Legal-Aid Kachin state

ကချင်ပြည်နယ်အတွင်း ဥပဒေဆိုင်ရာ အထောက်အကူလိုအပ်နေတဲ့ သူတွေအတွက် အခမဲ့ ဥပဒေဆိုင်ရာ အကူအညီပေးနိုင်ဖို့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအရ ပေါ်ပေါက်ခဲ့တဲ့ အဖွဲ့ပါ။ အဲ့ဒီအဖွဲ့ဟာ အမှန်တကယ် အထောက်အကူလိုအပ်နေတဲ့ ပြည်သူတွေအတွက် ဥပဒေပိုင်းဆိုင်ရာ အထောက်အကူပေးမှုမှာ ဘယ်လို အကူအညီပေးနေလဲ၊ အကူအညီတောင်းခံလိုရင် ဘယ်လို ဆက်သွယ်တောင်းခံရမလဲ၊ ၎င်းတို့ အဖွဲ့အစည်းရဲ့ တာဝန် ဝတ္တရားနဲ့ လုပ်ဆောင်ချက်တွေကို အဖွဲ့ဥက္ကဌ ဦးတိန့်ဘောမ်နဲ့ ဒီအပတ် တွေ့ဆုံမေးမြန်းထားပါတယ်။

မင်္ဂလာပါ..ဆရာ။ ပထမဦးဆုံးအနေနဲ့ ဆရာတို့ရဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဆိုတာ ဘာလဲဆိုတာကို ပြောပြပေးပါအုံး။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဆိုတာ ဘာလုပ်ရတာလဲ၊ ဘယ်လို အဖွဲ့အစည်းလဲ ဆိုလို့ အများစုက ဂဃနဏ မသိကြတော့ အဲ့တာကနေ စပြီး ရှင်းပြရမှာပေါ့။ အရင်က မရှိဖူး၊ မကြားဖူးတဲ့ အဖွဲ့နာမည်ဆိုတော့လည်း သိချင်တာ မဆန်းပါဘူး။ နိုင်ငံတကာမှာတော့ ဒီလိုအဖွဲ့အစည်းတွေက လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကတည်းက ပေါ်ပေါက်လာပြီးသား ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာဆိုရင် ဒါပထမဆုံးပေါ်ပေါက်တဲ့အဖွဲ့ပါ။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အခန်းကဏ္ဍသစ်တစ်ခုကို ဖော်ဆောင်ရမယ့်အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့က “လမ်းမရှိဘူး၊ လမ်းအသစ် ဖောက်သွားရမယ့် အဖွဲ့ပါပဲ”လို့ MY Justice ရဲ့ အကြီးတန်းတရားရေးအကြံပေး ဆရာဦးဟန်ဇာထွန်းက ပြောဖူးတယ်။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို အများပြည်သူတွေပဲမဟုတ်ဘူး၊ အချို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ကတောင် လူမှုအဖွဲ့အစည်းတစ်ခု၊ ရှေ့နေတစ်စုတစ်ဖွဲ့လို ထင်ကြတယ်။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှာ လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ မဟုတ်တဲ့ သူကို ရာဇသတ်ကြီးပုဒ်မ (၂၁)အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမယ်လို့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပုဒ်မ (၄၁)မှာ ပြဌာန်းထားတာကို တွေ့နိုင်ပါတယ်။ လက်ရှိ တိုင်းဒေသကြီး ပြည်နယ်အဆင့်အထိ အဖွဲ့မှာ ပါရှိနေကြတဲ့ ဌာနဆိုင်ရာ မဟုတ်တဲ့ အဖွဲ့ဝင်တွေဟာ နိုင်ငံတော်က ချီးမြှင့်တဲ့ စရိတ်ကို ခံစားနေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်က ဖွဲ့စည်းခန့်အပ်တဲ့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းနဲ့ အဖွဲ့ရုံးကို ဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရတာ ဖြစ်ပါတယ။်။

ဒီအဖွဲ့ စတင်ပေါ်ပေါက်လာပုံနဲ့ ပြည်နယ်အတွင်းမှာ ဘယ်လိုပုံစံတွေနဲ့ ဖွဲ့စည်းထားလဲဆိုတာ ပြောပြပေးပါ။
ဒီအဖွဲ့ကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် စသဖြင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ ကချင်ပြည်နယ်မှာတော့ ၂၀၁၈ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ၊ ပူတာအို (၁၁)မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ခရိုင်ရုံးစိုက်တဲ့ မြို့နယ်ရဲ့ မြို့နယ်ဥပဒေဆိုင်ရာ အဖွဲ့ကိုတော့ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အဖြစ် ပူးတွဲတာဝန်ယူရပါတယ်။

အဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါ။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေရဲ့ အဓိကရည်ရွယ်ချက်က အမှုအခင်းဖြစ်ပြီး တရားတပေါင်ရင်ဆိုင်ရမယ့် ဆင်းရဲနွမ်းပါးလို့ ရှေ့နေမငှားနိုင်သူတွေအတွက် ပြစ်မှုဆိုင်ရာ အမှုတွေမှာ နိုင်ငံတော်စရိတ်နဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးဖို့ ဖြစ်ပါတယ်။ ဥပဒေက ပေးထားတဲ့ ခုခံချေပခွင့်နဲ့ အယူခံခွင့်တွေကို ဆောင်ရွက်ရာမှာ ထိရောက်တဲ့ အထောက်အကူရရှိပြီး တရားမျှတမှု ရရှိစေတဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေအပေါ် ပြည်သူအများ ယုံကြည်မှု ပိုမိုမြင့်မားလာဖို့ ရည်ရွယ်ပါတယ်။

ဆရာတို့အဖွဲ့ရဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးမှုတွေအကြောင်းကို ရှင်းပြပေးပါအုံး။
ကျွန်တော်တို့ အနေနဲ့ တရားခံရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ပေးတယ်။ နိုင်ငံတော် စရိတ်နဲ့ ရှေ့နေငှားရမ်းပေးတယ်။ ဥပဒေဆိုင်ရာ အသိပညာပေးတာ၊ အကြံဉာဏ်ပေးတာ၊ အကူအညီပေးတာတွေနဲ့ သတင်းအချက်အလက်ပေးတာမျိုးလည်း ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် တရားစွဲဆိုတာ၊ ပြစ်ဒဏ် ချမှတ်တာ၊ အကျဉ်းချခြင်းခံရသူဟာ နိုင်ငံသားဖြစ်ပေမယ့် ဘာသာစကားအခက်အခဲရှိရင် ဘာသာစကား နားလည်သူနဲ့ ဆောင်ရွက်ပေးပါတယ်။ နိုင်ငံခြားသားဖြစ်နေရင် စကားပြန်ကနေ ဥပဒေအထောက်အကူ ရနိုင်တယ်ဆိုတာ ရှင်းပြပြီး နိုင်ငံခြားဝန်ကြီးဌာနကနေ တစ်ဆင့် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံး၊ သံရုံးတို့ကို အကြောင်းကြားပေးတာမျိုး ဆောင်ရွက်ပေးပါတယ်။

ဒီအဖွဲ့မှာ ဥပဒေအထောက်အကူ လာရောက်တောင်းခံရင် ဘယ်လိုပြစ်မှုမျိုးတွေအတွက် အထောက်အကူ ပြုပေးနိုင်လဲရှင့်။
ကျွန်တော်တို့အဖွဲ့က သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုအမျိုးအစားကလွဲလို့ အခြားဘယ်လိုပြစ်ဒဏ်မျိုး မဆို ပေးနိုင်တဲ့ ပြစ်မှု (ယခုအခေါ် ရာဇဝတ်မှု)တွေကို ဥပဒေဆိုင်ရာ အထောက်အကူပေးပါတယ်။ သေဒဏ်ထိုက်တဲ့ ပြစ်မှုနဲ့ စွပ်စွဲခံရတဲ့ တရားခံကိုတော့ ဆင်းရဲနွမ်းပါးလို့ ရှေ့နေ မငှားနိုင်ရင် ဥပဒေရုံးတွေက နိုင်ငံတော်စရိတ်နဲ့ ရှေ့နေငှားရမ်းပေးနေတာပါ။

ဥပဒေဆိုင်ရာ အထောက်အကူပေးသူရဲ့ တာဝန်တွေကကော ဘာတွေဖြစ်မလဲဆိုတာ ရှင်းပြပေးပါ။
ဥပဒေဆိုင်ရာ အထာက်အကူပေးသူဟာ ရဲစခန်း ဒါမှမဟုတ် အခြားတစ်နေရာမှာ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ သူနဲ့ပတ်သက်ပြီး မိသားစုကို အကြောင်းကြားပေးရမယ့်အပြင် လိုအပ်ရင် ဒီဥပဒေနဲ့ အညီ အထောက်အကူပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ တရားရုံးရှေ့ပို့ပြီး ချုပ်မိန့်တောင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ ချုပ်မိန့်နဲ့ ဆက်ပြီးချုပ်နှောင်ခံရတဲ့အခါမှာ ဖြစ်ဖြစ် ချုပ်နှောင်ခံထားရတဲ့ (ရီမန်)ကာလအတွင်း ရဲတပ်ဖွဲ့စခန်း၊ ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းက စုံစမ်းစစ်ဆေးတာ၊ စိစစ်တာ ပြုလုပ်ရာမှာ ဖြစ်ဖြစ်၊ ခုခံချေပနိုင်တာဖြစ်တဲ့အတွက် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရပါတယ်။ တရားစွဲတင်လို့ တရားရုံးက အမှုစစ်ဆေးတဲ့ ကာလမှာလည်း အမှုပြီးဆုံးတဲ့အထိ လိုအပ်တဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားခံနဲ့ ပတ်သက်လို့ အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှုများမှာလည်း လိုအပ်သလို ဥပဒေဆိုင်ရာ အထောက်အကူပေးတယ်၊။ နောက် အပြစ်ဒဏ် ချမှတ်ခံရသူတွေနဲ့ ပတ်သက်လို့လည်း သူတို့ရသင့် ရထိုက်တဲ့ သက်သာခွင့်တွေရဖို့ ဥပဒေဆိုင်ရာ အထောက်အကူပေးပါတယ်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရာမှာ အခြားအစိုးရ အဖွဲ့အစည်းတွေနဲ့ရော ဘယ်လို ချိတ်ဆက် လုပ်ဆောင်ရပါသလဲ။
ဥပဒေဆိုင်ရာ အထောက်အကူပေးရာမှာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို မထိခိုက်စေဘဲ ဥပဒေနဲ့အညီ ရပိုင်ခွင့်တွေကို မဆုံးရှုံးစေဖို့ အလေးအနက်ထား ဆောင်ရွက်ကြဖို့က အရေးကြီးပါတယ်။ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံလာတဲ့ ပြည်သူတစ်ဦးအတွက် ဥပဒေဆိုင်ရာ အထောက်အကူရရှိနိုင်ဖို့ ဆိုရာမှာ တရားရုံး၊ ဥပဒေရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနဲ့ တရားစွဲအဖွဲ့အစည်းများက သက်ဆိုင်ရာ ဥပဒေအထောက်အကူပေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ရမှာ ဖြစ်သလို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများကလည်း ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ အဆင့်ဆင့်က တောင်းခံလာတဲ့ အကူအညီကို ပေးရတယ်။ ဒါကြောင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေဆိုင်ရာ အထောက်အကူပေးလုပ်ငန်း လုပ်ဆောင်ရာမှာ မိမိတို့ တစ်ဦးတစ်ဖွဲ့တည်း မဟုတ်ဘဲ လုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တဲ့အကူအညီ ရယူမှုတို့နဲ့ ဆောင်ရွက်ပါတယ်။

အကူအညီတောင်းခံဖို့ လိုအပ်ရင် ဆရာတို့ အဖွဲ့ဆီကို ဘယ်လိုဆက်သွယ် တောင်းခံနိုင်မလဲ ဆိုတာလည်း ပြောပြပေးပါအုံး။
ဥပဒေဆိုင်ရာ အထောက်အကူရဖို့ လိုအပ်ရင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ တစ်ခုခုကို လျှောက်ထားတောင်းခံနိုင်ပါတယ်။ ဘယ်အဆင့်မှာ လျှောက်ထားတောင်းခံရမယ်လို့ သတ်မှတ်ထားတာတော့ မရှိဘူး။ ဒါပေမဲ့ လျှောက်လွှာငြင်းပယ်ခံရရင် အဖွဲ့အဆင့်ဆင့်ကို ဆက်လက်လျှောက်ထားတောင်းခံနိုင်တာဖြစ်လို့ အခြေခံဖြစ်တဲ့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ကနဦးလျှောက်ထားတောင်းခံတာက ပိုအဆင်ပြေမှာပါ။ ဒါကလည်း မိမိသဘောဆန္ဒအတိုင်း ဖြစ်ပါတယ်။

ဘယ်လို အမှုမျိုးနဲ့ ဘယ်လိုလူတွေက တောင်းဆိုခွင့်ရှိတာလဲဆိုတာ ပြောပြပေးပါ။
ပြစ်မှုတစ်ခုခုနဲ့ စွပ်စွဲခံရတာ၊ ထိန်းသိမ်း ဖမ်းဆီးခံရတာ၊ တရားစွဲဆိုတာ၊ ပြစ်ဒဏ်ချမှတ်တာနဲ့ အကျဉ်းချခံရတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ ကူးစက်ရောဂါ ခံစားနေသူတွေ နိုင်ငံမဲ့တွေ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ၊ နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေအပြင် ပြစ်မှုကျူးလွန်ခံရလို့ နစ်နာသူတွေ ထူးခြားတဲ့ အကြောင်းတစ်ခုခုကြောင့် အကူအညီတောင်းခံလာတဲ့ ပြစ်မှုနဲ့ သက်ဆိုင်တဲ့ သက်သေတွေဟာ အထောက်အကူအညီတောင်းခံခွင့် ရှိသူတွေ ဖြစ်ပါတယ်။ ဒီလို အထောက်အကူပေးရေးအဖွဲ့ရဲ့ အကူအညီတောင်းခံခွင့် ရှိသူတွေထဲက ကလေးသူငယ်နဲ့ အမျိုးသမီးတွေ မသန်စွမ်းသူတွေနဲ့ ကူးစက်ရောဂါ ခံစားနေရသူတွေကိုတော့ ဦးစားပေးအထောက်အကူပေးပါတယ်။

အထောက်အကူပြုတောင်းခံလာတဲ့ အပေါ်မှာ ဆရာတို့ အဖွဲ့အနေနဲ့ စိစစ်မှုတွေ ဘယ်လို ဆက်လက်လုပ်ဆောင်ပေးပါသလဲ။
ဥပဒေဆိုင်ရာ အထောက်အကူပေးဖို့ တောင်းခံလျှောက်ထားရင် သက်ဆိုင်ရာအဖွဲ့က လျှောက်ထားသူဟာ အထက်မှာ ဖော်ပြထားတဲ့ တောင်းခံခွင့်ရှိတဲ့သူ ဟုတ်မဟုတ်အချက်တွေနဲ့ လျှောက်လွှာကို လက်ခံဆောင်ရွက်ပေးသင့်မသင့်ကို စိစစ်တယ်။ ဒီလိုစိစစ်ရာမှာ သတ်မှတ်ချက်တွေ ရှိတယ်။ လက်မခံဖြစ်ရင်လည်း ငြင်းပယ်ကြောင်း လျှောက်ထားသူကို အကြောင်းကြားစာ ပေးပါတယ်။ လျှောက်လွှာလက်ခံတယ်ဆိုရင် အထောက်အကူတောင်းခံတဲ့ အကြောင်းကိစ္စ သဘောသဘာဝနဲ့ လျော်ညီတဲ့ အထောက်အကူပေးရေး လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ဥပဒေဆိုင်ရာ အထောက်အကူပေးမယ့် သူကို ရွေးချယ်တာဝန်ပေးအပ် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။

ဆရာတို့ အဖွဲ့အနေနဲ့ ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ပြောပြပေးပါအုံး။
ကချင်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို တင်ပြထားတဲ့ ၂၀၁၉ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ (၆)လတာအထိ လစဉ်လုပ်ငန်းအစီရင်ခံစာတွေကိုကြည့်ရင် ပြည်နယ်အတွင်းမှာရှိတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်မှာ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံသူ (၂၇)ဦးရဲ့ အမှုပေါင်း (၂၅)မှုကို ဥပဒေဆိုင်ရာ အထောက်အကူပေး လက်ခံဆောင်ရွက်ခဲ့ပြီးတော့ တောင်းခံသူ (၇)ဦးရဲ့ အမှု(၇)မှုကို ဆောင်ရွက်ပြီးပြတ်ခဲ့ပြီ။ ကျန်ရှိနေတဲ့ တောင်းခံသူ(၂၀)ဦးရဲ့ အမှုပေါင်း (၁၈)မှုကို ဥပဒေဆိုင်ရာ အထောက်အကူပေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒီကာလထဲမှာပဲ ဥပဒေဆိုင်ရာ အကြံဉာဏ်ပေးတဲ့ အမှု(၁၁)မှုကို ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံတဲ့ အမှုအရေးအတွက်ဟာ မဆိုစလောက်ဖြစ်ပေမယ့် အထောက်အကူပေး လုပ်ငန်း တစ်နှစ်သား မပြည့်သေးတဲ့ အဖွဲ့ရဲ့ စွမ်းဆောင်မှုကို အထိုက်အလျောက် အားကိုးယုံကြည်မှု ရရှိနေပြီလို့ ဆိုနိုင်ပါတယ်။ တစ်ဖက်ကလည်း ပြည်သူတွေကြားမှာ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေဖို့ အသိပညာပေးရေး စီမံချက်နဲ့အတူ ကြိုးစား အားထုတ်ဆောင်ရွက်နေတာ ဖြစ်တယ်။ အချုပ်အားဖြင့်ဆိုရင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ဟာ အမှုအခင်းဖြစ်လို့ တရားတပေါင် ရင်ဆိုင်ဖို့ ငွေကြေးအင်အား မတတ်နိုင်သူတွေအတွက် ဥပဒေပညာနဲ့ အခမဲ့ အထောက်အကူပေးရေးဆိုတဲ့ နိုင်ငံတော်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ပေါ်ပေါက်လာတဲ့ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

Ann