ကချင်ရိုးရာဝတ်စုံ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မနောင်ကွင်းတွင် လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များအတွက် ကချင်ရိုးရာဝတ်စုံများ ငှားရမ်း အလှဆင်ပေးခြင်းကို နိုဝင်ဘာလဆန်းမှ စတင်ကာ ပြန်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ကချင်အနုပညာရှင်များ အသင်းချုပ် ဗဟိုကော်မတီ၊ ရိုးရာဂျပ်ခုပ် ဆပ်ကော်မတီမှ ဦးဆောင်ကာ ဇန်နဝါရီလ ၂၄ရက်က စတင်ငှားရမ်းအလှဆင်ပေးခြင်းဖြစ်သော်လည်း ၎င်းင်းတို့ ဆပ်ကော်မတီမှ ငှားရမ်းသည့်နေရာထိုင်ခင်း အဆင်မပြေမှုနှင့် ဝတ်စုံများကို ပိုမိုအဆင်ပြေအောင် ငှားနိုင်ရန် ပြင်ဆင်မှုများ ထပ်မံပြုလုပ်ရန်အတွက် ခေတ္တရပ်နားထားရာမှ ပြန်လည် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရိုးရာဂျပ်ခုတ် ဆပ်ကော်မတီတာဝန်ခံ ဒေါ်အင်ခွမ်ဂျာခေါန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“နေရာက သယ်သွားလိုက်၊ ယူလာလိုက်နဲ့ဆိုရင် ပစ္စည်းတွေက ပျက်စီးတယ်။ မိုးမရွာ တော့ဘူးဆိုရင်တော့ ပြန်စလုပ်တော့မယ်”ဟု ဒေါ်အင်ခွမ်ဂျာခေါန်က ပြောသည်။

ထိုသို့ ငှားရမ်းဆင်မြန်းရခြင်းမှာ မြန်မာပြည်အနှံ့မှ လာရောက်သော ခရီးသွားဧည့်သည်များ မနောင်တိုင်ရှေ့တွင် ကချင်ရိုးရာဝတ်စုံများနှင့် အလွယ်တကူမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနိုင်ရန်၊ ကချင်လူမျိုးစုများ၏ ရိုးရာဝတ်စုံများကို သတ်မှတ်ချက်အတိုင်း တိကျမှန်ကန်အောင် ဝတ်ဆင်နိုင်ရန်နှင့် ကချင်အနုပညာရှင်များ အသင်းချုပ် ရန်ပုံငွေရှာဖွေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ငှားရမ်း အလှဆင်ရာတွင် အဓိကအားဖြင့် မန်မော်ရိုးရာအဆင် (Manmaw Hkring) ကို ငှားရမ်းသွားမည့်အပြင် လာချိတ်၊ ဇိုင်ဝါး၊ လော်ဝေါ်၊ ရဝမ်၊ လီဆူ၊ အစရှိသော ကချင်မျိုးနွယ်စု ၆မျိုး၏ ရိုးရာဝတ်စုံများ ပါရှိသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆပ်ကော်မတီအနေဖြင့် ဝတ်စုံငှားရမ်းအလှဆင်ပေးခြင်းကို ကချင်ရိုးရာနှင့် ပတ်သက်သော မင်္ဂလာဆောင်၊ မော်ဒယ်လ်များ၊ အလှမယ်များအတွက်လည်း အော်ဒါများကိုပါ လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရိုးရာဝတ်စုံ ငှားရမ်းခဈေးနှုန်းများကို မင်္ဂလာဆောင်၊ အခမ်းအနားတက်များကို တစ်သောင်းခွဲကျပ်၊ VCD, MTV ရိုက်ကူးသူများကို တစ်သောင်းကျပ်နှင့် မနောင်ကွင်းအတွင်း အလှဓာတ်ပုံ ရိုက်လိုသူများအတွက် ရှစ်ထောင်၊ ငါးထောင်၊ သုံးထောင်အစရှိသဖြင့် အမျိုးအစားခွဲပြီး လူတိုင်းအဆင်ပြေစေမည့် ဈေးနှုန်းများကို သတ်မှတ်ပေးထားကြောင်း ကချင်အနုပညာရှင်များ အသင်းချုပ် ဗဟိုကော်မတီ၊ ရိုးရာ ဂျပ်ခုတ်ဆပ်ကော်မတီတာဝန်ခံ ဒေါ်အင်ခွမ်ဂျာခေါန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တစ်သောင်းခွဲက တစ်ပွဲတိုးပေါ့။ နာရီနဲ့တွေတော့ မဟုတ်ဘူး။ ဒီအပြင်က MTV, VCD ရိုက်တာတို့ကျတော့ သုံးနာရီဟုတ်မယ်။ မနောင်ကွင်းထဲမှာပဲ ဓာတ်ပုံရိုက်တာတို့ကျတော့ နာရီဝက်လောက်ဆိုရင်တော့ ငါးထောင်၊ သုံးထောင် အစားစားပေါ့။ ကန့်သတ်ချက်မရှိရင် တစ်နေ့လုံးဖြစ်မှာဆိုတော့ ကျွန်မတို့အတွက်လည်း အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။

၎င်း ဝတ်စုံငှားရမ်းအလှဆင်ပေးခြင်းကို လာမည့်အောက်တိုဘာလဆန်းမှ စ၍ ကချင်ပြည်နယ်၊ မနောင်ကွင်း၌ ပုံမှန်နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ငှားရမ်းအလှဆင်ပေးသွားမည့် အပြင် ခရီးသွားဧည့်သည်များပြားသည့် ပွင့်လင်းရာသီတွင် နံနက် (၆)နာရီမှ ညနေ (၆)နာရီထိ ငှားရမ်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Benadeth