
နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်ရှိ ပြည်သူလူထုများသည် ငြိမ်းချမ်းရေးရရှိပြီး လုပ်ပိုင်ခွင့်ရရှိပါက၊ ဒေသအတွက် လုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်သည့် စိတ်ဓာတ်မျိုးကို မြင်တွေ့ရကြောင်း ဗြိတိန်နိုင်ငံ သံအမတ် Mr.Dan Chugg ကပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ ရက်နေ့က မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်တွင် ကချင်ပြည်နယ်အခြစိုက် သတင်းသမားများနှင့် တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံ သံအမတ် Mr.Dan Chugg က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကချင်ပြည်နယ် အနေနဲ့ ထူးခြားတာကတော့ ကချင်လူထူနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့ရဲ့ အနာဂတ်အတွက် သူတို့ဟာ အကောင်းမြင်တဲ့စိတ် ရှိတယ်။သူတို့ ပိုပြီးလုပ်ပိုင်ခွင့်ရှိမယ်၊ ငြိမ်းချမ်းရေးတွေသာ ရှိလာမယ်ဆိုရင် သူတို့ ဒေသအတွက် အများကြီးအလုပ်လုပ်ချင်တယ်၊ အများကြီးအလုပ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို ကျွန်တော်သိမြင်ရပါတယ်”ဟု ဗြိတိန်သံအမတ် Mr.Dan Chugg က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

ဗြိတိန် သံအမတ်သည့် ကချင်ပြည်နယ်သို့ လာရောက်ရခြင်းမှာ ကချင်ပြည်နယ်အတွင်းတွင် လတ်တလောဖြစ်ပျက်နေသည့် ကိစ္စရပ်များကို စိတ်ဝင်စားသည့်အတွက် လာရောက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

အဆိုပါ ခရီးစဉ်တွင် ကချင်ပြည်နယ်ရှိ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်တွင်ရှိသည့် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်၊ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများကိစ္စ၊ တရုတ် ရင်းနှီးမြုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ကချင်ပြည်နယ်ရှိ ပြည်သူလူထုများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည့် အတွက် ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း၊ ငြိမ်းချမ်းရေးအကျိုးဆက်ကြောင့် ပညာရေး၊ ကျန်းမာရေး ထိခိုက်နေမှုများအပြင် စီပွားရေးလုပ်ငန်းများတွင်လည်း လုပ်ကိုင်ရန်ခက်ခဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင်လည်း အခက်အခဲကြုံတွေ့မှု တွေ့ရှိနိုင်ကြောင်း ပြောဆိုဆွေးနွေးခဲ့သည်ဟု Mr.Dan Chugg က ရှင်းပြပြောဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ရန် လိုအပ်ကြောင်း လည်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ၎င်း၏အမြင်ကို ပြောသည်။

“ဒီလို တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်ပါတယ်။ နှစ်ဘက်အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ဘယ်လို လက်မှတ်ထိုးမလဲဆိုတာက တစ်ပိုင်းပေါ့။ ဒါလည်း ဆွေးနွေးဖို့လိုမယ် နောက်တစ်ခု မဖြစ်မနေ ဆွေးနွေးသင့်တာကလည်း ရေရှည် တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး ဖြစ်ပြီးတော့၊စစ်ရှောင် ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေရပ်ပြန်နိုင်ဖို့ကိစ္စတွေ၊ ဒါတွေကိုလည်း ထပ်ပြီးဆွေးနွေးသွားသင့်တယ်လို့ မြင်ပါတယ်”ဟု ၎င်းကပြောသည်။

မကြာမီအချိန်တွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ နှစ်ဦးနှစ်ဖက် အပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးနိုင်ပြီး၊ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း အောင်မြင်မည် ဆိုပါက၊ စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေး အတွက်လည်း လိုအင်ဆန္ဒများပြည့်ဝလာမည်ဟု မျှော်လင့်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

“ဒီတစ်ခေါက် လာတာ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မတွေ့ပါဘူး။ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ တစ်ခုသတိထားမိတာကတော့၊ ကျွန်တော်နဲ့စကားပြောကြည့်တဲ့ စစ်ရှောင်ပြည်သူ တချို့က သူတို့အိမ်ပြန်ဖို့ကိစ္စကို အလေးထားပြီးတော့ ပြောလာကြတယ်။ အရင်တစ်ခေါက် လာတုန်းကတော့ ဒီလောက်ကြီး မပြောခဲ့ကြဘူး။ ခုတစ်ခေါက်က သူတို့အရမ်းပြန်ချင်နေပြီ။ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့စလုံး အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရင် သူတို့အမြန်ပြန်ရမယ်ဆိုတဲ့ စကားသံတွေကို အရင် တစ်ခေါက်ကထက် ပိုထူးခြားပြီး ကြားရပါတယ်”ဟု ဗြိတိန်သံအမတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ဗြိတိန်နိုင်ငံ သံအမတ် Mr.Dan Chugg တို့အဖွဲ့သည် ၎င်း၏ တစ်နှစ်ခွဲသက်တမ်းအတွင်း ကချင်ပြည်နယ်သို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ပြီး၊ ပထမအကြိမ် ခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

Salai