ဇန်နဝါရီ ၂၈
တရုတ်နိုင်ငံအတွင်း ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားမှုရှိနေသောကြောင့် မြန်မာကျောက်စိမ်းလောက အတွက် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုနေကြသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ရှစ်ဆယ်ရာခိုင်နှုန်းရှိသည့် မြန်မာနိုင်ငံ၏ စီးပွားရေး အနေအထားမှာလည်း ကျဆင်းလာဖွယ်ရှိပြီး တရုတ်နိုင်ငံက အများဆုံးဝယ်ယူသည့် ကျောက်စိမ်း ဈေးကွက်မှာ ကြီးမားသည့် ရိုက်ခတ်မှု ဖြစ်လာနိုင်ကာ သတိထားရောင်းဝယ်ကြရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် ဒုဥက္ကဋ္ဌကိုကျော်သူရက တိုက်တွန်းသည်။

“ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် ကျောက်စိမ်းဈေးကွက်ကို အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောက်စိမ်းရဲ့ အဓိက ဝယ်လက်တွေက တရုတ်ပြည်နဲ့ တရုတ်လူမျိုးတွေပဲ ဖြစ်လို့ပါ။ အသက်ဘေးအန္တရာယ်ထက် ဘယ်ဟာမှ အရေးမကြီးတဲ့အတွက် ကျောက်စိမ်းဈေးကွက် ဆိုးရွား လာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျောက်စိမ်းဈေးကွက် ဖွံ့ဖြိုးတဲ့ တရုတ်ပြည်က မြို့တွေက ကျောက်ဝိုင်းတွေ အားလုံးကို ပိတ်ထားပါပြီ။ကျောက်လုပ်တဲ့သူ အားလုံးက အပြင်ထွက်တာ မရှိတော့ဘူး”ဟု ကိုကျော်သူရ သုံးသပ်ပြောကြားသည်။

ကျောက်စိမ်းဈေးကွက်သည် မည်သည့်အချိန်တွင် ပြန်လည် ကောင်းမွန်လာမည်ကို ခန့်မှန်း၍ မရကြောင်း၊ ကျောက်စိမ်းသမားများအနေဖြင့် ငွေတိုးဖြင့် ဝယ်ယူခြင်းမျိုး ရှောင်ကြဉ်ရန်နှင့် ဝယ်ယူထားပြီးပါကလည်း ဈေးကောင်းရရှိလျှင် ပြန်လည် ရောင်းချသင့်ကြောင်းလည်း ကိုကျော်သူရ အကြံပြုသည်။

ထို့အပြင် ဖားကန့်မြို့နယ်အတွင်း ရောင်းဝယ်ဖောက်ကားနေသည့် ဝယ်/ရောင်းသမားများ၊ ရေမဆေးသမားများ အတွက်လည်း စားဝတ်နေရေး အန္တရာယ်မှာလည်း ကြီးကြီးမားမား ကြုံတွေ့လာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။
“ကျောက်စိမ်းဈေးကွက်က ဆက်ပြီး စုတ်ပြတ်နေဦးမှာဖြစ်တယ်။ ကျောက်သမားတွေအကုန်လုံး အဲဒီဒဏ်ကို ခါးစည်းပြီး ခံရဦးမှာဖြစ်တယ်။ နဂိုကတည်းကမှ ကျောက်ရှားတဲ့ အနေအထားရော အခု ဝူဟန်လိုအနေအထားရောဆို ကျောက်ဈေးကွက်ကြီးက အေးခဲသွားမှာ။ ဒီရောဂါပျောက်မချင်း ဈေးကွက်က ပျက်နေဦးမှာပဲ”ဟု လုံးခင်းကျေးရွာနေ ကျောက်ရောင်းဝယ်သူ ကိုကျော်သူရအောင်က ပြောသည်။

ဆက်လက်ပြီး ကိုကျော်သူရအောင်က လက်ရှိလောပန်းများအတွက် ကျောက်ဈေးကွက် ပျက်သော်လည်း အဆင်ပြေနိုင်ပြီး မိမိတို့ ပွဲစားနှင့် ရေမဆေးသမားတို့၏ အခြေအနေမှာ အဆင်မပြေမှုများ တွေ့ကြုံလာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
လက်ရှိ အချိန်တွင် တရုတ်ပြည်ရှိ ကျောက်စိမ်းဈေးကွက်များ ပိတ်ထားဆဲဖြစ်ပြီး မြန်မာပြည်နှင့် အနီးဆုံးရွှေလီမြို့ရှိ ကျောက်စိမ်းဈေးကွက်တွင် လူစုလူဝေးဖြင့် ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် တားမြစ်ထားကာ ယင်း ဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ကူးစက်ခဲ့ခြင်း ဖြစ်သည်။

ဇော်မိုးထက်(ဖားကန့်)