မတ်၁၅

မြစ်ကြီးနားမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများကို အသိပညာပေးခြင်းကို မတ်လ ၁၅ရက်နေ့က ပြုလုပ်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာနမှ မြစ်ကြီးနားမြို့ရှိ ရေစဉ်ကွင်းစျေး၊ ပြည်သူ့အားကစားကွင်းနှင့် ဒေသထွက်ကုန်အရောင်းစင်တာများတွင် အသိပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စားသုံးသူအရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်ဝေခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်စည်အညွန်း ပြည့်ပြည့်စုံစုံပါရှိရန် အသိပညာပေးခြင်း၊ လက်လီ၊လက်ကားဆိုင်များတွင် ကုန်စည်အညွန်းနှင့် ပတ်သက်ပြီး သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့် ကပြောသည်။

“မြန်မာစာနဲ့ ဖော်ပြခြင်းအားဖြင့် စားသုံးရန် သင့်မသင့်ကို ပြည်သူတွေအနေနဲ့ သိနိုင်မယ် ဘယ်လိုထားသိုရမယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းသိနိုင်တဲ့အတွက် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းနိုင်တယ် စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်တာပေါ့”ဟု ဦးကျော်မြင့်က ပြောသည်။

ကုန်စည်များတွင် ကုန်ညွန်းအမှတ်ပါရှိရမည့် ဥပဒေသည် မတ်လ ၁၆ရက်တွင် စတင်အကျုံးဝင်တော့မည်ဖြစ်ပြီး စျေးဆိုင်များတွင် ကုန်ညွန်းအမှတ်မပါရှိသော ကုန်ပစ္စည်းများ၊ ဥပဒေနှင့်မညီသော ပစ္စည်းများတွေ့ရှိပါက တားမြစ်၊ သိမ်းဆည်းမှုများ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ann