“ကျွန်တော်ကတော့ မုန့်လုပ်ငန်းကို သုညကနေစခဲ့တာ ဟုတ်တယ်။ နောက်ဆုံး ကျွန်တော့်ဆီမှာ လက်ကျန်ငွေလည်း ဘာမှ မရှိတော့ဘူး။ ဂျုံလည်း တစ်အိတ်လောက်ပဲ ကျန်တော့တယ်။လုပ်လိုက်၊ ရှုံးလိုက်နဲ့ပေါ့။ အဲဒီကနေ ပြန်ပြီးတော့ ကြိုးစားရင်းနဲ့ ပြန်ဖြစ်လာခဲ့တာပေါ့” ဆိုတဲ့ လပ်ကီးမုန့်တိုက်ပိုင်ရှင် ဦးဘရန်မွန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

လပ်ကီးမုန့်ဟာဆိုရင် ကချင်ပြည်နယ်အတွင်းမှာတော့ မသိသူမရှိလောက်အောင် နာမည် ကျော်ကြားပြီး အများက ထောက်ခံအားပေးကြတဲ့ မုန့်ဆိုရင် မမှားပါဘူး။ ၎င်းမုန့် အရည်အသွေး ကောင်းမွန်အောင် အစဉ်တစိုက်ကြိုးပမ်းနေတဲ့ ကပ်ကီးမုန့်ရဲ့ ပဲ့ကိုင်ရှင်ကတော့ ဦးဘရန်မွန်းပဲ ဖြစ်ပါတယ်။

သူဟာဆိုရင် ကိုယ်ပိုင်စီးပွားရေးအဖြစ် မုန့်လုပ်ငန်းကို မလုပ်ကိုင်ခင်က ဓာတ်ပုံလုပ်ငန်းကို (၁၀)နှစ်ကြာ လုပ်ကိုင်လာခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်း လူအများနဲ့ လုပ်ရတဲ့ လုပ်ငန်း၊ ထုတ်ကုန် များများ ထုတ်လုပ်၊ ရောင်းချတဲ့ လုပ်ငန်းကို စိတ်ဝင်စားတဲ့အတွက် မုန့်လုပ်ငန်းကို လုပ်ကိုင်ရန် ဓာတ်ပုံလုပ်ငန်းကို စွန့်လွှတ်ခဲ့ပါတယ်။

အခုဆိုရင် လပ်ကီးမုန့်လုပ်ငန်းကို လုပ်ကိုင်ရင်း ရပ်တည်လာတာ နှစ်ပေါင် (၃၀)ကျော် ဝန်းကျင်လောက်ရှိပြီပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ မုန့်လုပ်ငန်း စတင်လုပ်ကိုင်ချိန်က အတွေ့အကြုံတွေ၊ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရောက်ရှိအောင် ဘယ်လိုတွေ ကြိုးစားရုန်းကန်ခဲ့ရတာတွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် သူ့ဘဝတစ်လျှောက် အဖြစ်အပျက်တွေနဲ့ ထင်ဟပ်ပြောပြထားတာတွေကို မြစ်ကြီးနားသတင်းဂျာနယ် စာဖတ်ပရိတ်သတ်တွေ ဗဟုသုတ၊ အတုယူဖွယ် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

မေး။ ။ ပထမဦးဆုံး ဆရာ့ရဲ့နာမည်လေးနဲ့ မိသားစုဝင်တွေကို မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ ကျွန်တော့ နာမည်ကတော့ ဦးမရစ်ဘရန်မွန်းပါ။ အသက်ကတော့ ၆၅ နှစ်ထဲ ဝင်လာပြီ။ မိသားစုကတော့ သားတစ်ယောက်၊ သမီးနှစ်ယောက်ရှိပါတယ်။ နေတာကတော့ မြို့သစ်မှာပါ။

မေး။ ။ ဆိုတော့ ဆရာ့အနေနဲ့ စီးပွားရေးလောကကို ဘယ်အချိန်ကတည်းကနေ စတင်ဝင်ရောက်လာခဲ့တာလဲ။
ဖြေ။ ။ စီးပွားရေးက ဓာတ်ပုံလုပ်ငန်းက အလုပ်သင်ကနေစခဲ့တယ်။ ၁၉၇၅က စလုပ်တာ။ ကိုယ်ပိုင်မဟုတ်ဘူး။ ဝန်ထမ်းပေါ့။ စရိုက်တာကတော့ ၁၉၇၇ပေါ့။ ဖြတ်သန်းလာခဲ့ရတာကတော့ အများကြီးပေါ့။ ကျွန်တော်ကတော့ မုန့်လုပ်ငန်းကို သုညကနေစခဲ့တာ ဟုတ်တယ်။ အဲ့ဒီက ရလာတဲ့ အတွေ့အကြုံက ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းလုပ်လာတဲ့ အချိန် အများကြီး အထောက်ကူပြုပါတယ်။ ကိုယ်ပိုင်လုပ်ငန်းကိုတော့ ၁၉၈၉ ကနေ စလုပ်တယ်။ အခုဆို နှစ်ပေါင်း ၃၀လောက် ရှိပြီပေါ့။

မေး။ ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မုန့်လုပ်ငန်းကို ဘာကြောင့် ရွေးချယ်လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဒီမှာကျတော့ ကျောက်စိမ်းတို့၊ သစ်တို့က ခဏလေးနဲ့ ပိုက်ဆံရတဲ့ အခါကျတော့ ဒီဘက်ပိုင်းက အားနည်းတာပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကျောက်သွားတူးချင်တယ်။ သူဌေးဖြစ်ချင်တယ်။ နောက်ပိုင်း ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်အတွေးအခေါ်နဲ့ကိုယ် ရွေးချယ်ပြီး ဒီလုပ်ငန်း လုပ်ခဲ့တာပေါ့။ အရင်က မြစ်ကြီးနားမှာ မုန့်ဖိုတွေ အများကြီးရှိတယ်။ ရွှေနဂါးတို့၊ ရွှေယုန်တို့ အများကြီးပဲ။ ရွှေတွေနဲ့ပဲ။ တစ်ရက်ကျတော့ ရွှေနဂါးစက်ရုံကို သွားကြည့်တော့ ဘာသွားမြင်လဲဆိုရင်။ လူတွေ အများကြီးနဲ့ အလုပ်လုပ်နေတာမြင်တယ်။ ကျွန်တော်လည်း မြင်လိုက်တဲ့အခါ စိတ်ဝင်စားသွားတယ်။ များများထုတ်တဲ့ ကုန်ထုတ်လုပ်ငန်းကို အဲဒီမှာ သွားတွေ့တယ်။ အဲဒီဟာကို မြင်လိုက်ပြီးမှ ကျွန်တော့်စိတ်ထဲမှာ အရမ်းကို အလိုလိုနေရင်းနဲ့ပဲ လူများများနဲ့ လုပ်ချင်တဲ့၊ ထုတ်ကုန်တစ်ခု လုပ်ချင်တဲ့စိတ် အဲဒီမှာပေါက်ဖွားလာတာပေါ့။ ဖြစ်ချင်တော့ ကျွန်တော့်ဆီမှာ မုန့်လုပ်ငန်းနဲ့ပတ်သက်ပြီး တတ်ကျွမ်းတဲ့လူက ကျွန်တော့်ဆီလာပြီး မုန့်လုပ်ငန်းအတူလုပ်ရအောင်လို့ ပြောလို့ ကျွန်တော်သူတို့နဲ့ တွဲပြီး လုပ်လိုက်တယ်။ ၄လလောက်ပေါ့။ နောက်တော့ သူတို့လည်း သူတို့လိုင်းနဲ့ သူတို့လုပ်သွားတာပေါ့။

မေး။ ။ မုန့်လုပ်တဲ့ ပညာကိုရော ဘယ်လို သင်ယူခဲ့တာလဲ။
ဖြေ။ ။ စစချင်းကျွန်တော်လုပ်တုန်းက မုန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ လုပ်ရင်းကိုင်ရင်း၊ လေ့လာရင်းနဲ့မှ တတ်လာတယ်။ နောက်ပိုင်းမှ အခုဆိုရင် အရမ်းပြောင်းလဲသွားပြီ။ ကုမ္ပဏီကနေပြီးမှ သူတ့ိုပစ္စည်းသုံးမယ်ဆိုရင် သူတို့ကိုယ်တိုင် နည်းပညာလာပေးတယ်။ သူတို့ ကုန်ကြမ်းတွေပေါ့။ အခုနောက်ပိုင်းတော့ နည်းပညာတို့က အရမ်းလွယ်သွားပါပြီ။ သင်တန်းတွေလည်း အများကြီးရှိပြီပေါ့။ သင်ယူတာကတော့ ရန်ကုန်ကနေ သင်တန်းတွေ၊ နည်းပညာတွေ သင်ပေးတယ်။ မြစ်ကြီးနားမှာလည်း ပေါင်မုန့်တွေ၊ ကွတ်ကီးလုပ်နည်းတွေ အစုံလာသင်ပေးတယ်။ အခုချိန်ထိလည်း သင်ယူနေဆဲပါ။

မေး။ ။ စီးပွားရေးလောကကို မုန့်လုပ်ငန်းနဲ့ ဘယ်လိုစတင် ထိုးဖောက်ခဲ့တာလဲ။
ဖြေ။ ။ စစချင်းကျွန်တော် မုန့်လုပ်ငန်းလုပ်တုန်းက ဒီမှာ မုန့်ဖို ၇ခု၊ ၈ခုလောက်ရှိတယ်။ သူတို့က အားလုံးကုန်စုံဆိုင်မှာ သွင်းရတယ်။ သူတို့ ရောင်းတဲ့သူနဲ့ သွင်းတဲ့သူကြားမှာက သူတို့က ရောင်းတော့ ရောင်းပေးတာပေါ့။ ဒါပေမဲ့သူတို့က အထားအသိုတွေ၊ နေရာလည်း သိပ်မပေးနိုင်တာပေါ့။ တစ်ဆိုင်နဲ့ တစ်ဆိုင်အထားအသို သိပ်မတူတဲ့အခါကျတော့ မုန့်တွေက ခဏလေးနဲ့ မကောင်းတော့တာတို့၊ သိပ်မလတ်တော့တာတို့ သတိထားမိတဲ့အခါကျတော့ ကျွန်တော် ပထမဦးဆုံး ကိုယ့်မုန့်ဆိုင်နဲ့ ကိုယ်လုပ်ခဲ့တယ်။ လတ်လတ်ဆတ်ဆတ်ဖြစ်အောင်ပေါ့။ စားသုံးသူလည်း အဆင်ပြေအောင်၊ ကျွန်တော်တို့လည်း နာမည်ရအောင်ဆိုပြီးမှ ကိုယ့်ဟာနဲ့ကိုယ် တစ်မျိုးထဲရောင်းခဲ့တယ်။ ရောင်းမယ်ဆို အခြားဟာတွေလည်း ရောင်းလို့ရတယ်။ ဒါပေမဲ့ ကျွန်တော် ဒီတစ်လိုင်းပဲ လုပ်ပြီးထိုးဖောက်လာခဲ့တာပါ။ မြို့ကကျဉ်းတယ်ဆိုတော့ မုန့်က တင်လိုက်တာနဲ့ အားလုံးတော့သိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်တဲ့အခါကျတော့ သူများနဲ့ မတူအောင် ကွဲပြားအောင်တော့ လုပ်ရတာပေါ့။

မေး။ ။ မုန့်လုပ်ငန်းစတင်လုပ်တော့ ဘယ်လို စိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးပေါ့။ အကြီးမားဆုံး ဆုံးရှုံးမှုကတော့ မုန့်လုပ်ငန်းမှာက ရောင်းမရတဲ့ဟာကတော့ အရှုံးပေါ့။ အဲ့ဒါကို ကျွန်တော်တို့ ချင့်ချိန်ရတာပေါ့။ လုပ်ရင်း၊ ကိုင်းရင်းနဲ့ ကျွန်တော်တို့ ထုတ်ကုန်ကို ဆိုင်ကိုပြန်သွင်းလိုက်၊ ထုတ်လိုက်နဲ့ လဲတာများတာပေါ့။ နောက်ဆုံး ကျွန်တော့်ဆီမှာ လက်ကျန်ငွေလည်း ဘာမှ မရှိတော့ဘူး။ ဂျုံလည်း တစ်အိတ်လောက်ပဲ ကျန်တော့တယ်။ လုပ်လိုက်၊ ရှုံးလိုက်နဲ့ပေါ့။ အဲဒီကနေ ပြန်ပြီးတော့ ကြိုးစားရင်းနဲ့ ပြန်ဖြစ်လာခဲ့တာပေါ့။ စိတ်ဝင်စားမှုတော့ အရမ်းအရေးကြီးတာပေါ့။ လေ့လာမှုလည်း လိုတယ်။ ကိုယ်ကစိတ်ဝင်စားမှုရှိတယ်။ ကျွန်တော့်အခြေခံက ဓာတ်ပုံကနေအခြေခံတာ။ ဓာတ်ပုံမှာ လုပ်ရင်းနဲ့ ကိုယ်လုပ်တဲ့အလုပ် ကိုယ်ရိုက်တဲ့ ဓာတ်ပုံကိုကြည့်ပြီး ခံစားချက်က ကြည်နူးတယ်။ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကိုကြည့်ပြီး Feeling ဖြစ်တာပေါ့။ အဲ့ဒီကနေ တစ်ဆက်တည်း ကိုယ်လုပ်လိုက်တဲ့ မုန့်လုပ်တဲ့အခါမှာလည်း ကောင်းလား၊ မကောင်းဘူးလား ဆိုတဲ့ဟာမျိုးက သဘောတရားအတူတူပဲ။ Feeling ပေါ့။ ဝါသနာပါတာတော့ မဟုတ်ဘူး။ လုပ်ရင်း ကိုင်ရင်းနဲ့မှ ဝါသနာပါသွားတယ်။

မေး။ ။ အခက်အခဲတွေကိုရော ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့လဲ။
ဖြေ။ ။ ကျွန်တော်ကိုယ်တိုင် အောက်ခြေကနေ တက်လာတယ်။ သုညကနေ စခဲ့တယ်။ ကျွန်တော့်ဆီမှာ ယုံကြည်မှုတစ်ခုတော့ တည်ဆောက်ထားတာပေါ့နော်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဲ့ဒီယုံကြည်မှု မိတ်ဆွေအပေါင်းအသင်းတွေကတစ်ဆင့် ကျွန်တော်က ကုန်ကြမ်းကို လက်ငင်းယူစရာမလိုဘူး။ အဟောင်းပေး၊ အသစ်ယူပေါ့နော်။ အဲဒီတစ်ခုတော့ အများကြီး အဆင်ပြေသွားတယ်။ ဘာလို့ဆို လုပ်ငန်းတစ်ခုလုပ်ဖို့က အရင်းအနှီးက အရမ်းအရေးကြီးတယ်။ အလုပ်လုပ်တဲ့အခါ ကောင်းတဲ့ အပေါင်းအသင်းမိတ်ဆွေတွေ အင်ပါယာချဲ့ပါ။ ခုနက ပြောသလို ကျွန်တော်က ဓာတ်ပုံလုပ်ငန်းက အပေါင်းအသင်းတွေ အဲ့ဒီအရှိန်ကြောင့် လုပ်ငန်းတစ်ခု လုပ်တဲ့ အခါကြည့်ရှု စောင့်ရှောက်မယ့်လူတွေ ရှိတာပေါ့။ အရင်ကတည်းကလည်း အလုပ်တွေ လုပ်ခဲ့ဖူးတယ်ဆိုတော့ စိတ်ဓာတ်ကျတာတော့ သိပ်မရှိခဲ့ဘူး။ လုပ်ငန်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံလည်း ရှိတယ်၊ အရှုံးနဲ့လည်း ရင်ဆိုင်ဖူးတယ်ဆိုတော့ ခံနိုင်ရည်တော့ ရှိတယ်ပေါ့။ ကျွန်တော်တို့ကလည်း ဝန်ထမ်းဘဝကနေ တက်ခဲ့တယ်ဆိုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့ အချိန်မှာ ကိုယ့်ရဲ့ဝန်ထမ်းတွေကို နာလည်ပေးနိုင်တယ်။

မေး။ ။ အခုလို မုန့်လုပ်ငန်းက အောင်မြင်နေတဲ့ အပေါ်မှာရော။
ဖြေ။ ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။ အဲ့ဒါက နံပါတ်တစ်ပဲ။ အဲ့ဒီက သွန်သင်ဆုံးမမှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အမြဲတမ်းကျွန်တော်ကတော့ အလုပ်ကို မှန်မှန်ကန်ကန်ပဲ လုပ်တယ်။ အများပေါ်မှာလည်း စေတနာလည်း အပြည့်ထားရှိတယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်က အရမ်းအရေးကြီးတယ်။ စေတနာပေါ့။ စိတ်ထားဆိုတာက တစ်ခါတည်းနဲ့ လုပ်ယူလို့မရဘူး။ ပြောရမယ်ဆိုရင် အနောက်ကို ပြန်သွားရရင် ကျွန်တော်ဓာတ်ပုံ စရိုက်တဲ့အခါ ပုံကောင်းတစ်ပုံ ထွက်လာလို့ရှိရင် ရင်ထဲမှာ ပီတိစားတာပေါ့နော်။ ပီတိစားတတ်ဖို့လည်း လိုတယ်။ အဲ့ဒီ သဘောပဲ ကျွန်တော်မုန့်လုပ်ငန်း လုပ်ပြီဆိုရင် ဦးဘရန်မွန်းမုန့်က ကောင်းတယ်။ လပ်ကီးက ကောင်းတယ်။ အဲ့လိုမျိုး ပီတိပေါ့နော်။ ဒါပေမဲ့ ပီတိကြီးပဲ စားလို့မရဘူး။ ပါဝင်တဲ့ ကုန်ကြမ်းတွေကလည်း အရေးကြီးတာပေါ့။ စေတနာနဲ့ လုပ်တယ်။ ပိုက်ဆံရဖို့ တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ပေါ့။ ခံစားတတ်ဖို့ အရေးကြီးတယ်။ အောင်မြင်တယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ ရပ်တည်နိုင်တာပေါ့။ ရှေ့ဆက်ပြီးမှလည်း ကျွန်တော်တို့က ရပ်တည်နိုင်နေရုံနဲ့မရဘူး။ ရှေ့ဆက်ပြီး သင်ယူ၊ လေ့လာဖို့ အမြဲတမ်း ပညာတွေကို သင်ယူနေရအုံးမယ်ပေါ့။

မေး။ ။ ဆရာ့အနေနဲ့ အောင်မြင်မှုရရှိဖို့ ဘယ်လိုမျိုးအရာတွေ ထားရှိသင့်တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ အောင်မြင်မှုတစ်ခုရဖို့ ဆိုရင် ကိုယ်လုပ်တဲ့ လုပ်ငန်းကို ကျွမ်းကျင်ဖို့လိုတယ်။ သိထားဖို့၊ လေ့လာဖို့လည်း လိုတာပေါ့။ နောက်ပြီး အတွေ့အကြုံတွေက အရေးကြီးတယ်။ ကျွန်တော်ဆိုရင် ဓာတ်ပုံလုပ်ငန်းအတွေ့အကြုံတွေကနေ ဝယ်လို့မရတဲ့ အတွေ့အကြုံတွေက အရမ်းကို အထောက်အကူဖြစ်ပါတယ်။ လူငယ်တွေကို ပြောချင်တာကတော့ ဘယ်အလုပ်မဆို ဝင်လုပ်ပါ။ ကိုယ့်ဘဝမှာ အတွေ့အကြုံဆိုတာ ဝယ်လို့မရဘူး။ ကိုယ်ပိုင်လုပ်ငန်းမလုပ်ခင်မှာ လုပ်ငန်းတစ်ခုကို လုပ်ဖူးတယ်ဆိုရင် နောင်တချိန် လုပ်ငန်းလုပ်တဲ့ အခါအများကြီး အထောက်အကူဖြစ်ပါတယ်။

မေး။ ။ ယနေ့ခေတ် စီးပွားရေး အခြေအနေက အရင်ကနဲ့ ဘယ်လိုတွေ ကွာခြားလာပြီလို့ ဆရာမြင်မိပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ လုပ်တုန်းက မိရိုးဖလာလို ဖြစ်နေတာပေါ့လေ။ ဒီဘက်ခေတ်ကျတော့ အဓိက လူငယ်တွေ ပညာလည်း တတ်ရမယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းကိုလည်း ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းထားမယ်ဆိုရင်တော့ ပိုကောင်းတယ်။ အခုက ယှဉ်ပြိုင်မှုက အရမ်းများတယ်။ ဒီနိုင်ငံတကာကလည်း ဝင်လာတော့မယ်။ မုန့်လုပ်ငန်းဆိုရင်လည်း အပြိုင်အဆိုင် အရမ်းများတယ်။ လူငယ်တွေကို ပြောချင်တာကတော့ ဘယ်အလုပ်မဆို စပြီးမှ လုပ်လိုက်ပါ။ အတွေ့အကြုံယူပါ။ နောက်ပြီး ပညာပိုင်းဆိုင်ရာရော။ လုပ်ငန်းတစ်ခု အသေးကနေ အကြီးချဲ့မယ်ဆိုရင် ဒါကတော့ မိရိုးဖလာလို့ ပြောရမလား။ အဲ့ဒီကနေ နောက်တစ်ဆင့်တက်မယ်ဆို ပညာပိုင်း၊ အတွေးအခေါ်ပိုင်းနဲ့ ဆိုင်သွားပြီ။ ဆိုတော့ ပညာရေးလည်း အရမ်းအရေးကြီးပါတယ်။ လေ့လာဖို့လည်း အရမ်းအရေးကြီးတယ်။ အခုခေတ်နဲ့ ပြောရရင် ဒီဈေးကွက်ကို အများကြီးလေ့လာသင်ယူရမယ်။ ဒီအတိုင်း ရိုးရိုးနဲ့တော့ မရတော့ဘူးလို့ ထင်တယ်။

မေး။ ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေကိုရော ဘယ်လို အကြံပြုချင်လဲ။
ဖြေ။ ။ အလုပ်တစ်ခု လုပ်မယ်ဆိုရင် အတွေ့အကြုံယူတတ်ဖို့ပေါ့နော်။ ဒီအတွေ့အကြုံဆိုတာက ဒီမှာပဲ လုပ်ဖို့မဟုတ်ဘူး။ ဟိုနောက်ပိုင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ရည်ရွယ်ပြီးမှ အတွေ့အကြုံလိုချင်လို့၊ လေ့လာချင်လိ့ု လုပ်ရင်ပိုကောင်းမယ်လို့ ထင်ပါတယ်။

မေး။ ။ ဆရာ့ရဲ့ မုန့်လုပ်ငန်းလေးကိုရော နောက်ထပ် ဘယ်လိုမျိုးတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ခါတိုင်းပုံမှန်လမ်းကြောင်းကနေ မဟုတ်ဘဲနဲ့ ထူးခြားမယ်။ သူများမလုပ်သေးတဲ့ ဟာမျိုးတွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ မကြာခင်လည်း ဈေးကွက်ထဲ ရောက်မယ်လို့ ထင်ပါတယ်။ ထိုးဖောက်ဖို့က မကြာခင် မန္တလေးမှာလည်း လုပ်သွားမယ်။ သီးနှံတွေလည်း စိုက်တယ်။ စိုက်ပျိုးရေးနဲ့ တွဲပြီးလုပ်ဖို့ ရှိတယ်။ ကိုယ်ဟာနဲ့ကိုစိုက်၊ ယိုထိုးလုပ်မယ်။ ဆိုတော့ နောက်ပိုင်း သူများတွေက ငါးကျပ်နဲ့ရောင်းရင် ကျွန်တော်က လေးကျပ်နဲ့ ရောင်းသွားမယ်ပေါ့။

မေး။ ။ ဆရာ့အနေနဲ့ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်လည်း ကောင်းတယ်ဆိုတာထက် ကောင်းသထက်ကောင်းအောင် ကြိုးစားပါ့မယ်လို့ ပြောချင်တယ်။ ကျွန်တော်သုံးတဲ့ ကုန်ကြမ်းတွေကို အရည်အသွေးမြင့်တဲ့ ဟာတွေပဲ သုံးပါမယ်လို့။ နောက်ထပ် ကျွန်တော့်မျိုးဆက်တွေကိုလည်း လက်ဆင့်ကမ်းချင်တယ်။ ဆက်ပြီးတော့လည်း တိုးချဲ့ချင်ပါတယ်။

Benadeth မေးမြန်းသည်။