ပြည်နယ် အစိုးရသစ်သက်တမ်း ၃ နှစ်ကျော်လာတဲ့အချိန်မှာတော့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေဟာ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်လာခဲ့တာ မြင်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း စည်ပင်သာယာရေးဝန်ကြီးဋ္ဌာနကနေ စည်ပင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့အရောက်မှာတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာနနဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဋ္ဌာနနဲ့ စည်ပင်သာယာရေး ဝန်ကြီးဋ္ဌာနတို့ကနေ ပြည်နယ်သူ ပြည်နယ်သားတွေနဲ့ မြစ်ကြီးနားမြို့မှာ တွေဆုံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

တက်ရောက်လာကြတဲ့ ပြည်သူလူထုကလည်း မိမိဒေသမှာရှိတဲ့ အခက်အခဲတွေကို ခရိုင်အလိုက် မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ ဒီအထဲမှာမှ ပြည်သူလူထု သိရှိလိုသည့် အချက်များကို ကောက်နုတ်တင်ပြပေးသွားပါမယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းတွေဖြစ်တဲ့ မေခမြစ်ရဲ့ ပင်မချောင်းတွေဖြစ်တဲ့ ငေါ့ချန်းခ ချောင်းနဲ့ ချီဖွေချောင်းတွေမှာ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုတွေရှိနေပြီး ရေပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးဖို့၊ မြေဆီလွှာတွေကို စုပ်ယူရာမှာ ဓါတုဆေးဝါးတွေ သုံးစွဲတာကြောင့် ချောင်းအတွင်းက ရေနေသတ္တဝါတွေ ပျက်စီးမှုအခြေအနေ၊ တစ်သျှူးငှက်ပျော စိုက်ပျိုးတာကြောင့် ပျက်စီးသွားခဲ့တဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းသွားမလဲ စတဲ့မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။

အထက်ပါမေးခွန်းတွေနဲ့ ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက မြေဆီလွှာတွေကို စုပ်ယူရာမှာ ဓါတုဆေးဝါးတွေ သုံးစွဲတာကြောင့်ချောင်းအတွင်းက ရေနေသတ္တဝါတွေ သေဆုံးနေရတာကို တိုင်ကြားလာရင် ချက်ချင်း ကွင်းဆင်းစစ်ဆေးနေကြောင်း၊ ငေါ့ချန်းခချောင်းနဲ့ ချီဖွေချောင်းတွေမှာ မိုးရွာတဲ့အချိန်တွေမှာ စီးဆင်းလာတဲ့ ရေတွေကြောင့် ရေနောက်တာ ဖြစ်နိုင်ကြောင်း၊ တစ်သျှူးငှက်ပျောကို သေချာတိကျစွာမစိုက်ပျိုးပါက နောက်ပိုင်းတွင် မေးခွန်းရှင် ပြောသည့်အတိုင်း ကန္တာရမြေဖြစ်လာနိုင်ကြောင်း ဖြေကြားပေးခဲ့ပါတယ်။

ဆွမ်ပရာဘွမ် မြို့နယ်၊ ဖုန်အင်ယန်ကျေးရွာအနီး ပြည်သူတွေ လယ်မြေဖော်ထုတ်ဖို့ မြေနုနေရာမှာ ရွှေတူးဖော်ဖို့ ဧက ၃၀၀၀၀ ကျော်ကို လုပ်ငန်းရှင်တွေကို ပေးအပ်ထားရာ၊ ဒေသခံတွေ လုပ်ကိုင် စားသောက်ဖို့ မြေနေရာ ရှားပါးလာပြီး၊ဒေသခံတွေ တူးဖော်မယ်ဆိုရင်လည်း ခွင့်ပြုမိန့်မရရှိဘဲ ဖြစ်နေတာကြောင့် ဝန်ကြီးဋ္ဌာနအနေနဲ့ ဘယ်လိုလုပ်ဆောင်ဖို့ စီစဉ်ထားပါသလဲ စသည့်မေးခွန်းကိုလည်း ထပ်ဆင့်မေးမြန်းခဲ့ပါတယ်။

ဒီ ရွှေလုပ်ကွက်တွေကိုချထားပေးရာမှာ နိုင်ငံတော်မူအရ ဖြစ်ကြောင်း၊ လျှောက်ထားမည့်သူများ အနေနဲ့ မြေလွတ်မြေရိုင်း ပုံစံနှင့်သာလျှောက်ထားနိုင်ကြောင်း၊ ဝန်ကြီးဋ္ဌာန အချင်းချင်း ပေါင်းစပ်ပြီး လုပ်ဆောင်ပေးမှာဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားပေးခဲ့တာပါ။

ဆက်လက်ပြီး၊ ဦးဒါရှီလဆိုင်းက အသေးစားတရားဝင်လုပ်ကွက်တွေ ချထားပေးခဲ့ကြောင်း၊ မချထားပေးမီကလည်း တရားမဝင်တူးဖော်မှုတွေ ဒုနဲ့ဒေးရှိကြောင်း၊ တရားမဝင်တူးဖော်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်တွေကို တိကျတဲ့အချက်အလက် မရရှိကြောင်း၊ ကုမ္ပဏီတွေ အနေနဲ့လည်း ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးဖို့ ပြောဆိုပေးသွားမှာဖြစ်ကြောင်း ထပ်ဆင့်ဖြေကြားပေးခဲ့ပါတယ်။

 

စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဋ္ဌာန အဓိကမေးခွန်းတွေကို မေးမြန်းကြရာမှာ မြေလွတ်မြေရိုင်းပြဿနာတွေက ခရိုင်အလိုက် အများဆုံးမေးခွန်းတွေဖြစ်ခဲ့ပြီး၊ လယ်ယာမြေဂရန် လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်တွေ၊ တစ်သျူးငှက်ပျောနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ သစ်တောကြိုးဝိုင်း ကျူးကျော်တာတွေ၊ ဆည်မြောင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အစရှိတဲ့မေးခွန်းတွေကို အသေးစိတ်မေးမြန်းမှု ပြုခဲ့ပါတယ်။

မေးခွန်းရှင်တွေရဲ့ အမေးတွေကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက မြေလွှတ်မြေရိုင်းနဲ့ ပတ်သက်ပြီး၊ အဓိကဦးစားချပေးရာမှာ ကျေးရွာအနီးက ဒေသခံတွေသာ ဖြစ်ကြောင်း၊ တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီး မူဝါဒအသစ် ချမှတ်လျက်ရှိကြောင်း၊ ယင်းမူဝါဒတွင် လျှောက်ထားသည့် ကုမ္ပဏီတိုင်း ခွင့်ပြုပေးလိမ့်မည် မဟုတ်ကြောင်း၊ လုပ်ပိုင်ခွင့်မကျဘဲ ဆောင်ရွက်ထားပါက မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူရမှာဖြစ်ကြောင်း ဝန်ကြီးက ဖြေကြားပေးခဲ့တာပါ။

မကြာမီအချိန် အတွင်းမှာလည်း အဆိုပါမူဝါဒကို ချပြပေးသွားမှာဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးချေးငွေတွေ ချေးပေးနိုင်ရေး အတွက်လည်း အစီအစဉ်ရှိကြောင်း၊ မွေးမြူရေးနဲ့ အသက် မွေးဝမ်းကျောင်းပြုမယ့် တောင်သူတွေအနေနဲ့လည်း ပုံစံ(၂) လာရောက်လျှောက်ထားနိုင်ကြောင်း၊ မွေးမြူရေးအတွက် လာရောက်လျှောက်ထားကြသူတွေ မရှိသလောက် နည်းပါးနေကြောင်း ဖြေကြားပါတယ်။

တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာ တစ်သျှူးငှက်ပျော စိုက်ပျိုးတာကြောင့် တခြားသီးနှံစိုက်ပျိုးဖို့ မဖြစ်နိုင်တဲ့အခြေအနေကို မတွေ့ရှိရသေးကြောင်း၊ အန္တရာယ်ဖြစ်စေနိုင်မယ့် ပိုးမွှားတွေကိုလည်း မတွေ့ရှိရသေးကြောင်း၊ လာမယ့် အနာဂတ်ကာလမှာလည်း စီမံချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်လို့စိုးရိမ်ကြောင့်ကြဖို့ မလိုအပ်ကြောင်း ဖြေကြားခဲ့ပါတယ်။

တစ်သျှူးငှက်ပျောကို မစိုက်ပျိုးဖို့ တားမြစ်ထားပေမယ့်လည်း ဗန်းမော်ခရိုင်အတွင်း၊ ပန်းမြတ် မာလာကုမ္ပဏီက စိုက်ပျိုးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ဒါကြောင့် ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း ထပ်ဆင့်ဖြေကြားခဲ့ပါတယ်။

ဝန်ကြီးဋ္ဌာနအသစ် ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဋ္ဌာန မေးခွန်းတွေကတော့ မှတ်ပုံတင်ပြုလုပ်ရာမှာ ကြန့်ကြာတာတွေ၊ အိမ်ထောင်စုတွေ ပြုလုပ်တဲ့အ အခါ အဆင်မပြေတာတွေ၊ လူငယ်တွေအတွက်လည်း ဘယ်လို လုပ်ဆောင်နေကြောင်း စတဲ့မေးခွန်းတွေ အမေးများခဲ့ပါတယ်။

မေးခွန်းတွေကိုတော့ လဝက ဝန်ကြီး ဦးဇော်ဝင်းက နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနိုင်ရေး ကြန့်ကြာမှုဟာ မှန်ကန်ပါကြောင်း၊ ဒီလိုဖြစ်ရခြင်းကဆဒုံးဒေသဟာ ဝိုင်းမော်မြို့နယ်ထဲမှာ ပါဝင်နေတာကြောင့် မြို့နယ်ရုံးမှာသာ ထုတ်ပေးပိုင်ခွင့် ရှိတာမို့ကြန့်ကြာရတာ ဖြစ်ကြောင်း၊ ကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေမှာလည်း မှတ်ပုံတင်ပြုလုပ်ပေးဖို့ အစီအစဉ်ရှိကြောင်း၊ မြန်မာစကား မတတ်တဲ့ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မှတ်ပုံတင် ထုတ်ပေးထားတာ တွေ့ရှိခဲ့ရကြောင်း၊ အဲ့ဒီလို မှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကို စစ်ဆေးနေပြီး အနည်းဆုံး ၃ ဦးကိုတာဝန်ကရပ်စဲခိုင်းမည် ဖြစ်ကြောင်း၊ တခြားနိုင်ငံမှ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ မိမိနိုင်ငံမှ စိစစ်ရေးကဒ်ပြားနှစ်ခု ကိုင်ဆောင်ထားပါကလည်း အရေးယူဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ပြည်သူလူထုအသုံးပြုနိုင်ဖို့ အတွက်လည်း စမတ်ကဒ်နည်းပညာတွေကို လေ့လာနေကြောင်းနဲ့ တခြားအထွေထွေ မေးမြန်းတာကိုလည်း ဖြေကြားပေးခဲ့ပါတယ်။

စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန မေးခွန်းတွေအနေနဲ့ သတ်မှတ်ဈေးထက် ပိုမိုရောင်းချတာတွေ၊ ခွေးလေခွေးလွင့် ကိစ္စရပ်တွေ၊ ရေရရှိရေး၊ ကောက်ခံတဲ့အခွန်အခတွေ၊ ဈေးဆိုင်ကျုးကျော်တာတွေ စတဲ့မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။
မေးခွန်းတွေကို တာဝန်ရှိသူမှ ခွေးလေခွေးလွင့်များကို အဆိပ်ချနည်းစနစ် အတော်အတန် လုပ်ဆောင်ခဲ့ကြောင်း၊ ခွေးလေခွေးလွင့် ကိစ္စတွေကို လုပ်ဆောင်ပေးမယ်လို့ ကတိပြုကြောင်း၊ မြို့ပြတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး စည်ပင်သာယာရေးအဖွဲ့ရဲ့ လုပ်ငန်းတွေဆောင်ရွက်နေကြောင်း၊ သတ်မှတ်ဈေးထက် ရောင်းချပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြောင်း ဖြေကြားပေးခဲ့ပါတယ်။

တက်ရောက်လာတဲ့ ဝန်ကြီး ၄ ပါးက မေးခွန်းတွေအားလုံးကို အသေးစိတ်ဖြေကြားပေးခဲ့ပြီး ပြည်သူလူထုသိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ဝေမျှခဲ့ပါတယ်။ အထက်ပါ တွေ့ဆုံပွဲကို ဥထ်ညေ မှ ကြီးမှူးကျင်းပခဲ့ပြီး ကချင်ပြည်နယ်အတွင်း သက်ဆိုင်ရာမြို့နယ် ၁၁ မြို့နယ်က ဒေသခံ ၁၅၀ကျော် တက်ရောက်ခဲ့ပါတယ်။

စည်သူ(မြစ်ကြီးနား)