၂၀၁၉ နှစ်ကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိအခြေအနေမှာ နိုင်ငံပေါင်း ၁၀၄ နိုင်ငံအထက်ကို ပျံ့နှံ့နေပြီး ကူးစက်ခံရသူပေါင်း ၁ သိန်းကျော်၊ သေဆုံးသူ ၄၀၀၀ နီးပါးထိ ရှိနေပါပြီ။ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းအများဆုံးကတော့ တရုတ်နိုင်ငံထဲက ဖြစ်ပြီးတော့၊ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ယနေ့ထိ ကူးစက်ခံရသူ မရှိသေးပါဘူး။ ဒီအပတ်မှာတော့ တရုတ်နိုင်ငံ နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ဒေသတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တရားဝင်နဲ့တရားမဝင် နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက ဘယ်လိုပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်နေလဲ။ စောင့်ကြည့်ရမယ့်လူနာ ဘယ်လောက်တွေ့ခဲ့လဲ၊ ရောဂါစောင့်ကြည့် လူနာတွေ့ပြီဆိုရင် ဘယ်လိုလုပ်ဆောင်မလဲ၊ ပြည်သူတွေ အနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်သလဲ ဆိုတာတွေကို ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက ဒေါက်တာသိမ်းမြို့နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

လတ်တလော နယ်စပ်ဂိတ်တွေမှာ ဆရာတို့ ကျန်းမာရေးအဖွဲ့အနေနဲ့ ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဆောင်နေပါသလဲ။
ကျွန်တော်တို့ ဝိုင်းမော်မြို့က တရုတ်-မြန်မာ နယ်စပ်ဂိတ်မှာ တည်ရှိတယ်။ ကန်ပိုင်တည်နယ် စပ်ဂိတ်က တရားဝင်ဂိတ်မှာ ကူးသန်းသွားလာတဲ့ နှစ်ဖက်နိုင်ငံကလူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ အရင်ကတည်းက ဆောင်ရွက်နေတယ်။ အရင်တုန်းကတော့ ပုံမှန်ဆောင်ရွက်တာပေါ့။ အခုဒီဇင်ဘာလဆန်း ဒီရောဂါတွေ စဖြစ်လာတော့ ပိုပြီးတော့ အလေးထား ဆောင်ရွက်တယ်။ ဒီနေ့အထိပေါ့နော်။ ဒါကတော့ ကာကွယ်ရေးလုပ်ငန်းစဉ်အနေနဲ့ ကျွန်တော်တို့ ကျန်းမာရေး စစ်ဆေးနေတာပါ။ အခု ကျွန်တော်တို့က ရောဂါပိုး ရှိ/မရှိကို စစ်တာမဟုတ်ဘူး။ ရောဂါပိုးရှိ/မရှိ စစ်တယ်ဆိုတာက မြန်မာနိုင်ငံမှာ အမျိုးသား ကျန်းမာရေး တပ်ဖွဲ့ဌာန (အင်အိတ်အယ်) ဆိုတာရှိတယ်။ အခု ဒီမှာက အရင်ဆုံး ဆန်ခါချတာပေါ့။ ဘယ်သူအပူချိန် ၃၈ ကျော်သလဲ။ ၃၈ မကျော်တဲ့သူက ဗျူဟာအားဖြင့်ဆိုလို့ရှိရင် ရောဂါရှိဖို့ အင်မတန်မှ အခွင့်အရေးနည်းတယ်ပေါ့။ တရုတ်ပြည်က ပြန်လာတဲ့သူက အပူချိန် (၃၈) ဒီဂရီ ကျော်နေတယ်ဆိုရင် သူ့ကိုမေးမြန်းပြီးတော့ စစ်ဆေးပြီးတဲ့ အခါကျတော့ ရောဂါလက္ခဏာက ချောင်းဆိုးလား။ အသက်ရှူကျပ်သလားပေါ့။ ဖျားတယ်ဆိုလည်း ဖျားတဲ့အကြောင်းရင်းတွေက အများကြီးရှိတယ်။ အဲဒီတော့ ဒီရောဂါလက္ခဏာနဲ့ ဆက်နွယ်တဲ့ လက္ခဏာတွေရှိသလားလို့ ကျွန်တော်တို့ကို ဂိုက်လိုင်းတွေပေးထားတယ်။ ဂိုက်လိုင်းဆိုတာ အေ၊ ဘီ၊ စီ ဆိုပြီးတော့ သုံးမျိုးရှိတယ်။ အေဆိုတာ ရောဂါလက္ခဏာ မဟုတ်သေးဘူး။ ရောဂါရာဇဝင်ပေါ့။ ဒီလူက ရောဂါဖြစ်တဲ့နေရာ၊ နိုင်ငံရပ်ခြားကပြန်လာသလား၊ နောက်တစ်ခုက ရောဂါဖြစ်တဲ့လူတွေနဲ့ ထိတွေ့ခဲ့ဖူးသလား စသည်ဖြင့် ရောဂါလက္ခဏာ အဆင့်ဆင့်ကို စစ်ဆေးပြီး စောင့်ကြည့်ရမယ့်လူနာ ဟုတ်သလား၊ မဟုတ်လားဆိုတာ ဆုံးဖြတ်ပါတယ်။ ရောဂါရှိမရှိ ဆုံးဖြတ်တာ မဟုတ်သေးဘူး။ ဆုံးဖြတ်ပြီးလို့ရှိရင် ကျွန်တော်တို့က ဒီဟာကို ချက်ချင်း နေပြည်တော်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို အချိန်မီ ချက်ချင်းသတင်းပို့ရမယ်။ နေပြည်တော်ကနေပြီးတော့ ကော်မတီရှိတယ်။ ပညာရှင်တွေအဖွဲ့ကနေ၊ ကျွန်တော်တို့က ဒီကနေ။ ပြီးတော့ အချက်အလက်တွေ ပြောပြရတာပေါ့။ သူတို့အဖွဲ့က ချက်ချင်းပဲ နားထောင်ပေးပြီး ဒါက စောင့်ကြည့်ရမယ့်လူနာ ရိုးရိုးဖျားနာတဲ့လူနာ အစရှိသဖြင့် ဆုံးဖြတ်ပြီး စောင့်ကြည့်ရမယ့်လူဆိုရင် စောင့်ကြည့်ရမယ့် နေရာမှာ ထားပေးပြီး စောင့်ကြည့်တယ်။ နောက်တစ်ခုက ရောဂါသိရဖို့ စောင့်ကြည့်တဲ့လူနာမှာ ရောဂါသံယသရှိပြီးဆိုရင်တော့ ကျွန်တော်တို့ စစ်ဆေးတာတို့ အဆင့်ဆင့်လုပ်တယ်။ အခုကျွန်တော်တို့ လုပ်တာကတော့ ရောဂါတွေပါမလာအောင် ဆန်ခါချတဲ့အဆင့်ကို လုပ်ရတာပေါ့။ နိုင်ငံတိုင်းမှာ ဒီလိုပဲဆောင်ရွက် နေတာပါ။

ဘယ်လို စက်ကိရိယာတွေ အသုံးပြုပြီး စစ်ဆေးနေပါသလဲ။ နိုင်ငံတော်ကထောက်ပံ့တဲ့ စက်ကရိယာ တွေက ရောဂါပိုးရှိ/မရှိကို တိုင်းတာတဲ့အချိန်မှာ လုံလောက်မှုရှိလားဆိုတာလည်း သိချင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကနေ ချမှတ်ထားတဲ့နည်းတွေအတိုင်း ဒီလိုရောဂါစစ်ဆေးတယ် ဆိုကတည်းက ကျန်းမာရေးဝန်ထမ်းတွေလည်း ကိုယ်ကိုယ်တိုင် ကူးစက်မခံရအောင် သတိပြုရမယ်။ လက်တွေ့လုပ်တဲ့အခါမှာလည်း ပစ္စည်း ကိရိယာစုံလင်အောင် ပေးရတယ်။ အဓိကကတော့ အပူတိုင်းတာပေါ့နော်။ ဘာကြောင့် အပူချိန်တိုင်းလဲဆိုရင် ကူးစက်ရောဂါတွေ တော်တော်များများဟာ ဖျားတာကနေ ရောဂါလက္ခဏာ အရေးတကြီး စတာ။ ဒီ Covid-19 မှာလည်း သူက ဖျားတဲ့လက္ခဏာက (၈၈) ရာခိုင်နှုန်းကနေ (၉၀)ရာခိုင်နှုန်းထိ ရှိတယ်ဆိုတော့ ဖျားပြီဆိုတာနဲ့ ဂရုစိုက်ရတာပေါ့။ အပူတိုင်းတယ် ဆိုတော့ ၃၈ ဒီဂရီနဲ့ သတ်မှတ်တယ်။ (၃၈) ဒီဂရီထက်ကျော်တယ်ဆိုရင် ဂရုစိုက်ရတော့မယ့်အပူချိန် ဖြစ်သွားပြီ။ အဲ့တော့ အပူချိန်တိုင်းတဲ့အခါ တိုင်းတဲ့သူနဲ့ စစ်ဆေးခံတဲ့သူနဲ့ မထိတွေ့အောင် နဖူးကနေ တစ်လက်မအကွာကနေ အင်ဖာရက်တာမိုမီတာနဲ့ တိုင်းတယ်။ ဒါပေမဲ့ ဒါက ပြောတော့သာလွယ်တာ နေ့တိုင်းလုပ်ရတဲ့ ခါကျတော့ တအားပင်ပန်းတယ်။ တစ်ယောက်ပြီးတစ်ယောက် တိုင်းရတယ်။ နယ်စပ်ဂိတ်က လူဝင်လူထွက်လည်း များတယ်ဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနကနေ thermal scanner နဲ့ စစ်ဆေးဖို့ လုပ်တယ်။ အားသာချက်ကတော့ စောင့်ကြည့်ရုံပဲ အပူချိန် (၃၈) အောက်ဆိုရင် မီးစိမ်းပြတယ်။ (၃၈)ကျော်ပြီးဆိုရင် မီးနီပြတယ်။ စက်ရှေ့မှာ ခဏလေးမတ်တပ်ရပ်လိုက်တာနဲ့ စက်က ချက်ချင်းဖတ်တယ်။ အပူချိန်ရှိနေတယ်ဆိုရင် ခဏစောင့်ပါ ပြန်စစ်ဆေးမယ်ဆိုပြီး (၁၅) မိနစ်လောက် စောင့်ခိုင်းတယ်။ နောက်တစ်ခေါက်ပြန်စစ်လို့ အပူချိန်မရှိဘူးဆိုရင် အိုကေတာပေါ့။ ဒီလိုနည်းနဲ့ ကျွန်တော်က လူတွေကို အပူချိန် (၃၈) ထက်ကျော်သလား မကျော်သလားကို လျင်လျင်မြန်မြန် မှန်မှန်ကန်ကန်နဲ့ စစ်ဆေးလို့ရတယ်။ ဒါကစက်ကိရိယာပိုင်း။ လူအင်အားပိုင်းမှာဆိုရင်လည်း ဒီနေရာမှာ ကျန်းမာရေးဝန်ထမ်းနဲ့လည်း မလုံလောက်ဘူး စုပေါင်းဆောက်ရွက်ရတဲ့ အလုပ်ဖြစ်တယ်။ နယ်စပ်ဂိတ်က လူတွေ ဝင်လာတယ် ကားတွေဝင်လာတယ်ဆိုရင် ရဲတပ်ဖွဲ့ကနေပြီးတော့ စစ်ဆေးတဲ့နေရာကို ရောက်အောင် လမ်းညွှန်ပေးရမယ်။ လဝကတွေရှိတယ်။ ထွေအုပ်ဝန်ထမ်းတွေရှိတယ်။ အရန်မီးသတ်တွေ ရှိတယ်။ ကျွန်တော်တို့က စစ်ဆေးတဲ့နေရာမှာ ဒိုင်ခံစစ်ဆေးနေတယ်။ ပြီးတော့ အချက်အလက်တွေကို အကုန်ကောက်တယ်။ အပူချိန်ရှိတဲ့လူမှမဟုတ်ဘူး ဝင်လာသမျှ လူတွေကို အမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဘယ်နိုင်ငံသားလဲ၊ မြန်မာနိုင်ငံသားဆိုလည်း မြန်မာနိုင်ငံ ဘယ်အရပ် ဘယ်ရွာကလဲ၊ တရုတ်နိုင်ငံသား ဆိုရင်လည်း တရုတ်နိုင်ငံ ဘယ်မြို့၊ဘယ်အရပ်ကလဲ အတိအကျပေါ့။ မြန်မာနိုင်ငံထဲမှာ ခဏလာနေတယ်ဆိုလည်း မြန်မာနိုင်ငံရဲ့ ယာယီလိပ်စာပါ တိကျတဲ့စာရင်း ဇယားယူပြီး ဒါတွေကို မှတ်တမ်းယူတယ်။ အဲ့ဒီလိုနည်းနဲ့ စစ်ဆေးနေတာ။ စက်ကရိယာတပ်ထားတဲ့အတွက် ပိုမိုလွယ်ကူမြန်ဆန်တယ် အားလုံးအတွက် အဆင်ပြေတယ်။

ဒီနေ့ထိ ဝင်၊ထွက် လူဦးရေ ဘယ်လောက်ထိ စစ်ဆေးပေးခဲ့ပါသလဲ။
ပိုပြီးတော့ ဂရုတစိုက်လုပ်ရတာဆိုလို့ရှိရင် ဒီဇင်ဘာလလယ်လောက်ကနေ အခုထိဆို နှစ်လကျော်လောက်ရှိပြီ။ အဲ့ဒီမှာဆိုရင် မြန်မာနိုင်ငံသားဆို ခန့်မှန်းခြေ ခုနစ်ထောင်ကျော်၊ တရုတ်နိုင်ငံသားဆိုလည်း ခုနစ်ထောင်ကျော်ရှိပြီ။ အရေအတွက်ကတော့ အချိန်နှင့်အမျှတော့ တက်နေတာပေါ့လေ။ တရုတ်နှစ်ကူးကာလတော့ အဝင်အထွက်နည်းတာပေါ့။ နောက်ပိုင်းပုံမှန်ဖြစ်လာတဲ့ အခါကျတော့ အခုဆိုရင် ခုနစ်ထောင်ကျော်ရှိပြီ။

တရားမဝင် နယ်စပ်ဂိတ်တွေမှာ စစ်ဆေးမှုတွေ ရှိပါသလား။
အဲ့ဒါက တရားဝင်ဂိတ်က ကချင်ပြည်နယ်မှာဆိုရင် သုံးဂိတ်ရှိတယ်။ ချီဖွေမှာဆို ပန်ဝါဂိတ်၊ ဝိုင်းမော်မြို့နယ်မှာဆို ကန်ပိုင်တီဂိတ်၊ မိုးမောက်မြို့နယ်မှာဆိုရင် လွယ်ဂျယ်ဂိတ် တရားဝင် ကူးသန်းလာကြတာပေါ့။ တရားမဝင်ဂိတ်တွေလည်း အမြောက်အများရှိတာပေါ့။ ဒီလိုဂိတ်တွေကနေ အရင်ကတော့ သွားနေကြမှာပဲ။ ဒါပေမဲ့ ဒီလိုရောဂါတွေ ရှိလာတယ်ဆိုတော့ တရားမဝင်ဂိတ်တွေကိုလည်း ကျွန်တော်တို့က မျက်ခြေမပြတ်ကြည့်ရတယ်။ ကျွန်တော်တို့ ဝိုင်းမော်မှာဆိုရင် ဆဒုံးဘက်မှာ တရားမဝင် ဂိတ်တွေရှိတယ်။ အဲ့ဒီတော့ ဆဒုံးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ကျန်းမာရေးဌာနရယ် ပူးပေါင်းပြီး ဆဒုံးမြို့အဝင်မှာ ကျန်းမာရေးစစ်ဆေးဖို့ ဌာနတစ်ခု ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ အကြာကြီး ဆောင်ရွက်စရာမလိုခဲ့ဘူး။ ဘာကြောင့်လဲဆိုတဲ့အခါ အဖွဲ့အစည်းပေါင်းစုံက ပူးပေါင်းဆောင်ရွက်တာ တော်တော်လေး အင်အားကောင်းတယ်။ ဒီရောဂါကို လူတိုင်းကြောက်တယ်။ အဲ့ဒီတော့ အကုန်လုံးက နှိုးကြားတက်ကြွစွာနဲ့ ဒီနယ်စပ်ဂိတ်တွေကို တရားမဝင် ဖြတ်သန်းသွားလာမှု မရှိအောင် အကုန်လုံး ဂရုစိုက်ပေးမယ်ဆိုတဲ့ အချက်တွေ သိရတယ်။ တစ်ခုအားသာချက်က ကျွန်တော်တို့ တရားဝင်ဂိတ် ဖွင့်ထားတဲ့အတွက်ကြောင့် တရားမဝင်ဂိတ်ကို သွားစရာမလိုဘူး။ ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာတယ် ဆိုရင် ဘာမှမလိုဘူးဖြတ်ခွင့်ပြုနေတဲ့အတွက်ပေါ့။ မတော်တဆသာ ဒီ တရားဝင်ဂိတ်ကြီးကို အကြောင်း တစ်စုံတစ်ရာ ခိုင်လှုံမှုမရှိဘဲ ပိတ်လိုက်မယ်ဆိုရင် လူတွေက ဝင်ထွက်သွားလာမှုကို လုပ်ကြရတော့မယ် ဆိုတဲ့အခါ တရားမဝင်ပေါက်တွေကနေ ဝင်လာကြတော့မယ်။ အခုလိုတရားဝင်ဂိတ်ကိုဖွင့်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်နေတာက တရားမဝင်ဂိတ်ကနေ ဝင်ရောက်မှုကို တရားဝင်ဟန့်တားပြီးသား ဖြစ်သွားတာပေါ့။

တရားမဝင် ဝင်ပေါက်တွေကနေ ခိုးဝင်လာတာမျိုးတွေရော ရှိပါသလား ဆရာ။
မြန်မာနိုင်ငံသားကတော့ အကုန်လုံးသိကြတဲ့ အတိုင်း တစ်ယောက်ပဲရှိတယ်။ ကန်ပိုင်တီ တိုက်နယ်ဆေးရုံမှာ ထားပြီးတော့ ကုသပေးနေတယ်။ ဆေးစစ်ကြည့်တော့ ပိုးမရှိဘူးလို့လည်း သိရတယ်။ ဒါပေမဲ့ ဒီကလေးက အဆုတ်အအေးပတ်တော့ အားနည်းနေသေးတယ်။ သူ့ကို ကျွန်တော်တို့ ဆက်လက်ကုသဖို့အတွက် ထားထားတယ်။ တရုတ်နိုင်ငံသားထဲကဆိုရင် ပထမဦးဆုံး သုံးယောက် တွေ့ခဲ့တယ်။ မြန်မာက တရုတ်တွေတော့ မဟုတ်ဘူး။ တရုတ်နိုင်ငံထဲကနေ ဝင်လာတာပေါ့နော်။ ကျွန်တော်တို့က အပူချိန်တိုင်းတော့ အပူချိန်မြင့်နေတာတွေ့တော့ ဝင်ခွင့်မပေးဘူး။ ချက်ချင်းပဲ ပြန်လွှတ်လိုက်တယ်။ ဒါက ဒီဇင်ဘာလထဲမှာ။ ဖေဖော်ဝါရီလထဲမှာကျတော့ ကျွန်တော်တို့က လေးယောက်တွေ့တယ်။ လေးယောက်ထဲမှာ နှစ်ယောက်ကတော့ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ တရုတ်တွေ တရုတ်နယ်စပ်မှာ ၁၄ရက်တစ်ခေါက် ဗီဇာသွားတိုးပြီး တရားဝင်ပြန်ဝင်လာတယ်။ အဲ့ဒီဝင်လာတဲ့ထဲက နှစ်ယောက်ကတော့ အပူရှိတယ်။ တစ်ယောက်က ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာက ငရုတ်စိုက်ခင်းမှာ အလုပ်လုပ်တယ်။ သူအပူရှိတယ်ဆိုတာနဲ့ တရုတ်ကို ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်ရုံပဲမဟုတ်ဘူး။ အဲ့ဒီအလုပ်ဆိုက်မှာ ဘယ်သူတွေရှိလဲ သွားရောက် စစ်ဆေးတယ်။ အဲ့ဒီက မြန်မာလုပ်သား (၄၁)ယောက်နဲ့ တရုတ်နိုင်ငံသား ၁၇ ယောက်ရှိတယ်။ သူတို့ ကျန်းမာလားဆိုတာ စစ်ဆေးတယ်။ စိတ်ချရအောင် (၁၄)ရက်တိတိ ကြည့်ခဲ့တယ်။ အခု သူတို့တွေ အကုန်နေကောင်းတယ်။ တာလောကြီးနယ်ထဲကလည်း အမိမြေစိမ်းလန်းကုမ္ပဏီမှာ လုပ်တဲ့ နိုင်ငံခြားသား တစ်ယောက်လည်း အဲ့လိုပဲ။ နောက်ထပ်နှစ်ယောက်ကတော့ တရုတ်ပြည်ထဲက ဝင်လာတာပေါ။့ ဝင်လာတယ်၊ တွေ့တယ်၊ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ချက်ချင်း ပြန်လွှတ်တယ်။ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံသား ဝင်လာတယ်၊ အပူရှိတယ်ဆိုရင် ချက်ချင်း ပြန်လွှတ်တယ်။ လက်မခံဘူး။ နောက်ဆက်တွဲ ဘာမှ ကြည့်နေစရာမလိုဘူး။ အဲ့ဒါတင်မဟုတ်ဘဲ သူတို့နဲ့အတူ အလုပ်တွဲ လုပ်ခဲ့တဲ့ သူတွေကိုလည်း (၁၄) ရက်တိတိစောင့်ကြည့်တယ်။ မြန်မာဆိုရင်တော့ ကိုယ့်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့် ကိုယ့်တို့ဆီ တာဝန်ရှိတယ်။ ကျွန်တော်တို့ ခန့်မှန်းတာတော့ ဒီမတ်လနဲ့ ဧပြီလ အနည်းဆုံး နှစ်လလောက်ကတော့ အားထည့်ပြီး လုပ်ရအုံးမယ်။

ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ အခက်အခဲ၊ လက်လှမ်းမမီတာမျိုးတွေကို ဘယ်လို ကြုံရပါသလဲ။
လက်လှမ်းမမီတာတွေတော့ မရှိဘူး။ ဘာကြောင့်ဆို ကျွန်တော်တို့ တစ်ဖွဲ့တည်း လုပ်တာ မဟုတ်ဘူးလေ။ တာဝန်ရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့လိုက်လုပ်တာ။ နိုင်ငံတော်ကလည်း ကော်မတီတွေဖွဲ့ပြီး ပြည်နယ်အလိုက် ခရိုင်အလိုက် သူ့ဒေသအလိုက် ပေါ့နော်။ အကုန်လုံးက ဝိုင်းပြီးလုပ်ကြတော့ အဆင်ပြေတယ်။ ကျွန်တော်တို့အဖွဲ့ပဲဆိုရင် လိုအပ်ချက်တွေ ရှိမှာလေ။

စောင့်ကြည့်ရမယ့် လူနာတွေ့ပြီဆိုရင် ဆရာတို့အနေနဲ့ ဘယ်လိုပြုလုပ်သွားဖို့ စီစဉ်ထားပါသလဲ။
ကျွန်တော်တို့က စောင့်ကြည့်ရမယ့် လူနာရှိပြီဆိုလို့ရှိရင် ဒီဟာအတွက်ကကြိုတင်ပြီးတော့ အစီအစဉ်လုပ်ထားတယ်။ ဒီဟာအတွက်ကို အခုမှ ထပြီး လုပ်ရတဲ့အရာမဟုတ်ဘူး။ စောင့်ကြည့်ရမယ့် လူနာရှိပြီဆိုရင် ဘယ်နေရာမှာ စောင့်ကြည့်ရမလဲဆိုတာကို သတ်မှတ်တယ်။ ဥပမာ- ဝိုင်းမော်ဆိုရင် ကန်ပိုင်တီနယ်စပ်ဂိတ်ကနေဆိုရင် သုံးနေရာ ချိတ်ဆက်ထားတယ်။ နံပါတ်တစ်က ကန်ပိုင်တီတိုက်နယ် ဆေးရုံမှာ စောင့်ကြည့်ရမယ်။ နောက်တစ်ခုက ဝိုင်းမော် ပြည်သူ့ဆေးရုံမှာ ဒုတိယအဆင့်အနေနဲ့ စောင့်ကြည့်ရမယ်။ နောက်လိုအပ်လာပြီဆိုရင်တော့ မြစ်ကြီးနားဆေးရုံဆိုပြီးတော့ သုံးနေရာ ချိတ်ဆက်ထားပါတယ်။ တခြားဂိတ်တွေလည်း အဲ့လို အဆင့်ဆင့် ချိတ်ဆက်ထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ဒီလိုမျိုးလုပ်ကိုင်ရတော့မယ်ဆိုရင် အတွေ့အကြုံလိုတယ်လေ။ အဲ့ဒီတော့ သူတို့ကို သင်တန်းတွေပေးတယ်။ ဘယ်လိုဂရုစိုက်ရ မယ်ဆိုတာတွေကို လက်တွေ့ကျကျသင်တန်းတွေ ပေးတယ်။ ဂိုက်လိုင်းစာအုပ်တွေ ဖြန့်တယ်။ အွန်လိုင်းကနေ တစ်ခါတည်း ချိတ်ဆက်ပြီး ဂိုက်လိုင်းတွေ ပေးတယ်။ လူအင်အား၊ ပစ္စည်းအင်အား၊ နည်းပညာဆိုပြီး တစ်ခါတည်း စီစဉ်ထားပါတယ်။

ရောဂါကုသဖို့ ဆေးတွေ ရှိနေပြီလား။ ဘယ်လိုနည်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါသလဲ။
ကုသနည်းတွေ အတိအကျရှိတယ်။ ဂိုက်လိုင်းတွေ ရှိပြီ၊ ဂိုက်လိုင်းတွေက ဗားရှင်းသုံးခုရှိတယ်။ ဗားရှင်းအလိုက် (၁၊ ၂၊ ၃)ဆိုပြီး အဆင့်ဆင့်ရှိတယ်။ ဂိုက်လိုင်းတွေကတော့ အကုန်လုံးချတယ်။ လူနာက သိပ်အခြေအနေမဆိုးတဲ့အဆင့်၊ နည်းနည်းဆိုးတဲ့ အဆင့်နဲ့ တော်တော်လေးဆိုးတဲ့အဆင့်ဆိုပြီး သုံးဆင့်ခွဲထားတယ်။ ဘယ်လိုအဆင့်မှာ ဘယ်လိုကုရမယ်ဆိုတဲ့ ဂိုက်လိုင်းတွေ သေချာချထားတယ်။ နယ်စပ်ဂိတ်မှာ စောင့်ကြည့်လူနာရောက်နေပြီဆိုရင် ချက်ချင်း သတင်းပို့ရတယ်။ နောက်ပြီးမှ ဘယ်လိုကုဆိုပြီး ကုမယ့်၊လိုအပ်တဲ့ ဆေးတွေဆိုလည်း ဆေးရုံကြီးကနေ အကုန်ပို့ပေးတယ်။ ကုထုံးတွေဆိုတာကတော့ ဒီရောဂါက အခုမှစပြီးပေါ်တဲ့ရောဂါဆိုတော့ ကုထုံးတွေကတော့ တစ်ချိန်လုံး ကစိအေန လုပ်နေရတယ်။ ကျွန်တော်တို့က ဖြစ်တဲ့ လူနာတစ်ယောက်မှ မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အားသာချက်က တခြားနိုင်ငံတွေဖြစ်တဲ့ သင်ခန်းစာတွေ၊ ကုထုံးတွေကို အများကြီး လေ့လာခွင့်ရတယ်။ သုတေသနစာတမ်းတွေ ထွက်လာပြီ။ ဘယ်လိုကုထုံးတွေ ရှိတယ်ဆိုတာတွေ သိလာတယ်။

အခုဆိုရင် တရုတ်ငှက်ပျော ကုန်တင်ကားကြီးတွေ ပြန်ဝင်ထွက်နေတာတွေကို ဘယ်လို စစ်ဆေး ဆောင်ရွက်နေလဲ။
ကျွန်တော်တို့ မြန်မာဂိတ်ကိုဝင်တာနဲ့ မည်သူမဆို အကုန်တစ်ယောက်မကျန် အကုန် စစ်ဆေးတယ်။ ကုန်တင်ကားကြီးတွေဆိုရင် ကားသမားမှန်သမျှ ခရီးသွားတွေ အကုန်စစ်တယ်။ နယ်စပ်ဂိတ်ကို ဝင်တာနဲ့ ကျွန်တော်တို့နေရာကို ရောက်တဲ့အခါကျတော့ ဒါကို ကျော်လို့မရဘူး။ လုံခြုံရေအဖွဲ့တွေလည်း ရှိနေတယ်။ ကျွန်တော်တို့ဆီမှာစစ်ပြီးရင် တံဆိပ်တုံးထုပေးတယ်။ အဲဒီတံဆိပ်ကို ယူပြီးတော့မှ လဝက ဂိတ်ကို သွားရတယ်။ လဝကကလည်း ကျန်းမာရေးစစ်ဆေးပြီးကြောင်း စာရွက်စာတမ်းတွေစစ်တယ်။ ရက်စွဲတွေကအစစစ်ပြီးမှ ခွင့်ပြုတယ်။

နောက်ဆုံးအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ ဘယ်လို ကာကွယ်နေထိုင်သင့်ပါသလဲ။ ဘယ်လို ပူးပေါင်းပါဝင်စေချင်သလဲ။
ဒီရောဂါကြီးကတော့ ကျွန်တော်တို့ ဆယ်စုနှစ်အတွင်းမှာ တော်တော်လေးကို ထူးထူးခြားခြားဖြစ်တဲ့ ရောဂါပါ။ အစကတော့ နိုင်ငံတစ်နိုင်ငံကနေစပြီး အခုဆို နိုင်ငံအများကြီးကို ကူးစက်သွားပြီ။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက နေ့စဉ်နဲ့အမျှ ထုတ်ပြန်တဲ့ သတင်းတွေကို သေသေချာချာ နားထောင်စေချင်တယ်။ နောက်တစ်ချက်က လိုက်နာရမယ့် အချက်တွေကို သေသေချာချာလိုက်လုပ်မယ်။ လူထူထပ်တဲ့ နေရာတွေကို ရှောင်မယ်။ လူတစ်ယောက်ရဲ့လက်က အညစ်ပတ်ဆုံးဖြစ်တဲ့အတွက် မကြာခဏ လက်ဆေးပါ။ အသင့်သုံး လက်ဆေးရည်တွေ သုံးပါ။ ခွဲခြားဆက်ဆံခြင်းမပြုဖို့ တိုက်တွန်းတယ်။ ဘာကြောင့်ဆို လူတွေကကိုယ့်ကို ရောဂါသည်လို့ သတ်မှတ်မယ်ဆိုလို့ရှိရင် ကြောက်ပြီး မပြောတော့ဘူး။ ချောင်းဆိုးလည်း မပြောတော့ဘူး။ ဖျားလည်း မပြောတော့ဘူး။ အဲ့တော့ ခွဲခြားဆက်ဆံမပေးပါနဲ့။ ဂရုတစိုက်နဲ့ ကျန်းမာရေးစောင့်ရှောက်ပေးပါ။ အဲ့ဒါမှ သူက နေမကောင်းလည်း ပြောလာမယ်။ တစ်ခုခုဆိုရင် ကျန်းမာရေးဌာနကို လာဖို့ တိုက်တွန်းပေးရမယ်။ နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင် ဖျားတယ်။ ချောင်းဆိုးတယ်ဆိုရင် နှာခေါင်းစည်းကို သုံးဖြစ်အောင်သုံးပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပြုအမူတွေ ဖြစ်အောင် နေထိုင်မယ်။ ကိုယ်ခံအားကောင်းအောင် မှန်မှန်အိပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စား၊ မူးယစ်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပြီးတော့ နေမယ်။ ကိုယ့်အိမ်က သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါရှိသူတွေကို ပုံမှန်လူထက်ပိုပြီး ဂရုစိုက်ပေးဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

Ann