အသက်တာသစ် ကျမ်းစာသင်တန်းကျောင်း

အောက်တိုဘာ၂၅

မြစ်ကြီးနားမြို့နယ်၊မော်ဖောင်းကျေးရွာရှိ အသက်တာသစ် ကျမ်းစာသင်တန်းကျောင်းဝင်းတွင်း၌ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်ခွင့်ပြုချက် မရရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများက သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်နှင့်သွားရောက်တွေ့ဆုံခဲ့သော ကချင်နှစ်ခြင်း အဖွဲ့ မြစ်ကြီးနားဇုန်နယ်ရုံးမှ ဥက္ကဌ Rev လယော်ဒေါင်ခေါင်က ပြောသည်။

အဆိုပါစစ်ဆေးမှုသည်တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပြီးမှသာ ကချင်ပြည်နယ်ဝန်ကြီးချုပ်သိရကြောင်း ဝန်ကြီးချုပ်၏ပြောပြချက်အရ ဆရာဒေါင်ခေါင်က ပြောသည်။
“ဝန်ကြီးအဖွဲ့တွေ နေပြည်တော်ကို ခရီးထွက်သွားတဲ့အချိန်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ဝန်ခံတယ်၊ဒီလိုမျိုး လုပ်ဆောင်ဖို့အတွက် ဝန်ကြီးချုပ်က သူလက်မှတ်ထိုးမှ လုပ်ဆောင်လို့ ရပါတယ်ပေါ့။ ဒါပေမဲ့အခုချိန်မှာ အဲ့လိုဖြစ်သွားတယ်”ဟု ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ဆရာဦးဒေါင်ခေါင်မှ ပြောကြားသည်။

ယင်း ကျမ်းစာကျောင်းတွင်းဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ကချင်နှစ်ခြင်းအဖွဲ့ မြစ်ကြီးနားဇုန်နယ်ရုံးမှ အချက် ၃ချက်ဖြင့် တင်ပြတောင်းဆိုထားကြောင်း သိရသည်။

ဝန်ကြီးချုပ်ထံ တင်ပြထားသော အချက်များမှာ ပထမအချက် အနေဖြင့် အဘယ်ကြောင့် စစ်ဆေးခြင်းကို သိရှိလိုကြောင်း၊ ဒုတိယအချက်အနေဖြင့် အဆိုပါစစ်ဆေးမှုကြောင့် အသင်းတော်အပေါ် ပြည်သူလူထု လွဲမှားစွာ မြင်နေခြင်းအပါ်အဘယ်သို့ ကုစားပေးမည်နှင့် အသက်တာသစ် ကျမ်းစာကျောင်းတွင် အများအသုံးပြုသော စကားပြောစက် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး တရားဆွဲဆိုမှုကို တရားစွဲသင့်သောပုဒ်မ ဖြစ်မဖြစ်ဖြေရှင်းချက် ပေးပါရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း သိရသည်။

အထက်ပါကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၃၀ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး တောင်းဆိုမှုများကို ယခုချိန်ထိ သက်ဆိုင်ရာအစိုးရဌာနက တုံ့ပြန်ဖြေကြားခြင်းမရှိသေးကြောင်း သိရသည်။

အသက်တာသစ် ကျမ်းစာကျောင်းတွင် အများအသုံးပြုသော စကားပြောစက် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် အမှုဖွင့်ထားသည့် ကိစ္စသည်လည်းယခုချိန်ထိ ဆင့်ခေါ်စာ သော်လည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းမှ ထိုအမှုနှင့်ပတ်သက်ပြီး ယခုချိန်ထိ အကြောင်း မပြန်သေးကြောင်း သိရသည်။

လွန်ခဲ့သော စက်တင်ဘာလ ၂၆ ရက် မနက် ၃နာရီခန့်တွင် ရဲတပ်ဖွဲ့နှင့်အရပ်ဝတ် ဝတ်ဆင်ထားသော လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ah Je/David