မြစ်ကြီးနား၊ သြဂုတ် ၂၅

နိုင်ငံတော်အစိုးရက covid-19 ရောဂါကာလ အတွင်း မြစ်ကြီးနားမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုကို နှစ်သောင်းကျပ်စီ ထပ်မံထောက်ပံ့ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယခုအကြိမ် ထောက်ပံ့ခြင်းသည် (၄)ကြိမ်မြောက်ထောက်ပံ့ပေးခြင်း ဖြစ်ပြီး ပထမအကြိမ် စာရင်းကောက်ထားသည့် အိမ်ထောင်စုများနှင့် ဒုတိယအကြိမ် ကောက်ခံထားသည့် အိမ်ထောင်စု နှစ်သောင်းနီးပါးကို ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်ကောက်ခံထားသည့် အိမ်ထောင်စု (၄၃၀၅)စုအတွက် မပါဝင်သေးကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

“ပထမအကြိမ်ထောက်ပံ့တုန်းက အိမ်ထောင်စုစာရင်းကောက်ဖို့ သုံးရက်ပဲအချိန်ရတာဆိုတော့ လောလောနဲ့ ကောက်လိုက်တာ ကျန်သွားတာ အများကြီးရှိခဲ့တယ်။ ဒါကြောင့် နောက်တစ်ခေါက် အိမ်ထောင်စုစာရင်း ပြန်ကောက်တယ်၊သူတို့ကို တစ်သောင်းခွဲစီပေးတယ်။ အခုပေးတာနဲ့ဆိုရင် လေးကြိမ်ရှိပြီ ရှေ့မှာလည်း နှစ်သောင်းကျပ်စီပေးပြီးပြီ”ဟု ဦးသန်းဝင်းက ပြောသည်။

ထောက်ပံ့ငွေ မရသည့် ပြည်သူလူထုများအနေနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများတွင် လာရောက်စာရင်းပေးသင့်ကြောင်း ဦးသန်းဝင်းက ဆိုသည်။

နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ပထမအကြိမ် အခြေခံစားသောက်ကုန် (၅)မျိုးထောက်ပံ့ခြင်း၊ ဒုတိယအကြိမ် ကျပ်(၁၅ယ၀၀၀)ကျပ်စီ ထောက်ပံ့ခြင်း၊ တတိယအကြိမ် (၂၀၀၀၀)ကျပ်စီကို နှစ်ကြိမ်ထောက်ပံ့ပေးပြီးဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဆီ ထောက်ပံ့ငွေများလွဲအပ်ခြင်း အစီအစဉ်ကို သြဂုတ်လ (၁၈)ရက်က စုပေါင်းရုံး၌ ပြုလုပ်ခဲ့ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အခြေခံလူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဂျာဒွဲ၊ နူးမိုင်