ကချင်၊ ကရင်၊ ကယား၊ ချင်းနဲ့ မွန်ပြည်နယ်တွေမှာရှိတဲ့တိုင်းရင်းသားပါတီတွေ ပေါင်းစည်းမှုတွေ လုပ်လာကြတာကိုတွေ့ရပါတယ်။ ဒါဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာပြည်ထောင်စုနဲ့ ဒေသတွင်းလွှတ်တော်နေရာတွေမှာ တိုင်းရင်း သားပါတီတွေ နေရာအတော်များများ ရရှိအောင် ကြိုးစားလာတဲ့ ပထမခြေလှမ်းလို့ ပြောလို့ရပါတယ်။

ဒါဟာ တိုင်းရင်း သားပါတီတွေရဲ့ မိမိတို့ တိုင်းရင်းဒေသတွေအတွက် အခွင့်အလမ်းတွေရရှိအောင်နဲ့ ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ် ဆောင်ချင်စိတ်ရှိတယ်လို့ ယေဘုယျအားဖြင့် ဆိုလို့ရပါတယ်။ဒီနေ့ ကချင်ပြည်နယ်မှာတော့ ကချင်ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) စတဲ့ ပါတီသုံးခုပူးပေါင်းလိုက်ပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)ဆိုပြီး ဖွဲ့လိုက်ပြီဖြစ်ပါတယ်။ သို့သော် ဒီတိုင်းရင်း သားပါတီတွေ အားလုံးပေါင်းရင်တောင် အစိုးရဖွဲ့ဖို့ မဖြစ်နိုင်တာကို တိုင်းရင်းသားပါတီတွေက နားလည်ကြပါတယ်။ ဒါ့ကြောင့်လည်း အစိုးရ ဖွဲ့နိုင်ခြေရှိတဲ့ ပါတီကြီးတွေနဲ့ ပူးပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ပြင်ဆင်လာတာ တွေ့ရပါတယ်။ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲနိုင်ခဲ့မယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။

မလေးရှားနိုင်ငံမှာလည်း နိုင်ငံတွင်းနေထိုင်ကြတဲ့ တရုတ်၊ မလေးနဲ့ အိန္ဒိလူ့အဖွဲ့အစည်းတွေ ဦးဆောင်ပြီး ပါတီသုံးခုပေါင်းကာ အောင်မြင်တဲ့ ညွှန့်ပေါင်းအဖွဲ့ ဖွဲ့ခဲ့ပြီး ၁၉၅၀ ကနေ ၁၉၈၀ ကျော်ထိနှစ်ပေါင်း ၃၀ ကျော်လောက် အုပ်ချုပ်နိုင်ခဲ့တဲ့ သာဓကလည်းရှိခဲ့ပါတယ်။အဲ့ဒီနောက် စင်္ကာပူဝန်ကြီးချုပ် လီကွမ်းယူရဲ့ လက်ထောက်လည်း ဖြစ်၊ ဆက်ခံသူတစ်ဦးလည်းဖြစ်တဲ့ ဂိုချုပ်ထောင်ကလည်း စင်္ကာပူနိုင်ငံအတွက် အလားတူပုံစံကိုထောက်ခံခွင့်ပြုခဲ့တာ တွေ့ရပါတယ်။ ဒါဟာ အရင်ကအရှေ့အာရှနိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့တစ်ပါတီ လွှမ်းမိုးတဲ့စနစ်ကနေ ပြောင်းလဲလာတာကို တွေ့ရပါတယ်။

တစ်ပါတီစနစ်မှာ အာဏာအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပေမယ့် အာဏာကို လွဲပြောင်းရယူနိုင်ခြင်း မရှိတာ တွေ့ခဲ့ကြမှာပါ။ ဒါ့အပြင် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ပေမယ့် အာဏာရဖို့ ဖြစ်လာနိုင်ရင်တောင် ပင်မပါတီက လူတွေအတွက်ပဲ ဖြစ်နေပါတယ်။ ဒီလို နိုင်ငံရေးစနစ်က အပြောင်းအလဲမရှိတဲ့ ဒီမိုကရေစီစနစ်သာဖြစ်လို့ဒီနေ့ ပြောင်းလဲသင့်ပါတယ်။ ဒီနေ့ ကျင့်သုံးမယ့်စနစ် ဖြစ်သင့်တာက နိုင်ငံရေးပါတီတွေ၊ မဟာမိတ်တွေဟာ လွတ်လွတ်လပ်လပ် ညီညီမျှမျှယှဉ်ပြိုင်နိုင်ရုံတင်မကဘဲ သူတို့ဟာ အာဏာကိုလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ လွှဲပြောင်းရယူနိုင်တဲ့စနစ် ဖြစ်သင့်ပါတယ်။ဒါ့အပြင် မအောင်မြင်မှုအတွက် စနစ်ကိုအပစ်မတင်ဘဲ လက်ရှိအာဏာရှိနေသူကိုသာ အပစ်တင်ပြီး လက်ရှိအာဏာ ရှိသူကိုထုတ် ပယ်ခြင်း၊ အသစ်ပြန်လည် ခန့်ထားခြင်း ဆိုတဲ့ပုံစံကျင့်သုံးရမှာပါ။

ဒါမှလည်း စနစ်ကို အသစ်ပြန်ဖြစ်စေနိုင်ဖို့ ကူညီရာ ရောက်နိုင်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံစံနှုန်းတစ်ခုကတော့ အတိုက်အခံအုပ်စုတွေကို ကန့်သတ်ချုပ်ချယ်တာ၊ အစိုးရက ခြိမ်းခြောက် အကျပ်ကိုင်တာ စတာတွေမရှိဘဲ နိုင်ငံရေးပါတီတွေကြားမှာ မဲရရှိဖို့အတွက် ပွင့်ပွင့်လင်းလင်း ပြိုင်ဆိုင်နိုင်ခြင်းနဲ့သာ တူညီမျှရှိစေခြင်းတို့ပဲ ဖြစ်ပါတယ်။ဒီစံနှုန်းတစ်ခု အောင်မြင်ဖို့အတွက်ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုရုံးခွင့် တွေအပြင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက်လက်ခံနိုင်လောက်တဲ့ သာတူညီမျှမှု စတဲ့အခွင့်အရေးတွေကိုလက်ရှိ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးသင့်တယ်လို့ မြစ်ကြီးနားသတင်း ဂျာနယ်ကရေးသားလိုက်ရပါတယ်။