Wuhan Corona Virus

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၈

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးကို ချိန်းခြောက်လာတဲ့ ကပ်ဆိုးတစ်ခုလို ဖြစ်လို့လာပါတယ်။ ယခုလက်ရှိမှာဆိုရင် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၄ နိုင်ငံအထိ ပျံ့နှံ့ဖြစ်ပွားလျှက် ရှိနေပါပြီ။ ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးရသတင်းများအရ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံနေရသူ ၄၅၀၀နဲ့အထက်ရှိနေပြီး တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၀၆ ဦးအထိ ရှိနေပါပြီ။

ဗိုင်းရပ်စ် စတင်ဖြစ်ပွားလာပုံ
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ တိရစ္ဆာန်ကနေ စတင်ကူးစက်တာ ဖြစ်နိုင်တယ်လို့ ဆိုတဲ့ ဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကနေ စတင်ဖြစ်ပွားခဲ့တာပါ။ ဇန်နဝါရီလ (၇)ရက်နေ့မှာတော့ တရုတ်အာဏာပိုင်တွေက ဗိုင်းရပ်စ်ပိုး အသစ်တစ်ခုအနေနဲ့ အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဖြစ်ပြီး “၂၀၁၉-nCoV”လို့ ယာယီအမည်ပေးခဲ့ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးရှိသူလူနာ စတင်တွေ့ရှိခဲ့ပြီး ဇန်နဝါရီလ ၁၆ရက်နေ့မှာတော့ ဂျပန်နိုင်ငံမှာ ကူးစက်ခံထားရသူ ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၄ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပါတယ်။

ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာ
ဇန်နဝါရီ ၂၁ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကူးစက်ခံထားရသူ (၃၂၉)ဦးရှိလာပြီး (၆)ဦး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ (၂၇)ရက်နေ့မှာတော့ ကူးစက်ခံထားရသူ (၂၈၁၈)ဦး ရှိပြီး သေဆုံးသူ (၈၁)ဦးထိ ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြင်ပက ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ နိုင်ငံ (၁၃) နိုင်ငံရှိလာပြီး ကူးစက်ခံရသူ (၄၀)ဦး ရှိလာပါတယ်။ ဇန်နဝါရီ (၂၈) ရက်နေ့မှာတော့ တရုတ်နိုင်ငံအတွင်း ကူးစက်ခံရသူ (၄၅၀၀) ကျော်အထိ ရှိလာပြီးတော့ သေဆုံးသူ (၁၀၆)ဦးအထိ ရှိနေပါပြီ။ ဒီပမာဏဟာ တစ်ရက် အတွင်းမှာပဲ တော်တော်မြင့်တက်ခဲ့တယ်ဆိုတာ ဇန်နဝါရီ (၂၇) ရက်နဲ့ (၂၈)ရက် စာရင်းများအရ တွေ့နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ
ရောဂါကူးစက်ပုံ အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့်၊ ယခင်အလားတူ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးများရဲ့ ကူးစက်ပုံတွေအတိုင်း ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းမှတစ်ဆင့် လေထဲသို့ ရောက်ရှိပြီး တိုက်ရိုက်ကူးစက်ပျံ့နှံ့ခြင်းနဲ့ အရာဝတ္ထုများမှာ ထိကပ်နေပြီး လက်နဲ့ ကိုင်တွယ်ထိတွေ့ရာမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့သို့ လွန်ခဲ့သည့် (၁၄)ရက်အတွင်း ခရီးသွားခဲ့ခြင်း၊ အဆုတ်ရောင်ရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူနှင့် အတူနေထိုင်ခဲ့ခြင်း။ ဖျားခြင်း (အပူချိန် (၃၈) ဒီဂရီ စင်တီဂရိတ်နှင့် အထက်ရှိခြင်း)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပါက ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအနေနဲ့ သတ်မှတ်နိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ရောဂါကာကွယ်ခြင်း
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရသည့်သူများနှင့် အတူတကွနေထိုင်ခြင်း၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ပါ။
လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် မကြာခဏဆေးကြောပါ။
ချောင်းဆိုး နှာချေသည့်အခါ နှာခေါင်းစည်းအသုံးပြုပါ။
တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
အသားငါးကို သေချာစွာ စနစ်တကျ ချက်ပြုတ်စားပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှု ကောင်းစွာဂရုပြုဆောင်ရွက်ပါ။
ကောင်းစွာ အိပ်စက်အနားယူပါ။ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။

ကော်ရိုနာဗိုင်းရပ်စ် စစ်ဆေးမှု အခြေအနေ
ကချင်ပြည်နယ် အတွင်းမှာတော့ တရုတ်ပြည်နယ်စပ်ဂိတ်တွေမှာ စုပေါင်းဂိတ်ထားရှိပြီး ခရီးသွားတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေကို ဇန်နဝါရီ ၂၆ ရက်နေ့က စတင်ပြီး ပြုလုပ်နေပြီလို့ လဝက ဝန်ကြီးဆီက သိရပါတယ်။ ကချင်ပြည်နယ်က လေဆိပ် သုံးခုမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဇန်နဝါရီ ၂၇ရက်နေ့ မွန်းလွှဲ(၁)နာရီ အချိန်လောက်မှာတော့ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ဂိတ်ကို ယာယီပိတ်ထားလိုက်ပါတယ်။ မွန်းလွှဲ   ၂း ၁၅ မိနစ်မှာတော့ ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကျန်းမာရေးဆေးစစ်ချက်တွေကို ပုံမှန်ပြန်ပြုလုပ်နေတာ လက်ရှိအချိန်ထိပါပဲ။

တရားဝင်ဂိတ်တွေမှာ စုပေါင်းဂိတ်တွေ ထားရှိပြီး ဆောင်ရွက်နိုင်ပေမယ့်၊ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ တရားမဝင်ဂိတ်တွေမှာ စိစစ်ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ လုပ်နိုင်တာကတော့ တရားဝင် ကုန်းလမ်း ဂိတ်တွေရယ်၊ လေကြောင်းဂိတ် ရယ်တော့ လုပ်နိုင်တယ်။ ဒါပေမဲ့ တရားမဝင်ဂိတ်တွေက အများကြီးရှိတော့လေ၊ လူဝင်မှုကြီးကြပ်ရေးဘက် ကလည်း မထိုင်ဘူးဆိုတော့၊ ထိန်းချုပ်ဖို့ခက်တယ်”ဟု ဝန်ကြီးက ရှင်းပြပါတယ်။

တရုတ်ငှက်ပျောကားတွေ နယ်စပ်ဖြတ်ကျော် မောင်းနှင်မှုကိုတော့ တရုတ်နှစ်သစ်ကူးကာလ အတွင်း ဖြစ်တဲ့အတွက် ယခုလကုန်အထိ ရပ်နားထားတယ်လို့လည်း သိရပါတယ်။

ကေအိုင်အေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်မှာတော့ ဇန်နဝါရီ (၂၇) ရက်နေ့ကစပြီး စစ်ဆေးမှုတွေ လုပ်နေပြီး မိုင်ဂျာယန်မြို့အတွင်းကိုလည်း တရုတ်နိုင်ငံသား ဝင်ထွက်မှုကို ယာယီ တားမြစ်ထားတယ်လို့ မိုင်ဂျာယန်မြို့က တာဝန်ခံအရာရှိဖြစ်တဲ့ Slg;Kaba အင်ခွန်ယော်က ပြောပါတယ်။

ဒါ့အပြင် မိုင်ဂျာယန်မြို့တွင်းမှာ နှာခေါင်းစည်းတွေ ပြတ်လပ်နေပြီး ပုံမှန်ဈေး တရုတ်ငွေ (၅)ယွမ်မှ (၂၀)ယွမ်အထိ မြင့်တက်နေတယ်လို့ မြို့တွင်းမှာ နေထိုင်နေတဲ့ ကျောင်းသူတွေဆီက သိရပါတယ်။
လိုင်ဇာမြို့ နယ်စပ်ဂိတ်မှာတော့ ဇန်နဝါရီ (၂၇) ရက်နေ့ ဆက်သွယ်မေးမြန်းချက်အရ ဂိတ်အတွင်း စစ်ဆေးမှုတွေ ဘာမှ လုပ်ဆောင်တာ မရှိသေးဘူးလို့ ကေအိုင်အို၊ ကေအိုင်အေသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံက သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းမှာ ကျန်းမာရေးဌာနကနေပြီး ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပညာပေးတွေ လုပ်ဆောင်နေပြီး၊ မြို့တွင်းမှာ ရောဂါကူးစက်ခံရသူ မရှိသေးတဲ့အပြင် စိုးရိမ်ဖွယ်အခြေအနေမရှိဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့ နောက်ဆုံးရအခြေအနေ
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယလူနာ ရှိတယ်လို့ ဇန်နဝါရီ (၂၈)ရက်နေ့ထိ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ တရုတ်ပြည်ဖက်က မြန်မာလုပ်သား ၃၀၀ခန့် ကန်ပိုင်တီနယ်စပ် ဂိတ်ကနေ ပြန်လည်ဝင်ရောက်လာတယ်လို့လည်း သိရပါတယ်။
ဝူဟန်မြို့မှာရှိတဲ့ မြန်မာကျောင်းသားတွေကို ပြန်ခေါ်ယူဖို့ အခက်အခဲရှိနေပြီး အထူးလေယာဉ် စေလွှတ်ခေါ်ယူရတဲ့အထိ အခြေအနေဆိုးရွားမှု မရှိဘူးလို့ တရုတ်အစိုးရက ဇန်နဝါရီ (၂၇)ရက်က ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောကြားထားတာကို 7Days သတင်းဂျာနယ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ann စုစည်းတင်ပြသည်။