁၉၆၁ ခုနှစ်ကစပြီး ဖေဖော်ဝါရီ ၂၄ ရက် ၁၉၉၄ ခုနှစ်အထိ နှစ်ပေါင်း ၃၃ နှစ်ကျော်ကြာ ပထမအကြိမ် ပဋိပက္ခဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နှစ်ဖက် အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။

ဇွန်လ ၉ ရက် ၂၀၁၁ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး တစ်ဖန် ဒုတိယအကြိမ် ပဋိပက္ခ ပြန်ဖြစ်လာခဲ့တာဟာဆိုရင် ဒီနှစ် ၂၀၁၉ ခုနှစ်မှာ ၈ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒီပဋိပက္ခတွေကြောင့် နှစ်ဦးနှစ်ဖက် ကောင်းကျိုးချမ်းသာ မခံစားခဲ့ရဘဲ ကြီးမားတဲ့ ကုန်ကျ စရိတ်တွေ ဖြစ်တဲ့ စစ်လက်နက်၊ ရိက္ခာ၊ အိုးအိမ်အဆောက်အဦးတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် တန်ဖိုးကြီးလှတဲ့ လူ့အသက်တွေကိုပါ ပေးဆပ်ခဲ့ကြရပြီး အဆိုးဆုံးက အပြစ်မဲ့ပြည်သူအများ အိုးအိမ်စွန့် ဘဝပျက်လို့ တချို့သေဆုံးခဲ့ပြီး အများစုက စစ်ပြေးဘဝရောက်ကာ ဒုက္ခသည်အဖြစ် ဆင်းရဲဒုက္ခကြီးစွာ နေထိုင် နေကြရတာ အားလုံးအသိပါ။

ဒီလိုပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်း ညှိနှိုင်းပေးရမယ့်အစား တစ်ချို့သောခေါင်းဆောင်တွေဟာ မိမိအုပ်စု၊ မိမိပါတီ၊ မိမိလူမျိုး၊ မိမိဘာသာ သာသနာ၊ မိမိအကျိုးစီးပွားကိုသာ ကြည့်ပြီး မီးလောင်ရာလေပင့် လုပ်နေတာ တွေ့ရတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန်ဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါတယ်။

နိုင်ငံအတော်များများမှာ နိုင်ငံတော်ဆိုတာကို သုံးနှုန်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းက အကြီးမားဆုံးပါ။ နိုင်ငံတော်ကို ချုပ်ကိုင်ထားပြီး စီးပွားရေးအာဏာကို ထိန်းကွပ်လို့ သူ့ရဲ့ မြို့တော်ကုန်ထုတ်စီးပွားရေးနဲ့ သူတို့အကျိုးစီးပွားအတွက်ကိုသာ ဦးစားပေး လုပ်တတ်ကြပါတယ်။ အဲ့ဒါကြောင့်လည်း နိုင်ငံတော်ယန္တရားကို ချုပ်ကိုင်နိုင်ဖို့ ပြင်းထန်တဲ့ အားပြိုင်မှုတွေ ဖြစ်လာပြီး ပဋိပက္ခတွေ ဖြစ်လာရတာပါ။

ဒီလိုပဋိပက္ခတွေကို ဖြေရှင်းဖို့က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဘက်မလိုက်တဲ့ပုံစံ ဒါမှမဟုတ် ဘာသာရေး၊ လူမျိုးရေးနဲ့မနွယ်တဲ့ အမျိုးသားရေးပုံစံတွေကို ကျင့်သုံးရမှာပါ။ သို့သော် ခေါင်းဆောင် အတော်များများက သူတို့ကို ထောက်ခံမယ့် နောက်လိုက်အင်အား နည်းလာမှာကို စိုးရိမ်ပြီး အဲ့ဒီစနစ်တွေကနေ မသိမသာ ရှောင်ဖယ်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။

ပဋိပက္ခတွေကို ဖြေရှင်းဖို့ အသင့်တော်ဆုံးလို့ နိုင်ငံအများ လက်ခံကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ် ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ဒါမှမဟုတ် နိုင်ငံဖွဲ့စည်းပုံကို ထိန်းညှိနိုင်မယ့် စနစ်တစ်ခုခုကို ကျင့်သုံးဖို့ ခေါင်းဆောင်တွေ အနေနဲ့ စဉ်းစားသင့်ပါတယ်။ လူအများ နားလည်မှု လွဲမှားသွားနိုင်ပြီး ပဋိပက္ခတွေ ပိုဖြစ်လာနိုင်တဲ့ ဦးဆောင်မှုမျိုး မလုပ်သင့်ပါဘူး။

ဒီ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေကို ကျင့်သုံးပြီး ပဋိပက္ခတွေ၊ တင်းမာမှုတွေကို ဖြေရှင်းနိုင်ခဲ့တာသာမက မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းကြား အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် အသုံးပြုခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။

အော့ကလန်ကျွန်းကိစ္စနဲ့ ဖင်လန်အုပ်ချုပ်မှု အောက်မှာရှိတဲ့ ဆွီဒင်စကားပြောလူများစုဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ ဖယ်ဒရယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ၁၉၂၁ ခုနှစ်ကတည်းက ကျေနပ်စွာ လက်ခံကျင့်သုံးခဲ့ကြတာ တွေ့ရတဲ့အပြင် အီတလီနဲ့ ဂျာမန်စကားပြော လူမျိုးစုတွေရဲ့ တင်းမာမှုကိုလည်း ဒီစနစ်ကိုသုံးပြီး လျော့ပါးသွားအောင် လုပ်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာလည်း လူမျိုးစုပြဿနာကို ၁၉၅၆ ခုနှစ်မှာ ဘာသာစကားကို အခြေခံပြီး ပန်ချပ်ပြည်နယ်နဲ့ ဘုံဘေကို တိုင်းတွေအဖြစ်၊ အာသံနာဂလင့်နဲ့ မီဇိုယမ်ကို ပြည်နယ်အဖြစ်ပေးပြီး ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာလည်း တိုင်းရင်းသားလူနည်းစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်မှု အခွင့်အလမ်းကို အခိုင်အမာ ပေးထားတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ခေါင်းဆောင်တွေအနေနဲ့ မီးလောင်ရာလေပင့်တဲ့ “ငါ”စွဲစိတ်ကိုဖျောက်ပြီး နိုင်ငံတွင်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် စနစ်တွေကို ဖော်ဆောင်ကျင့်သုံးသင့်တယ်လို့ မြစ်ကြီးနားသတင်း ဂျာနယ်က ရေးသားလိုက်ပါတယ်။