ဖားကန့်
ဓာတ်ပုံ - ဇော်မိုးထက် (ဖားကန့် )

ကမ္ဘာကျော် အဖိုးတန် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့် မှော်ဒေသသည် ၂၁၁၉ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံး ကြောက်ရွံ့တုန်လှုပ်ခဲ့ရသည့် ကမ်းပါးပြိုကျမှုများ၊ နွံကန်ပေါက်ကျမှုများ၊ အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများကြောင့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးခဲ့မှုများ၊ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူတို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ရသည့် နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပြီ ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ထူးခြားမှုတစ်ခုမှာ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတို့အကြား မှော်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခြင်းသည် ထူးခြားသည့်မှတ်တိုင်တစ်ခု ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဖားကန့်မှော်ဒေသတွင် စီးပွားရေးလုပ်ငန်းများ ပုံမှန် လည်ပတ်နေသလားဟု ဆိုသော်လည်း မဟုတ်ပေ။ အကျပ်အတည်းများကြားတွင် ရုန်းကန်နေကြရဆဲ ဖြစ်ပြီး သာမန်အခြေခံလုပ်သားများ ယခင်နှစ်များအတိုင်း သေဆုံးမှုက ရှိနေဆဲ ဖြစ်သည်။ ၂၀၁၉ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့သော လုပ်ကွက်ဟောင်း နွံကန် ပွင့်ကျမှုကြောင့် ကုမ္ပဏီလုပ်သား (၅၄)ဦးသေဆုံးမှုက သက်သေပြနေသည်။

၂၀၁၉ ခုနှစ်အတွင်း မြေကမ်းပါးပြိုကျမှုနှင့်နွံကန်ပွင့်ကျမှုများ
၂၀၁၉ ခုနှစ်အတွင်း ကမ်းပါးပြိုကျမှုနှင့် နွံကန်ပွင့်ကျမှုပေါင်း (၁၅)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည့် သတင်းများကို သတင်းမီဒီယာများတွင် ဖတ်ရှုခဲ့ကြရသည်။ သေဆုံးသူပေါင်း ၁၀၀ ထက်မနည်းရှိခဲ့သည်။ ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့သည်။
အထူးသဖြင့် ဧပြီလ ၂၂ရက်နေ့ ည ၁၁ နာရီကျော်တွင် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်အပိုင် မော်မောင်းလယန်ကျေးရွာ အနီးရှိ လုပ်ကွက်ဟောင်း ရွံ့နွံကန် ပေါက်ကျမှုသည် ၂၀၁၉ခုနှစ်အတွင်း လူသေဆုံးမှုအများဆုံး ဖြစ်သည်။ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများ၏ ဝန်ထမ်းပေါင်း(၅၄)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ မြေကမ်းပါးပြိုကျမှုဖြစ်စဉ်များတွင် ဇူလိုင်လ၂၈ ရက်နေ့ ညဉ့်သန်းခေါင်ချိန်တွင် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုကောင်စံကျေးရွာ အနီး စိန်လုံတောင်မှ ကမ်းပါးပြိုကျမှုသည် ၂၀၁၉ ခုနှစ် အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး လူပေါင်း (၂၀)ဦးထက်မနည်း သေဆုံးခဲ့ကာ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင် (၃)ဦး၊ ကုမ္ပဏီဝန်ထမ်း (၁၅)ဦးနှင့် အရပ်သား(၂)ဦး သေဆုံးခဲ့ရသည်။
ဖားကန့်မှော် ဒေသတွင်ကမ်းပါးပြို၊ လုပ်ကွက်ဟောင်း နွံကန်ပွင့်ကျမှုများကြောင့် လူပေါင်း တစ်ရာနီးပါးသေဆုံးခဲ့ရကြောင်းကို သက်ဆိုင်ရာ ဌာနများရဲ့ မှုခင်းဖြစ်စဉ် မှတ်များအရ သိရှိခဲ့ရသည်။
ယခုကဲ့သို့ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းသည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကြောင့်ဟု လည်း အများစုက ပြောဆိုနေကြသည်။

တူးဖော်မှု ပုံစံသစ်
အဓိကကျသည့် အကြောင်းအရင်းတစ်ခုမှာ ပြောင်းလဲလာသောကျောက်စိမ်းတူးဖော်မှုပုံစံ (အစိုးရသစ်ရဲ့ ကျောက်စိမ်းတူးဖော်မှု ပုံစံသစ်)ကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။
NLD အစိုးရသစ် တက်လာပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်ရေးဆွဲရန်ဟုဆိုကာ ၂၀၁၆ခုနှစ် ဧပြီလတွင် ကျောက်စိမ်းတူးဖော်ရေး လိုင်စင်များကိုထပ်မံ သက်တမ်းတိုးပေးခြင်း လိုင်စင်အသစ်ချထားပေးခြင်းများကို ရပ်ဆိုင်းရန်ကြေငြာခဲ့သည်။ ထိုသက်ရောက်မှုသည် ၂၀၁၆-၁၇ ခုနှစ် ကာလများတွင် မသိသာသော်လည်း၂၀၁၈ ခုနှစ် နောက်ပိုင်း အချိန်များတွင် ဖားကန့်ကျောက်စိမ်းမြေကို သိသိသာသာ သက်ရောက်မှုများ ဖြစ်စေခဲ့သည်။
ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများအနေဖြင့် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် လွန်စွာအန္တရာယ် များလာသည်။ ကြီးမားသည့် အန္တရာယ်များကြားမှ လုပ်ကိုင်ရသဖြင့်ကုမ္ပဏီဝန်ထမ်း သေဆုံးမှုများ မြင့်တက်လာခဲ့သည်။ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များက ကုမ္ပဏီလုပ်ငန်းခွင်အတွင်း ကုမ္ပဏီလုပ်သားသေဆုံးမှုသည် (၁၀)ဦးပင်မပြည့်သော်လည်း ၂၀၁၉ခုနှစ်အတွင်း ကုမ္ပဏီလုပ်သား သေဆုံးမှုသည် (၆၂) ဦးထိ ရှိလာခဲ့သည်။

အစိုးရသစ် တက်မလာခင် ယခင်နှစ်များဆီက စွန့်ပစ်မြေစာပုံများ ပြိုကျမှုကြောင့် ရေမဆေးလုပ်သားများစွာ အစုလိုက်သေဆုံးခဲ့ရသည် ။ အစိုးရသစ်တက်လာပြီးနောက်ပိုင်း အစိုးရ၏မူဝါဒ အပြောင်းအလဲကြောင့် ကျောက်စိမ်းတူးဖော်မှုပုံစံ ပြောင်းလဲလာခဲ့သည်။ ပြောင်းလဲလာသော ကျောက်စိမ်း တူးဖော်မှုများနှင့်အတူ လူများအစုံသေဆုံးမှုသည်လည်း ကျွဲကူးရေပါဆိုသကဲ့သို့ ပြောင်းလဲလာသည်ကို တွေ့ရသည်။

အစိုးရသစ်၏ ကျောက်စိမ်းတူးဖော်မှု လိုင်စင်များ သက်တမ်း တိုးမပေးတော့ခြင်း၊ လိုင်စင်အသစ် ထပ်မံထုတ်မပေးခြင်းများက ကျောက်စိမ်းတူးဖော်မှု ပုံစံကို သက်ရောက်ပြောင်းလဲစေသကဲ့သို့ ယင်း သက်ရောက်မှုများက လုပ်ကွက်များသက်တမ်းကုန်ဆုံးမှု အချိန် မတူညီမှုများကြောင့် အန္တရာယ်ရှိသည့် မြင့်မားသောကမ်းပါးနံရံများ ဖြစ်ပေါ်လာခြင်း၊ သက်တမ်းရှိ လုပ်ကွက်ကပ်လျက်မှာ ကြီးမားပြီး အန္တရာယ်ကျရောက်နိုင်သည့် ရွှံနွံအိုင်များဖြစ်ပေါ်လာခြင်းများ ဖြစ်ပေါ်လာသည်။ အဆိုပါ ကမ်းပါးများ ပြိုကျခြင်း၊ နွံအိုင်များ ပွင့်ကျမှုများကြောင့် ကုမ္ပဏီ ဝန်ထမ်းများ အပါအဝင် ရေမဆေးလုပ်သားများ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြရသည်။

အထက်ဖော်ပြပါ ကျောက်စိမ်း တူးဖော်မှုပုံစံပြောင်းလဲလာမှုများကြောင့် ကုမ္ပဏီလုပ်သားများ သာမက အခြေခံလုပ်သားများပါ သေဆုံးမှု မြင့်တက်လာခဲ့သည်။

၂၀၁၈-၁၉ နှစ်များသည် လူသေဆုံးမှု အမြင့်ဆုံးနှစ်များဟုပင် ဆိုနိုင်သည်။၂၀၁၇ခုနှစ်က ကျောက်စိမ်းတူးဖော်မှုနှင့် ဆက်စပ်သော လုပ်ငန်းများကြောင့် လူပေါင်း (၁၂၄)ဦးသေဆုံးခဲ့ပြီး (၁၀၅)ဦး ဒဏ်ရာရခဲ့သည် ။၂၀၁၈ ခုနှစ် လူပေါင်း (၁၃၉)ဦး သေဆုံးခဲ့ပြီး(၆၆)ဦး ဒဏ်ရာရရှိကာ (၅)ဦး စိုးရိမ်ရပြီး (၃၀)ဦးဟာ အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့သည်။ ယခု ၂၀၁၉ ခုနှစ်တွင် လူပေါင်း (၁၁၆)ဦး သေဆုံးခဲ့သည်။ (၆)ဦးဒဏ်ရာ ရရှိခဲ့ပြီး (၂)ဦးမှာ အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့ရသည်။ မျက်မြင်များ၏ ခန့်မှန်းပြောဆိုမှုအရ ပျောက်ဆုံးသူ စုစုပေါင်း (၅၀)ဦးထက်မနည်း ရှိနိုင်သည်ဟုလည်း ပြောဆိုနေကြသည်။

အစိုးရမူဝါဒနှင့် ပြောင်းလာသည့် တူးဖော်မှုပုံစံကြောင့် အန္တရာယ်ကို လက်ယပ်ခေါ်သလိုဖြစ်
အထူးသဖြင့် သက်တမ်းကုန်ဆုံးမှု မတူညီသော လုပ်ကွက်များကြောင့် သက်တမ်းရှိသော လုပ်ကွက်များကို တူးရသော လုပ်ငန်းရှင်များသည် အလိုအလျောက် အန္တရာယ်နှင့် ရင်ဆိုလာရသလို ဖြစ်လာသည်။ သက်တမ်းရှိ လုပ်ကွက်သည် ပေပေါင်း ရာထောင်ချီအနက်ကို တူးကြရသည်။ သက်တမ်းကုန်လုပ်ကွက်သည် ကမ်းပါးယံအဖြစ် ကျန်ရစ်ခဲ့ရသည်။အဆိုပါ သက်တမ်းကုန်လုပ်ကွက်ထဲကို မိုးရာသီမှာ မိုးရေ အမြောက်အမြား ဝင်နေသည်။ အဆိုပါ သက်တမ်းကုန်လုပ်ကွက်ဟောင်း ရေအိုင်ထဲသို့ အခြားသော ကုမ္ပဏီက မြေစာလာသွန်ထည့်သည်။ လုပ်ကွက်ဟောင်းသည် ရွှံနွံအိုင်ဖြစ်လာသည်။
ရွှံနွံအိုင်သည် သာမန်ရေအိုင်နှင့်မတူ မြေစာများဖြင့် နယ်ထားသည့်အတွက် ကနယ်ဖြစ်နေသည်။ ကနယ်သည် ဝိတ်ပိုများသည်။တွန်းကန်အား ရှိသည်။သက်တမ်းရှိ လုပ်ကွက်အများစုသည် အဆိုပါ ကနယ်အိုင်များ၏ ဘေးတွင် တူးဖော်နေရသည်။ တူးဖော်ရေးလုပ်ငန်းများသည် မိုင်းဖောက်ခွဲမှုများ တူးဖော်ရသောကြောင့် တုန်ခါမှုပြင်းထန်သည်။ တုန်ခါမှုကို မကြာခဏခံရသော သက်တမ်းကုန်လုပ်ကွက် ကနယ်အိုင်နှင့် သက်တမ်းရှိ လုပ်ကွက်ကြား ခြားထားသော မြေသားနံရံ (ဒေသအခေါ် ဒိုင်ချန်)သည် ကြာရှည်မခံဘဲ ပွင့်ထွက်သွားခြင်း၊ ကမ်းပါးများ ပြိုကျခြင်းများဖြစ်ကာ လူပေါင်းများစွာ သေဆုံးကြရသည်။

ကုမ္ပဏီဝန်ထမ်း သေဆုံးမှု အမြင့်ဆုံးနှစ်
ကုမ္ပဏီ ဝန်ထမ်းပေါင်း (၅၄)ယောက် သေဆုံးခဲ့ရသော ဧပြီလ ၂၂ရက်နေ့ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည်ကနယ်နွံကန် ပွင့်ကျမှုကြောင့် ဖြစ်သည်။ ဇူလိုင်လ (၂၈) ရက်နေ့ နံနက် ၂ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့သော စိန်လုံ ကမ်းပါး ပြိုကျမှုတွင် ကုမ္ပဏီဝန်ထမ်း (၁၅) ဦး သေဆုံးသွားခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီလုပ်သားများ သေဆုံးမှုသည် မြေပြိုမှု၊ နွံကန်ပွင့်ကျမှုနှင့် အခြားသော လုပ်ငန်းခွင် အန္တရာယ် ကျရောက်မှုများကြောင့် လုပ်သားပေါင်း (၆၂)ဦး သေဆုံးခဲ့ရကြောင်းကို မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ ပြောင်းလဲလာသော ကျောက်စိမ်းတူးဖော်မှု၏ နောက်ဆက်တွဲအကျိုးဆက်တစ်ခု ဆိုနိုင်သည်။

ရေမဆေးလုပ်သားများ သေဆုံးမှု အနည်းဆုံးနှစ်
စုပေါင်း စွန့်ပစ်မြေစာပုံပြိုကျမှုဖြစ်စဉ်များ နည်းပါးသွားသောကြောင့် ရေမဆေးလုပ်သား သေဆုံးမှုနှုန်းသည် ယခင်နှစ်များထက် ထက်ဝက်ကျော် လျော့ကျသွားခဲ့သည်။ သက်တမ်းကုန် လုပ်ကွက်များ များပြားလာခြင်းကြောင့် စွန့်ပစ်မြေစာပုံသည် နည်းလာရသည်။ ၂၀၁၈ခုနှစ်တွင် နွံကန်ပွင့်ကျမှု၊ ကမ်းပါးပြိုကျမှုများကြောင့် ရေမဆေးလုပ်သားပေါင်း (၁၃၄)ယောက်သေဆုံးခဲ့ကြောင်းကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
“၂၀၁၉ ခုနှစ်တွင် ရေမဆေးလုပ်သား (၆၀)ကျော်သာ သေဆုံးခဲ့ရသည်”ဟု သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၏ ထုတ်ပြန်မှုနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရှိခဲ့ရသည်။ ထို့ပြင် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးလုပ်သားတို့ကြား ပဋိပက္ခ ဖြစ်ပွားမှုနှုန်းများလည်း သိသိသာသာ လျော့ကျလာသည်ကို သတိပြုမိလာခဲ့သည်။

လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရေမဆေး လုပ်သားသေဆုံးမှု အနည်းဆုံး နှစ်တစ်နှစ်
၂၀၁၉ ခုနှစ်တွင် လုပ်ကွက် လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် ရေမဆေးလုပ်သားများ ပဋိပက္ခ အနည်းငယ်သာ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရေမဆေးလုပ်သား တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရေမဆေးလုပ်သား (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး(၁၂)ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့သည်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့သည်။

လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှု အများဆုံးနှစ်
အစိုးရ၏ မူဝါဒအပြောင်းအလဲသည် နိုင်ငံတော်နှင့် အကျိုးတူ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကို လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအထိသက်ရောက်မှု ရှိလာခဲ့သည်။ ၂၀၁၉ ခုနှစ်သည် ကျောက်စိမ်းတူးဖော်လုပ်ကွက်များကို လုံခြုံရေးရဲတပ်ဖွဲ့ဝင် အများဆုံးသေဆုံးခဲ့ရသည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ ၂၀၁၆-၁၇-၁၈ ခုနှစ်များတွင် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အနည်းငယ်သာ ရှိသည်။ ၂၀၁၇ ခုနှစ်တွင် လုပ်ကွက်အတွင်း ရေမဆေးရှာဖွေသူများနှင့် ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရသည်။၂၀၁၉ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့သော စိန်လုံကမ်းပါးပြိုကျမှုတွင် ရဲတပ်ကြပ်မျိုးမြင့်အောင် (၄၇)နှစ်၊ ရဲတပ်သား အောင်ခိုင်ခန့် (၂၀)နှစ်၊ ရဲတပ်သား ဖောင်ထပ်ခွာလ်(၂၆)နှစ်တို့ သုံးဦး သေဆုံး သွားခဲ့ရသည်။ ၂၀၁၉ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မြန်မာဝင်းဂိတ် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ရင်း အမှတ် (၂၆)မှ ဒုတပ်ကြပ်နိုင်မျိုးအောင် သေဆုံးခဲ့ရသည်။၂၀၁၉ခုနှစ်တွင် လုပ်ကွက်လုံခြုံရေး ရဲဝန်ထမ်း (၄)ဦးသေဆုံးခဲ့ရသည်။ လူသေဆုံးမှုနှုန်းများ မြင့်တက်လာခဲ့သလို သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်များမှာလည်း တစ်နေ့တခြား ပို၍ ပို၍ များလာနေခဲ့သည်။ သက်တမ်းကုန် လုပ်ကွက်တွေ များပြားလာခြင်း၊ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ အန္တရာယ်ရှိလာခြင်းကဲ့သို့သော အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ကျောက်စိမ်းအရိုင်းများနှင့် ကျောက်မျက်ရတနာ ရောင်းချပွဲများကိုနိုင်ငံတော်အစိုးရမှ တိုးမြှင့် လုပ်ဆောင်နေခြင်းကို တွေ့ရသည်။

နိုင်ငံတော်က ကြီးမှူးကျင်းပသော ကျောက်မျက်ပြပွဲများ
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် (၅၆)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် ကျင်းပနိုင်ခဲ့သည်။ တရုတ်ရတနာ ကုန်သည် ၂၈၈၀ ဦး၊ ထိုင်းရတနာကုန်သည် ၂၃ ဦး၊ သြစတြေးလျ ရတနာကုန်သည် တစ်ဦး၊ အမေရိကန်ရတနာကုန်သည် ၂ ဦး၊ အိန္ဒိယ ရတနာကုန်သည် ၆ ဦး၊ ပြည်တွင်းရတနာ ကုန်သည် ၁၆၄၉ ဦး၊ ပြည်တွင်းပြည်ပ ရတနာကုန်သည်ပေါင်း ၄၅၆၁ ဦး တက်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရသည်။
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်မျက်ရတနာအတွဲ (၆၉)တွဲ၊ ပုလဲ(၂၆၉)တွဲ၊ ကျောက်စိမ်းအတွဲ (၅၂၆၃)တွဲတို့ကို ယူရိုငွေသန်းပေါင်း (၄၇၄ဒသမ၁၄)ဖြင့် ရောင်းချခဲ့ရသည်ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ပြပွဲဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်တွင်းရတနာကုန်သည်များ ကျောက်မျက်ရတနာ ကုန်ကြမ်းများရရှိစေရန်ရည်ရွယ်ပြီး မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်းကုန်သည်များအတွက် သီးသန့်ပြသရောင်းချပေးခဲ့သည်။ အဆိုပါပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင်ကျောက်မျက်ရတနာ အတွဲပေါင်း (၂၆၀)တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း (၃၁၀၈) တွဲကို ပြသ ရောင်းချခဲ့သည်။ကျောက်မျက်ရတနာ အတွဲပေါင်း (၄၉)တွဲကို မြန်မာငွေကျပ်သန်းပေါင်း (၃၆၂ ဒဿမ ၉၉) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း(၃၀၁၁)တွဲကို မြန်မာ ကျပ်ငွေသန်းပေါင်း (၆၀၅၂၉ ဒဿမ ၈၇၈)သန်းဖြင့်ရောင်းချနိုင်ခဲ့သည်ဟု မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း(MGE)မှ ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းကျောက်မျက်ရတနာ ပြပွဲငယ်များကို စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့တွင် (၂)ကြိမ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် (၂)ကြိမ်၊ မန္တလေးမြို့တွင် (၁)ကြိမ် ကျင်းပရောင်းချနိုင်ခဲ့သည်မှာလည်း ထူးခြားသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။

တဖန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ပြပွဲဗဟိုကော်မတီမှ ကြီးမှူးပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ကျင်းပနိုင်ခဲ့သည်။ ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ စက်တင်ဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ ဆယ်ရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်းရတနာကုန်သည် ၁၉၇၃ ဦး၊ ပြည်ပ ရတနာကုန်သည် ၃၀၇၆ ဦး၊ ပြည်တွင်းပြည်ပ ရတနာကုန်သည်ပေါင်း ၅၀၄၉ ဦး တက်ရောက်ခဲ့သည်ဟု ပြပွဲဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက်ရတနာ အတွဲ (၄၀)တွဲကို ယူရို သန်း(ဝ.၃၇၈)သန်းဖြင့် လည်းကောင်း ကျောက်စိမ်းအတွဲပေါင်း (၅၈၄၅)တွဲကို ယူရိုသန်းပေါင်း (၅၀၆.၅၃၅)ဖြင့် ရောင်းချနိုင်ခဲ့တယ်လို့လည်း ပြပွဲဗဟိုကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတွင်းထွက်ရှိသော ကျောက်မျက်ရတနာ အများစုကို နိုင်ငံတော်က ကြီးမှူး ကျင်းပသော ရတနာပြပွဲများတွင်သာ ရောင်းချခွင့်ပြုထားသည်ကို တွေ့ရသည်။ ထိုသို့ ရောင်းချရာတွင် လည်း နိုင်ငံတော်မှ အထပ်ထပ်အခွန်ကောက်ယူမှုများ ပြုလုပ်သည်။ ကျောက်မျက်ရတနာများကို ပြည်တွင်းရှိ မည်သည့်နေရာဒေသမဆို အရောင်းအဝယ်ပြုလုပ်နိုင်ရန်မှာ ဥပဒေနှင့် အကန့်အသတ်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုအရာကသည်ပင် တရားမဝင်မှောင်ခို ဈေးကွက်သို့ တွန်းပို့နေလျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေအမြောက်အမြား ဆုံးရှုံးလျက် ရှိနေခဲ့သည်။

ကာလဒေသ အခြေအနေရ ပေါ်ပေါက်လာခဲ့ရသော လူသွားလမ်းပေါ်က ကျောက်စိမ်းဈေးတန်းများ
ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်၊ မိုးညှင်း၊ နမ္မချီ၊ခန္တီးတို့တွင် နိုင်ငံတော်မှ တရားဝင် သတ်မှတ်တည်ဆောက်ပေးထားသော ကျောက်စိမ်းဈေး ယနေ့ချိန်ထိ မရှိသေးပါ။ သို့သော်လည်း ကာလဒေသအရ ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတိုင်းမှာလိုလိုပင် ကျောက်မျက်ရတနာ အရိုင်းဈေးများ၊ ကျောက်စိမ်းဈေး (သို့) ကျောက်ဝိုင်းများ ရှိနေခဲ့ပါသည်။ တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်၊ ရင်ကျန်းမြို့များမှာ ကျောက်စိမ်းအရိုင်း ကိုးဆယ်ရာခိုင်နှုန်းသည် ဖော်ပြပါကျောက်ဝိုင်းများမှ အများစုဖြစ်သည်။ဖားကန့်ဒေသရှိ ရေမဆေးကျောက် ရှာဖွေသူများထံမှ ကျောက်စိမ်းအရိုင်း အားလုံးနီးပါသည် တရားမဝင်သော မှောင်ခိုနည်းလမ်းဖြင့် ဖော်ပြပါ တရုတ်နိုင်ငံ၏ ကျောက်စိမ်းဈေးရှိရာ မြို့များသို့ ရောက်ရှိ သွားခဲ့ရသည်။

ထို ကျောက်စိမ်းများသည် နိုင်ငံတော်မှ အခွန်တစ်ပြားတချပ်မှ မရရှိဘဲ တရုတ်နိုင်ငံသို့ လွယ်ကူစွာ ရောက်ရှိသွားသည်။ ဖားကန့်၊ လုံးခင်း၊ဆိုင်းတောင် (ဆိပ်မူ) ကျောက်ဝိုင်းများတွင် နေ့စဉ်လိုလို ကျပ်ငွေ သိန်းပေါင်းများစွာ (သိန်းပေါင်းသောင်းချီ) အရောင်းအဝယ် ဖြစ်နေသည်။ ကျောက်ဝိုင်း သုံးနေရာလုံး၏ စုစုပေါင်းရောင်းရငွေသည် နေ့စဉ်ကျပ်သိန်းပေါင်း သောင်းဂဏန်းမှ သိန်းဂဏန်းထိ ရှိသည်ဟု ဝါရင့်ပွဲစားကြီး တစ်ယောက်က သူ့အတွေ့အကြုံအရ ပြောပြသည်။

ယင်း ကျောက်ဝိုင်းများ၏ ထူးခြားမှုတစ်ခုမှာ နေ့ခင်းကျောက်စိမ်းဝိုင်း သာမက ညပိုင်းတွင်ပါ ရောင်းချသည့်ကျောက်စိမ်းဝိုင်းများပါ ရှိလာသည်။ ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် ယခင်က ကျောက်စိမ်းအရိုင်းများကို နေ့ပိုင်းတွင်သာ ရောင်းချခဲ့သော်လည်း ၂၀၁၇ခုနှစ် နှောင်းပိုင်းလောက်က စပြီး ညခင်းပိုင်းတွင် ရောင်းချသော ကျောက်စိမ်းဈေးများ ပေါ်ပေါက်လာခဲ့သည်။လုံးခင်း၊ မမုံ၊ ဝေခါ ကျေးရွာများတွင် ညဘက်ရောင်းသော ကျောက်စိမ်းဈေးများ ရှိလာသည်။ အဆိုပါ ကျောက်ဝိုင်းများသည် တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်၊ ရင်ကျန်းမြို့များမှ ညဘက်ကျောက်စိမ်းဈေးများမှ ကူးစက်လာသည်ဟု ကုန်သည်အများစုက ဆိုသည်။

အစိုးရ၏စီစဉ်မှုကြောင့် ဖြစ်ပေါ်လာသော ကျောက်စိမ်းဈေး မဟုတ်သည့်အတွက် နိုင်ငံ့ဘဏ္ဍာ ထဲသို့ အခွန်အခများ ရောက်လာစရာ အကြောင်းမရှိပါ။ နိုင်ငံတော်က အခွန်ငွေ မရရှိသော်လည်း ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှကျောက်စိမ်း တန်ပေါင်း ထောင်သောင်းချီ၍ တရုတ်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်နေသည်ကို လူတိုင်းအသိပင်ဖြစ်သည်။

အစိုးရ၏ စီမံခန့်ခွဲမှုအလွဲများ
အစိုးရ အဆက်ဆက်မှ လက်ရှိအစိုးရအထိကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍနှင့် ပတ်သက်ပြီး ခိုင်မာသော မူဝါဒ မရှိသေးပေ။ အထူးသဖြင့် အောက်ခြေမှအထက်သို့ သွားသည့် Buttom Up မူဝါဒများ မရှိသဖြင့် မျှတပြီး မြေပြင်နှင့်လက်တွေ့ကျသော ဥပဒေများကို ရေးဆွဲနိုင်မှု မရှိခြင်းက ပဋိပက္ခများကို လက်ယပ်ခေါ်သလို ဖြစ်နေခဲ့သည်ကို သတိမူသင့်သည်။ အထူးသဖြင့် အခြေခံလူတန်းစား ပြည်သူများကို ကျောက်စိမ်းအပါအဝင် ကျောက်မျက်ရတနာများကို ဥပဒေဘောင်အတွင်းက ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခွင့်များကို ပေးထားခြင်း မရှိသေးခြင်းသည် ဥပဒေ၏ အားနည်းချက်တစ်ခုလို ဖြစ်နေသည်။ ထို့ကြောင့်ပင် ရေမဆေးလုပ်သားများနှင့် ကုမ္ပဏီများကြား၊ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် ရေမဆေးလုပ်သားများကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေခြင်းဟု သုံးသပ်နေကြသည်။

ဘက်ပေါင်းစုံမှ နိုင်ငံ့ဘဏ္ဍာဆုံးရှုံးနေမှုများ
ကျောက်မျက်ဥပဒေကို အချိန်မီပြင်ဆင်ရေးဆွဲနိုင်မှု မရှိခြင်းက လက်ရှိကြုံတွေ့နေရသော အစုလိုက်သေဆုံးမှုများနှင့် ပဋိပက္ခများ ဆွဲဆန့်ထားသလို ဖြစ်နေခဲ့သည်။ ကျောက်မျက်ဥပဒေ၊နည်းဥပဒေ ရေးဆွဲမှုနှောင့်နှေး ကြန့်ကြာမှုကြောင့် သက်တမ်းကုန် လုပ်ကွက်များကို ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ အန္တရာယ်ရှိ ခေါင်းပေါင်းမြေစာ ဖယ်ရှားခွင့်နှင့် မြေစာပစ်လမ်း ဖောက်လုပ်ခွင့်ပေးနေရခြင်းများက ဥပဒေသစ်နှင့်အညီ လုပ်ကွက်ချထားပေးရာတွင် လုပ်ကွက်ရရှိသူများနှင့် နိုင်ငံတော်မှ များစွာ နစ်နာနိုင်သည်။

တရားမဝင် ကျောက်စိမ်းတူးဖော်မှု အများဆုံးနှစ်
သက်တမ်းကုန်လုပ်ကွက်များကို ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် တရားမဝင်ကျောက်စိမ်း တူးဖော်မှုများ များပြားလာသည်။ ဖားကန့်လုံးခင်း ရတနာနယ်မြေတွင် သက်တမ်းကုန် လုပ်ကွက် ရှစ်ဆယ်ရာခိုင်နှုန်း ရှိနေပြီဟု ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်များထံက သိရသည်။ အမည်မဖော် လိုသူ လုပ်ငန်းရှင်တစ်ဦး ပြောပြတာကတော့ “လုပ်ကွက် သက်တမ်းကုန်တာက များနေပြီ။ တူးစရာမှ မရှိတာ ခိုးတူးရုံရှိတာပဲလေ။ စက်ယန္တယားတွေက ဒီအတိုင်းထားရင်လည်း ပျက်မှာပဲလေ။ ခိုးတူးလို့ ဖမ်းလည်း ဖမ်းပါစေလေ”ဟု ဆိုသည်။

ဖားကန့် လုံးခင်းရတနာနယ်မြေရှိ လုပ်ငန်းရှင်များက တရားဝင် တူးဖော်လုပ်ကိုင်လိုကြသော်လည်း အစိုးရက ဥပဒေ ရေးဆွဲမပြီးတာကြောင့် အချို့လုပ်ငန်းရှင်တွေ တရားမဝင်တူးနေတယ် လို့လည်း ဆိုကြသည်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေတွင် စက်ယန္တရားပေါင်း တစ်သောင်းကျော်ရှိသည်။သက်တမ်း ကျန်ရှိသော ပုဂ္ဂလိက လုပ်ကွက်၊ အကျိုးတူလုပ်ကွက် နှစ်ဆယ်ရာခိုင်နှုံးသာ ရှိသည်။ သက်တမ်းကုန်သော လစ်လပ်လုပ်ကွက်သည် ရှစ်ဆယ်ရာခိုင်နှုန်း ရှိနေသည်။ထိုလစ်လပ် လုပ်ကွက်များပေါ်တွင် နေ့ညမပြတ် တူးဖော်နေကြသည်။ စက်ယန္တရားပေါင်း တစ်သောင်းကျော်သည် ၂၄ နာရီ အလုပ်လုပ်နေသည်ကို တွေ့ရသည်။ လက်ညှိုးထိုးမလွှဲသော တရားမဝင်တူးဖော်မှု၊ဥပဒေနှင့် တူးဖော်လုပ်ကိုင်ခြင်း မရှိမှုများသည် ဖားကန့်ဒေသ၏ မိရိုးဖလာ ဓလေ့ကြီးတစ်ခုသဖွယ်ပင် ဖြစ်လို့ လာနေသည်။

NLD အစိုးရ လက်ထက်တွင် တရားမဝင် ကျောက်စိမ်းတူးဖော်မှုသည် စံချိန်တင်လောက်အောင်ပင် များပြားနေသည် ဟုလည်း ကျောက်စိမ်းတူးဖော်လုပ်ငန်းရှင်ဟောင်း တစ်ဦးက မှတ်ချက်ပြု ပြောဆိုခဲ့သည်။မြေပြင်လက်ရှိ အခြေအနေနှင့် အရှိတရားသည် အစိုးရအပါအဝင် ဖားကန့်ဒေသနေသူ အားလုံး သိကြသည်။ သက်ဆိုင်ရာ ဌာနတွေ သိသည်။ ရဲတပ်ရင်းတွေ သိသည်။ တပ်မတော် သိသည်။ ဌာနေလွှတ်တော် ကိုယ်စားလှယ်တွေ သိသည်။ အခြေစိုက် သတင်းထောက်တွေ သိသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် သိသည်။ သို့သော်… တရားမဝင်တူးဖော်မှုမှ ရရှိသော ကျောက်များ နိုင်ငံတော်သို့ အခွန်ဆောင်စရာမလိုသည့်အတွက် တရားမဝင် လမ်းကြောင်းများဖြင့် တဖက်နိုင်ငံသို့ လွယ်လင့်တကူ ရောက်ရှိသွားခြင်း၊ တရားမဝင်တူးဖော်ခွင့်ရနေသည့်အတွက် တရားဝင် လုပ်ကိုင်ရန် စိတ်ဝင်စားမှု နည်းလာပြီး ဥပဒေဘောင်အတွင်းက လုပ်ကိုင်ရသည်ကိုပင် စိတ်ဝင်စားမှု နည်းလာသည်ကို တွေ့မြင်နေရသည်။

တိုက်ပွဲ ဖြစ်ပွားမှုမရှိသောနှစ်
၂၀၁၉ ခုနှစ်သည် ထူးခြား၍ နေပြန်သည်။ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်တော် ကေအိုင်အေတို့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများရှိရာ မှော်ဒေသအတွင်း တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။
ဇွန်လ ၁၆ရက်နေ့ နံနက် ရှစ်နာရီခန့်က ကာမိုင်းမြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်း(၄၄)တို့တပ်မတော်နှင့် တိုက်ပွဲငယ်တစ်ခုသာ ဖြစ်ပွားခဲ့သည်။ ထိုအချိန်က မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အပစ်ရပ်ကြေညာထားချိန်လည်း ဖြစ်သည်။မှော်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ကေအိုင်အို၊ ကေအိုင်အေ၏အခွန်အခတိုးမြှင့်ကောက်ခံမှုများကြောင့် စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် အခြေခံလူတန်းများ အကြပ်အတည်း ဖြစ်ကြသည်။ မငြိမ်းချမ်းခြင်း၏ ရိုက်ခတ်မှုများကို ပြည်သူများက တစ်နေ့တခြား တိုး၍ ခံစားလာရသည်။
တရားဥပဒေ စိုးမိုးမှု ထီးရိပ်သည် ဖားကန့်မှော်ဒေသမှာ ပျောက်ကွယ်နေပြီဆိုတာကို အမည်မသိသေနတ်သမားများ လက်ချက်ဖြင့် သေဆုံးခဲ့ကြသော အမျိုးသမီး အုပ်ချုပ်ရေးမှူး ဒေါ်နန္ဒာလှိုင်၊ ကျောင်းဆရာလေး အောင်ဇင်ထွန်း၊မော်တော်ယာဉ်ဂိတ်မှူး ဦးခင်စိုး၊ ကျောက်စိမ်းပွဲစား ကိုထွန်းလင်းနှင့် ကျောက်သမား ကိုကံဆက်တို့က အချက်ပေး ခေါင်းလောင်း ထိုးခဲ့သည်မှာ ငါးနှစ်ပင် ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

အမည်မသိ သေနတ်သမားများကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိခဲ့သလို၊ အမည်သိသူတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် နာဂကျောင်းသားလေး မောင်အာစီ၊ ရေနံချောင်းသားလေး မောင်ဇော်ဝေကို ပစ်သတ်သွားသူတွေကိုလည်း မည်သူကမျှ အရေးယူတာ မကြားရပါ။ အုပ်ချုပ်သူအစိုးရ၏ စီမံခန့်ခွဲမှုအလွဲများသည် ပြည်သူအများစုက ခါးစည်းခံနေရကြောင်း ဖော်ပြခဲ့ပြီးသော အဖြစ်အပျက် အကြောင်းအရာများက သက်သေပြနေသည်။

ကုန်လွန်ခဲ့သော ၂၀၁၉ခုနှစ်၏ မြင်ကွင်းသည်အဆင်းမလှခဲ့သည်မှာ စာရှုသူများ ဖတ်ရှုခဲ့ကြသည့်အတိုင်းဖြစ်သည်။ ၂၀၂၀ ဆိုသော နှစ်သစ်ထဲကို ချည်းနင်း ဝင်ရောက်လာနေပြီ ဖြစ်သည်။ အစိုးရ၏ သက်တမ်းသည်လည်း ကုန်လွန်ဖို့ လွန်စွာနည်းကပ်လာပြီ ဖြစ်သည်။ ပြည်သူ့ဘဝင်၊ ပြည်သူ့ဆန္ဒများကို အစိုးရမှ မည်မျှအထိ စွမ်းဆောင်နိုင်ခဲ့သည်ကို နှစ်စဉ်လိုလို ပြည်သူများက စောင့်ကြည့်နေခဲ့သည်။ ဒီမိုကရေစီ ကျင့်စဉ်၏ အနှစ်သာရဖြစ်သော ပြည်သူ့ဆန္ဒ ပြည်သူ့ဘဝများကို ထင်ဟပ်သည့် ဥပဒေများ၊ နည်းဥပဒေများ ပေါ်ထွန်းလာရန် Buttom Up အောက်ခြေမှ အထက်သို့သွားသည့် အလေ့အထကိုပိုမိုကျင့်သုံးရန် လိုသည်ကို ဖားကန့်ကျောက်စိမ်းမြေ သက်သေ ပြနေပါသည်။

၂၀၁၉ ခုနှစ်ရဲ့ အဆိုးများ၊ စီမံခန့်ခွဲမှုအလွဲများကို သင်ခန်းစာယူရင်း ငြိမ်းချမ်းသော စည်ပင်ဝေဖြိုး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ဖို့ ပြည်သူများက ယနေ့ထက်တိုင် မျှော်လင့်နေဆဲဖြစ်ပါကြောင်း အသိပေး ပြောကြားလိုက်ရပါတယ်။

ဇော်မိုးထက် (ဖားကန့်)