အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်ဇင်မာအောင်နှင့် အင်တာဗျူး။
စက်တင်ဘာ လဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ အာဆီယံ အရပ်ဘက်ဖွဲ့အစည်း ညီလာခံ(အာဆီယံ လူထုဖိုရမ်) က မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ် ကြေညာခဲ့ပါတယ်။
စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့အတွက် ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာပါ။
ဒါကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ စစ်တပ်ရဲ့ တရားဝင်မှုကို ဖြတ်တောက်တာတွေ၊ နိုင်ငံရေးအရ ပူးပေါင်းတွေ မပြုလုပ်ဖို့အပြင် တရားမဝင်ရွေးကောက်ပွဲကို ပယ်ချဖို့လည်း အာဆီယံလူထုဖိုရမ်က တောင်းဆိုထားပါတယ်။
အဲဒီလို အကြမ်းဖက်အဖွဲ့အဖြစ် စစ်တပ်ကို အာဆီယံလူထုဖိုရမ်က ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်လဲ။
အာဆီယံရဲ့ အခုရက်ပိုင်းဆုံးဖြတ်သွားတဲ့ ဆုံးဖြတ်ချက်တွေကရော မြန်မာပြည်သူလူထုအတွက် အကျိုးရှိနိုင်လား။ စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ်က အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ဇင်မာအောင်ကို မေးမြန်းထားပါတယ်။
မေး- မြစ်ကြီးနားသတင်းဂျာနယ် ။ ။ အာဆီယံ လူထုဖိုရမ်ဆိုတာဘာလဲ။ အဲဒီဖိုရမ်က ဆုံးဖြတ်ချက်တွေက ဘယ်လောက် တာသွား(အကျိုးသက်ရောက်မှု)လေ့ရှိလဲ။
ဖြေ- ဒေါ်ဇင်မာအောင် ။ ။ အာဆီယံလူထုဖိုရမ်ဆိုတာကတော့ အဓိကတော့ အာဆီယံမှာက ယန္တရားတွေ အများကြီးရှိတယ်ပေါ့။ အစိုးရနဲ့ပတ်သက်တဲ့ ယန္တရားတွေရှိတယ်။ လွှတ်တော်နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတွေရှိတယ်။ စီးပွားရေးမျက်နှာစာရှိတယ်။ နောက်ပြီး ခုလူထုပေါ့နော်။ လူထုမျက်နှာစာရှိတယ်။ လူထုမျက်နှာစာမှာဆိုလို့ရှိရင် ဒီအာဆီယံလူထုဖိုရမ်က အာဆီယံဒေသတွင်းကနိုင်ငံတွေမှာရှိတဲ့ အရပ်ဖက်အဖွဲ့တွေပေါ့။ ဒီအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ အသံပါပဲ။ အရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် လူထုအခြေပြု အဖွဲ့အစည်းတွေလည်းပါတယ်။ အထူးသဖြင့် အာဆီယံလူထုဖိုရမ်သည် အရပ်ဖက်၊ အရပ်သားတွေရဲ့အသံ အရပ်ဖက်ရဲ့အသံကိုပိုပြီး ကိုယ်စားပြုပြီးတော့ အာဆီယံခေါင်းဆောင်တွေက ဒေသတွင်းကိစ္စတွေကို ရည်ညွှန်းလုပ်ကြတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်တွေက ဘယ်လောက်တာသွားလေ့ရှိလဲဆိုတော့ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ စဉ်းစားချက်တွေအပေါ်မှာ ထိုက်သင့်တဲ့ လွှမ်းမိုးမှုရှိတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။ Advocate (စည်းရုံး) လုပ်တယ်။ အစိုးရတွေ မူဝါဒတွေကို လွှမ်းမိုးမှု လုပ်နိုင်တဲ့ အားတစ်ခုဖြစ်ပါတယ်။
မေး- မြစ်ကြီးနားသတင်းဂျာနယ် ။ ။ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အခုဖိုရမ်က သတ်မှတ်လိုက်တယ်။ အဲဒီလိုသတ်မှတ်လိုက်တော့ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ- ဒေါ်ဇင်မာအောင် ။ ။ အာဆီယံထဲက ဒီလူထုဖိုရမ်က စစ်တပ်ကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာက ဘာကိုထင်ဟပ်စေလဲဆိုတော့ မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ်မှာ အရပ်သားတွေအပေါ်မှာ အကြမ်းဖက် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးစုတွေကိုရှင်းလင်းတဲ့ (Genocidal Intent) နဲ့ တရားစွဲခံထားရတဲ့ ကိစ္စတွေ ဒီဟာတွေအပေါ်မှာ အခြေခံပြီးတော့ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ တကယ်လည်း လူမျိုးစုတစ်စုတင်မဟုတ်ဘဲ လူသားမျိုးနွယ်စုအပေါ်မှာပါ ကျူးလွန်နေတဲ့၊ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီစစ်တပ်ကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တယ်။ ကြေညာတယ်ဆိုတာကတော့ ဘာပဲပြောပြောပေါ့နော် တော်လှန်ရေးအတွက်ရော ပြည်သူလူထုအတွက်ရော အားဖြစ်စေတဲ့အပြင်ကို စစ်တပ်ရဲ့ Credibility (ယုံကြည်ခံရမှု) ရော စစ်တပ်ကို အရောဝင်တဲ့ ပရောပရီလုပ်ဖို့ကြံစည်နေကြတဲ့ ဒီဒေသတွင်းနိုင်ငံတွေ အနေနဲ့လည်းပဲပေါ့နော်။ မစဉ်းစားမဆင်ခြင်ဘဲနဲ့ မနေနိုင်အောင်ဖြစ်ရတဲ့ အမှတ်အသားသရုပ်အနေနဲ့တော့ ဒီကြေညာချက်က တည်ရှိနေတယ်လို့ မြင်ပါတယ်။
မေး- မြစ်ကြီးနားသတင်းဂျာနယ် ။ ။ အခု အာဆီယံက အရှေ့၊ အလယ်၊ နောက် ဥက္ကဋ္ဌ သုံးနိုင်ငံပေါင်းပြီး မြန်မာ့အရေးကိုင်တွယ်မယ်ဆိုဝောာ့ အဲဒီအပေါ် ဘယ်လိုသုံးသပ်မိလဲ။ အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်မှုဟာ တကယ်ရော အလုပ်ဖြစ်ပါ့မလား။
ဖြေ- ဒေါ်ဇင်မာအောင် ။ ။ ဟုတ်ကဲ့ အခုအာဆီယံကြေညာချက်ပေါ့လေ။ အာဆီယံသဘောတူညီချက် (၅) ချက်ကို Implementation လုပ်ပြီး သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတဲ့ ကြေညာချက်ပေါ့လေ။ အားလုံးပေါင်းတော့ သုံးသပ်တာ (၉) ချက်ပေါ့နော်။ ဆုံးဖြတ်တာကတော့ (၁၀) ခုပါဝင်တာကို ကျမတို့တွေ့ရပါတယ်။ အဓိက ဒီဆုံးဖြတ်ချက်တွေထဲမှာပဲလည်း လေတပ်ကနေပြီးတော့ လေကြောင်းနဲ့ဗုံးကြဲပြီးတော့ အရပ်သားအဆောက်အဦတွေ အရပ်ဖက်ကျောင်းတွေ၊ ဈေးတွေ၊ ဆေးရုံတွေကို၊ ဘာသာရေးအဆောက်အဦတွေကို တိုက်ခိုက်တဲ့ကိစ္စတွေကိုလည်းပဲ ဒါကရပ်တန့်ဖို့ တိုက်တွန်းထားတာတွေကို တွေ့ရတယ်။ ဒါတွေကလည်း ကျွန်မတို့တောင်းဆိုချက်တွေ အကျုံးဝင်တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်တစ်ခုကတော့ အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်တဲ့အခါ အရှေ့၊ အလယ်၊ အနောက်ပေါ့လေ။ သုံးနိုင်ငံပေါင်းပြီးတော့မှ မြန်မာ့အရေးကို ချဉ်းကပ်မယ်ဆိုတဲ့အပေါ်မှာလည်း ကြိုဆိုရမယ့်ကိစ္စလို့ မြင်ပါတယ်။ ကျွမတို့တိုက်တွန်းခဲ့တာလည်း ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာကိုက တစ်နိုင်ငံနဲ့တစ်နိုင်ငံကို မတူကြဘူးပေါ့နော်။ မတူကြတဲ့အခါမျိုးမှာ ဥက္ကဋ္ဌကလည်း တစ်နှစ်တည်းနဲ့ ပြောင်းတာဖြစ်တော့ အာဆီယံဥက္ကဋ္ဌတစ်ယောက် ပြောင်းတိုင်းသာ လိုက်ပြီးတော့ အစကနေပြောင်းရမယ်ဆိုရင် မြန်မာ့အရေးဟာလည်း နှစ်နှစ်ကျော် သုံးနှစ်ထဲကိုရောက်လာပြီ။ အစကနေပြန်စရမယ်ဆိုရင် အရှေ့မှာရရှိခဲ့တဲ့ ကျွန်မတို့လိုချင်သည့် အတိုင်းအတာမဟုတ်သည့်တိုင်အောင်ပေါ့နော်၊ လုပ်ခဲ့ကြတဲ့အလုပ်တွေ အဖွဲ့အစည်းအလိုက် ဆက်သွယ်မှုတွေကို သွားတဲ့နေရာမှာ အစကနေပြန်စရမယ်ဆိုရင် ဘယ်တော့မှရှေ့ရောက်မှာ မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ဒီလို (၃) ဖွဲ့သွားခြင်းအားဖြင့် ရှိပြီးသားလုပ်ငန်းစဉ်တွေပေါ်မှာတော့ ဆက်လုပ်သွားနိုင်မယ်လို့မြင်တယ်။ ပိုမိုပြီးတော့ တွန်းတွန်းတိုက်တိုက်။ အဓိက ကတော့ ရှေ့ကိုဘယ်လောက်ရောက်မလဲလို့ မသိပေမဲ့ အရမ်းကြီး နောက်ပြန်လည်မသွားနိုင်တဲ့ အနေအထားမျိုးထိ အထောက်အပံ့ဖြစ်တယ်လို့ ကျမမြင်ပါတယ်။
မေး- မြစ်ကြီးနားသတင်းဂျာနယ် ။ ။ ။ အခုလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဆီယံတစ်နိုင်ငံချင်း ဆက်သွယ်မှုတွေကရော ဘယ်လောက်အတိုင်းအတာထိ တိုးတက်နေပြီလို့ ပြောလို့ရမလဲ။ ပြည်သူတွေကို ဘယ်လောက်ထိ အသိပေးလို့ရမလဲ။
ဖြေ- ဒေါ်ဇင်မာအောင် ။ ။ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးကတော့ ကျွန်မ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့တော့ အာဆီယံအဖွဲ့အစည်းကြီးအနေနဲ့ရော အာဆီယံနိုင်ငံတွေထဲမှာရှိတဲ့ တစ်နိုင်ငံချင်းစီနဲ့ရော အမြဲတံခါးဖွင့်ပြီး ဆက်ဆံသလို၊ ထိတွေ့ဆက်ဆံရေး လုပ်ပါတယ်။ တစ်ဖက်မှာကျတော့လည်း ကျမအရှေ့မှာ ပြောသွားသလိုမျိုးပဲပေါ့နော်။ နိုင်ငံတစ်ခုချင်းစီက ချဉ်းကပ်ပုံတွေ၊ ရပ်တည်ချက်တွေ၊ ကွာခြားချက်တွေ ရှိကြပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ တုံ့ပြန်ပုံတွေက မတူပါဘူး။ ဒါပေမဲ့ ဒီအာဆီယံအဖွဲ့အစည်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ခုနက အရှေ့မှာရထားတဲ့ အာဆီယံသဘောတူညီချက် (၅) ချက်ရှိမယ်။ ဒါပေမဲ့ ဒီ (၅) ချက်ကို သုံးသပ်တဲ့အခါ ဘယ်လောက်တိုးတက်လဲ၊ မတိုးတက်ဘူးလဲ။ မတိုးတက်ရင် ဘယ်လိုဆက်လုပ်မလဲ။ ဒီတိုင်းပဲဆက်ထားမှာလား။ စာရွက်တွေပဲ၊ ကြေညာချက်တွေပဲ ထုတ်နေမှာလားပေါ့။ တခြားသော ဖိအားပေးနိုင်မဲ့ အစိတ်အပိုင်းတွေ မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းတော့ ကျမတို့မှာ ရှိပါတယ်။ အဲဒီလို ဖိအားပေးနိုင်တာ မရှိဘဲနဲ့ စာချည်းပဲထုတ်နေမယ် ဆိုလို့ကတော့ စစ်ကောင်စီက သူ့ကိုဘယ်လောက်ပဲ ရှုတ်ချ၊ ရှုတ်ချ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် လက်တွေထိရောက်တဲ့ ဖိအားဖြစ်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ၊ အရေးယူဆောင်ရွက်မှုတွေတော့ လိုတယ်လို့ ကျမတို့မြင်ပါတယ်။ အဲဒီအရေးယူဆောင်ရွက်မှုတွေကိုလည်းပဲ အာဆီယံအဖွဲ့ကြီးအနေနဲ့ တစ်စုတစ်စည်းထဲ ပိုပြီးတော့ အဖွဲ့အစည်းအရ ဖိအားပေးသင့်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကောင်စီကိုယ်၌ကိုယ်က အာဆီယံဒေသတွင်းမှာ အင်မတန်မှ အာဆီယံကို ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့တောင် ဖြစ်လာနေတယ်။ အာဏာသိမ်းမှုကြောင့် အာဆီယံမှာ တခြားလုပ်စရာ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဓလေ့ အစရှိသဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ရမယ့် အစီအစဉ်တွေရှိနေတယ်။ အဲဒီအနေအထားမှာ မြန်မာပြည်က ဒီစစ်ခေါင်းဆောင်တွေ အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့် ဒီအရေးကြီးက သူတို့ခေါင်းပေါ်မှာပါ ဝန်ထုပ်ဝန်ပိုးအနေနဲ့ ဖြစ်လာတဲ့ အတွက်ကြောင့်မို့လို့ ဒီကိစ္စကိုမြန်မြန်အဆုံးသတ်နိုင်အောင် အာဆီယံအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်ဆိုတာတော့ ကျွန်မတို့မြင်ပါတယ်။ ဒီသတင်းစကားကိုလည်းပဲ အာဆီယံခေါင်းဆောင်တွေဆီ ကျမပေးချင်ပါတယ်။
မေး- မြစ်ကြီးနားသတင်းဂျာနယ် ။ ။ ပြည်သူတွေကို ဘာသတင်းစကားမျိုးပါးချင်လဲ။ ဖြည့်စွက်ချင်တာရှိရင်လည်း ပြောပေးပါဦး။
ဖြေ- ဒေါ်ဇင်မာအောင် ။ ။ ကျမတို့ပြည်သူလူထုက အာဏာရှင်ကိုဘယ်လောက်ထိစက်ဆုပ်ရွံရှာလဲ၊ ဘယ်လောက်ထိ ဒီတိုင်းပြည်ကို ဘယ်လိုပုံစံမျိုးနဲ့ သွားချင်သလဲဆိုတဲ့ဟာက ဒီတော်လှန်ရေးကာလထဲမှာ ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်းပြသခဲ့ပြီးပြီ။ ပြသနေဆဲလည်း ဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ပြောရမယ်ဆိုရင် ဘယ်သူက ကြံ့ကြံ့ခိုင်နိုင်သလဲ။ ကြံ့ကြံ့ခံနိုင်တဲ့သူကပဲ အနိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်ကောင်စီက ဘယ်လောက်ပဲရက်စက် ရက်စက် ပြည်သူလူထုရဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းက ကျွန်မတို့တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်ဆိုတာ မလွဲဧကန်ပဲဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေ အချည်းအနှီးမဖြစ်ရအောင်လဲပဲ ကျမတို့ နိုင်ငံရေးအရ စစ်ရေးအရတော်လှန်ရေးမှာ တာဝန်ယူထားတဲ့ တာဝန်ရှိနေတဲ့ အစုအဖွဲ့တွေအနေနဲ့ ပိုပြီးတော့ စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ကြိုးစားအားထုတ်သွားကြဖို့ လိုပါတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ ကျွန်မတို့ ဒီတာဝန်ကိုလည်းပဲ အပီပြင်ဆုံးဖြစ်အောင် ထမ်းဆောင်သွားပါမယ်လို့ ပြည်သူလူထုကို သတင်းစကားပါးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ် ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။