ပညာရေးကောလိပ် မြစ်ကြီးနား

နိုဝင်ဘာ ၇
ယခုနှစ်မှ စတင်ကာ (၄)နှစ်သင်တန်းအဖြစ် အဆင့်တိုးမြှင့်လိုက်သော မြစ်ကြီးပညာရေး ဒီဂရီကောလိပ် ဝင်ခွင့်ရသူများသည် ယခုလ ၁၃ ရက်နေ့မှ ဒီဇင်ဘာ ၁၃ ရက် မတိုင်ခင်ထိ ကျောင်းအပ်နှံနိုင်ပြီ ဖြစ်ကြောင်း၊ မြစ်ကြီးနားပညာရေးကောလိပ် ကျောင်းအုပ်ကြီးဦးထင်ဗေးက ပြောသည်။

တစ်ပြည်နယ်လုံးရှိပညာရေးကောလိပ်ကို (၂)နှစ်သင်ပညာရေးအစား၊ ယခုနှစ်မှ စတင်ကာ (၄)နှစ်တက်ရောက်ရမည့် B.A(ed), B.Sc(ed)စနစ်သစ်ပညာရေး ဒီဂရီကောလိပ် အဖြစ်သို့ ပြောင်းလဲ ဖွင့်လှစ်လိုက်ရာ၊ ယခုနှစ်တွင် ဝင်ခွင့်ရဦးရေ ၁၄၄ ဦးရှိပြီး၊ အခြားတက္ကသိုလ်များနည်းတူ ဒီဇင်ဘာလမှ စတင်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

သင်ကြားရေး စနစ်သစ်သို့ ပြောင်းလဲလိုက်ခြင်း သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆရာများ၏ အရည်အသွေးတိုးတက်လာသည် နှင့်အမျှ အရည်အချင်းရှိသည့် နိုင်ငံသားများကို မွေးထုတ်လာနိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနား ပညာရေးကောလိပ်ကျောင်းအုပ်ကြီး ဦးထင်ဗေးက ပြောသည်။

“အခုစနစ်က ဘယ်သူမဆို ရာထူးတိုးဖို့ပဲ ကြိုးစားနေတာ။ အတွေ့အကြုံတစ်ခုရရင် နောက်တစ်ဆင့် တက်ပြီ။ အဲ့ဒီနေရာမှာ အသစ်ပြန်အစားထိုးပြီ။ ဆိုတော့ ကလေးတွေက အသစ်အသစ်တွေနဲ့ပဲ တစ်ချိန်လုံးသွားနေရတော့ ရသင့်သလောက်မရဘူး ဖြစ်နေတာပေါ့”ဟု ၎င်းကပြောသည်။

(၄)နှစ်သင် ပညာရေးတွင် ပထမနှစ်နှင့် ဒုတိယနှစ်များတွင် ဆရာတစ်ယောက် သိသင့်သိထိုက်သည့်၊ မဖြစ်မနေ တတ်မြောက်ရမည့် သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ စာသင်နှစ် တတိယနှစ်တွင် မူလတန်းနှင့် အလယ်တန်း အထူးပြုတန်းကို စိတ်ကြိုက် ရွေးချယ်တက်ရောက် ကြရမည်ဖြစ်သည်။

သင်တန်းသား ဘဝတွင် စိတ်ကြိုက် အထူးပြုတန်းရွေးချယ်ခြင်းဖြင့် နယ်ပယ်အလိုက် ပိုမိုကျွမ်းကျင်သော ဆရာများကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ နောင်တွင် မိမိရွေးချယ်ထားသော အထူးပြုတန်း(မူ၊လယ်၊…)တွင် လုပ်သက်ပေါ်မူတည်၍ လုပ်ခလစာများကို တိုးမြှင့်ပေးသွားသော စနစ်ကို ကျင့်သုံးလာနိုင်ဖွယ်ရှိကြောင်း၊ မြစ်ကြီးနား ပညာရေးကောလိပ် ကျောင်းအုပ်ကြီးဦးထင်ဗေးက ပြောသည်။

“ဆရာတို့ မျှော်မှန်းတာကတော့ နိုင်ငံတကာလိုပဲပေါ့။ ဆရာတစ်ယောက်ဟာ သူကျွမ်းကျင်တဲ့၊ သူရွေးချယ်တဲ့လမ်းမှာ နှစ်ပေါင်းများစွာ သူလုပ်နိုင်သလောက် လုပ်ပြီး၊ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ရည်ရွယ်တာ။ သူ့နယ်ပယ်နဲ့သူ ကျွမ်းကျင်တဲ့ ဆရာတွေကို မွေးထုတ်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိတက်ရောက်နေသည့် DTEd(၂)နှစ် သင်တန်းသားများအတွက်လည်း၊ လာမည့်နှစ်မှ စတင်ကာ B.Sc, B.A စာပေးစာယူ သင်တန်းများကို နှစ်သုတ်ခွဲကာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စာပေးစာယူသင်တန်းတက်ရောက်ရန် အတွက် DTEd အမှတ်စဉ် ၁မှ ၂၁ ရှိ အခြားတက္ကသိုလ်များ မှ ဘွဲ့မရရှိသေးသူများကို တက်ရောက်ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခင်နှစ်များတွင် သင်တန်းသားဦးရေ ၃၀၀ ဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ်တွင် စာသင်ဆောင်၊ လူနေဆောင် အခြေအနေများအရ၊ ကျောင်းသား လက်ခံနိုင်မှုအပေါ်မူတည်ကာ သင်တန်းသားဦးရေ ထက်ဝက်ခန့်လျော့ပြီး ခေါ်ယူခြင်းဖြစ်ကြောင်း၊ မြစ်ကြီးနားပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးထင်ဗေးက ပြောသည်။

ယခုနှစ်ပညာသင်နှစ်မှ စတင်၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပညာရေးကောလိပ်(၂၅)ခုကို (၂)နှစ်သင်ဒီပလိုမာတန်းမှ (၄)နှစ်သင်ပညာရေး ဒီဂရီကောလိပ်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

Ann