ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်အကြိမ် (၂၀)မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးခဲ့တဲ့ အချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတစ်ခုရဲ့တန်ဖိုးဟာ (၁၀)သိန်းကျော်လောက် ရှိခဲ့ပါတယ်။

မြစ်ကြီနားသတင်း ဂျာနယ်ရဲ့ လွှတ်တော်လေ့လာစောင့်ကြည့်မှုတွေအရ ကိုယ်စားလှယ်တော်ကြီး တွေ မေးမြန်းခဲ့တဲ့ မေးခွန်းတွေဟာ တကယ်ရော (၁၀)သိန်းကျော်တန်ရဲ့လား။ တွက်ချက်ပုံက ဒီလိုပါ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာငွေက တစ်လငါးသိန်းပါ။ လွှတ်တော်ကိုယ်စားလှယ် (၅၃)ဦး ရှိတဲ့အတွက် တစ်လကျပ်သိန်း(၂၆၀) လောက်ပေးချေရပါတယ်။ (၅)နှစ်တာ လစာငွေဆိုရင် ကျပ်သိန်းပေါင်း (၁၆၀၀၀) နီးပါးရှိပါတယ်။ လွှတ်တော်မှတ်တမ်းတွေအရ ကိုယ်စားလှယ်အားလုံး မေးမြန်းတဲ့ ကြယ်ပွင့်ပြ/မပြမေးခွန်းနဲ့ အဆိုပေါင်းကတော့ (၁၅၀၀)ဝန်းကျင် ရှိပါတယ်။

အဲဒါကြောင့် လွှတ်တော်ကိုယ်စားတွေ မေးမြန်းတင်သွင်းခဲ့တဲ့ အဆိုမေးခွန်းတွေနဲ့ လစာငွေကို အချိုးချကြည့်တဲ့အခါမှာ မေးခွန်းတစ်ခုရဲ့ တန်ဖိုးဟာ(၁၀)သိန်းကျော်လောက် တန်နေတာပဲ ဖြစ်ပါတယ်။ ဒါဟာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာသီးသန့်နဲ့ တွက်တာပါ။ ကျန်တဲ့ လွှတ်တော်အသုံးစရိတ် တစ်ခုမှ မပါသေးပါဘူး။ လွှတ်တော်သက်တမ်း (၅)နှစ်အတွင်းမှာပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်(၄၀)တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးတို့ဟာ မိမိမဲဆန္ဒနယ် အတွင်းက လိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင်ပေးဖို့ လွှတ်တော်အတွင်းမှာ ကြယ်ပွင့်ပြ မေးခွန်းတွေ၊ ကြယ်ပွင့်မပြမေးခွန်းတွေနဲ့ အဆိုတွေကို တင်သွင်းမေးမြန်းကြရပါတယ်။

ကြယ်ပွင့်မပြမေးခွန်းဆိုတာ စာနဲ့မေးပြီး စာနဲ့ ပြန်ဖြေတာပါ။ ကြယ်ပွင့်ပြမေးခွန်းကတော့ အစည်းအဝေးမှာ ကဏ္ဍအလိုက် တစ်ခါတည်း သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကနေ ပြန်ဖြေရတာဖြစ်ပြီးတော့ အဆိုတင်တာကတော့ ထောက်ခံ မထောက်ခံကို လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အဆုံးအဖြတ်ကို ရယူကြရတာပါ။ဒီလိုတွေ မေးမြန်းကြတဲ့အခါ တော်တော်များများက ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတား ဆောက်လုပ်ရေး၊ စာသင်ကျောင်းရရှိရေးစတဲ့ မေးခွန်းတွေပဲ အမေးများခဲ့ကြပါတယ်။ အဲဒီမေးခွန်းတွေထဲက “ရန်ပုံငွေလျာထားခြင်း မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း”လို့ စက္ကန့်ပိုင်းအတွင်း လွယ်လွယ်ဖြေကြားရတဲ့ မေးခွန်းနဲ့အဖြေဆိုရင် မေးခွန်းတန်ဖိုး (၁၀)သိန်းဟာ ဘယ်လိုမှတန်မယ် မထင်ပါဘူး။

ကချင်ပြည်နယ် အတွင်းက အမျိုးသမီးအရေး၊ ကုန်သွယ်ရေး၊ သစ်မှောင်ခို၊ တစ်သျှူးငှက်ပျော အရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြုပြင်ပြောင်းလဲရေး စတဲ့ မေးခွန်းတွေ အဆိုတွေတော့ မြိုင်မြိုင်ဆိုင်ဆိုင် မေးမြန်းဖြေကြားတာတွေ မတွေ့ခဲ့ရပါဘူး။ တကယ်တော့ အထက်ကပြောတဲ့ တစ်သျှူးငှက်ပျောအရေးတွေ လွှတ်တော်အစည်းအဝေးကြား ရေပန်းစားလှပြီး တန်ဖိုးရှိတဲ့ မေးခွန်းမျိုးလို့ ပြောလို့ရပါတယ်။ ဒါမျိုးမေးခွန်းကလည်း အစည်းအဝေးတိုင်းမှာ မေးတာမရှိပါဘူး။ အစည်းအဝေးတစ်ခုတိုင်းမှာ ဒီလို တန်ဖိုးရှိတဲ့ မေးခွန်းတွေက အမြဲတမ်း မေးနေရမှာပါ။

“အားရကျေနပ်မှု ရလောက်အောင်လို့တော့ မရှိပါဘူးဗျာ။ ဘာလို့လဲဆိုတော့ အဓိကက ဘတ်ဂျက်အနေအထားအရ ဖြေကြရတာကိုး။ ကိုယ်လိုချင်တဲ့အတိုင်းအတာတော့ မရဘူး။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေတော့ ထိုက်သင့်သလောက် ရပါတယ်လေ။ ကျေနပ်ရအောင်လည်း မဟုတ်ဘူး။ စိတ်ပျက်ရအောင်လည်း မဟုတ်ဘူး”လို့ တစ်သျှူးငှက်ပျောအရေး မေးမြန်းခဲ့ဖူးတဲ့ ရွေကူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက သူ့ရဲ့အမြင်ကို ပြောပါတယ်။

မေးခွန်း တော်တော်များများဟာ ပြည်သူလူထု စိတ်ဝင်စားတဲ့ မေးခွန်းတွေ သိပ်မပါတဲ့အတွက် မေးမြန်းခဲ့တဲ့ မေးခွန်းတွေက(၁၀) သိန်း တကယ်ရော တန်ခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေ မေးမြန်းတဲ့ အပေါ်မှာလည်း တချို့ ဝန်ကြီးဋ္ဌာနတွေကပြန်ဖြေတဲ့ အဖြေတွေဟာ “ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း”ဆိုတဲ့ အဖြေလေး တစ်ခုနဲ့ (၁၀) သိန်းတန်တဲ့ မေးခွန်းကို လွယ်လွယ်နဲ့ ဖြေဆိုကြပါတယ်။

နောင်မွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က တိတိကျကျ မဖြေဆိုနိုင်တဲ့ မေးခွန်းတွေ ရှိခဲ့သလို (၅)နှစ်သက်တမ်းအတွင်းမှာ အဆိုပါမေးခွန်းကို ဖြေဆိုတဲ့ အပေါ်မှာလည်း ကျေနပ်အားရမှု မရှိဘူးလို့ ထောက်ပြပြောဆိုပါတယ်။

“ဒါကတော့ နှစ်ပိုင်းရှိတာပေါ့။ မိမိရဲ့ မဲဆန္ဒနယ်မြေနဲ့ပတ်သက်တဲ့ အရာတွေ ရှိတယ်။ တချို့က ကချင်ပြည်နယ်ကိုလွှမ်းခြုံတဲ့ ဘတ်ဂျက်အဆိုတွေ ရှိတယ်။ လိုအပ်ချက်လည်း များပြားလှတယ်။ ရရှိတဲ့ ဘတ်ဂျက်လည်း အကန့်အသတ်နဲ့ ဖြစ်တယ်ဆိုတော့ အားရစရာလို့တော့ ပြောလို့တော့ မရဘူးပေါ့လေ။ လိုအပ်ချက် အများကြီး ရှိတယ်လို့ ကျွန်တော်ယူဆတယ်”လို့ ဦးချန်တန်ခင်က ပြောဆိုခဲ့တာပါ။

ကချင်ပြည်နယ်လွှတ်တော်ကို နှစ်လတစ်ကြိမ် မဟုတ်ရင် သုံးလတစ်ကြိမ် ကျင်းပလေ့ ရှိပါတယ်။ အစည်းအဝေး မတိုင်ခင်မှာ မိမိမဲဆန္ဒနယ်က လိုအပ်ချက်တွေကို စုစည်းပြီးတော့ အစည်းအဝေးမှာ တင်ပြကြရပါတယ်။ လနဲ့ချီအချိန်ရပြီး နှစ်နဲ့ချီကြာတာတောင် လူထုစိတ်ဝင်စားတဲ့ မေးခွန်းတွေ (၅၀) ရာခိုင်နှုန်းတောင် မမေးနိုင်ခဲ့ကြတာကိုလည်း မှတ်တမ်းတွေကို လှန်ကြည့်တဲ့အခါ အထင်းသား ပေါ်နေပါတယ်။

“ကျေနပ် အားရမှုတော့ မရှိပါဘူး။ ကျေးလက်ဒေသဖွံ့ဖြိုးရေး လမ်းကြောင်းကလွဲပြီး အခြား တွန်းတွန်းတိုက်တိုက် မေးမြန်းခဲ့တဲ့ မေးခွန်းတွေ မတွေ့ရဘူး။ ဖက်ဒရယ်ဒီမိုကရေစီ အရွေ့ကို သွားနေတဲ့အခါကျတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၂)နဲ့ ဇယား(၅)နဲ့ဆိုင်တဲ့ မေးခွန်းတွေ မတွေ့ရသလောက် ဖြစ်ပါတယ်”လို့လည်း ကချင်ပြည်နယ် လွှတ်တော် စောင့်ကြည့်လေ့လာနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောပါတယ်။

လွှတ်တော်ထဲက အမျိုးသမီးကဏ္ဍတွေကို ပြန်ကြည့်ရအောင်ပါ။ ကချင်ပြည်နယ်လွှတ်တော်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် (၅)ဦး ရှိပါတယ်။

ဆော့လော်(၁) ဒေါ်ရှီးဇော်လွမ်းလမ်း၊ ဆော့လော်(၂)ဒေါ်ခေါ်မာဝူ၊ မိုးကောင်း(၂) ဒေါ်မြသွေးစံ၊ အင်ဂျန်းယန်(၂) ဒေါ်မရမ်ဂျာဆိုင်းခေါင်နဲ့ ဆွမ်ပရာဘွမ်(၁) ဒေါ်ဂျေထုရော်တို့ ဖြစ်ပါတယ်။

ငါးနှစ်သက်တမ်းမှာ သူတို့ ကိုယ်စားလှယ်(၅)ဦးပေါင်းရင် မေးခွန်းပေါင်း (၂၆၀)ကျော်လောက် မေးမြန်းကြပါတယ်။ မေးခွန်းနဲ့ လစာငွေ အချိုးချကြည့်တော့ မေးခွန်းတစ်ခုရဲ့တန်ဖိုးဟာ ၆သိန်းခန့်လောက် တန်ပါတယ်။ ဝမ်းနည်းစရာက အမျိုးသမီးအရေး မေးခွန်းမေးတာတွေ အဆိုတင်တာတွေ မတွေ့ရပါဘူး။ မိုးကောင်းအမတ် ဒေါ်မြသွေးစံတင်တဲ့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ ပြည်ထောင်အစိုးရကို တိုက်တွန်းကြောင်း အဆိုတစ်ခုသာ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ် အတွင်းက အမျိုးသမီးအကြမ်းဖက်ခံရတာတွေ၊ တရုတ်ပြည်ကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ၊ အမျိုးသမီးအခွင့်အရေးတွေ စတဲ့အကြောင်းအရာတွေ မေးမြန်းတင်သွင်းတာကို(၅)နှစ် လုံးလုံး မြင်တွေ့ခွင့် မရခဲ့ကြပါဘူး။
အခုတော့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးပွဲက နောက်တစ်ကြိမ်ဆို ပြီးပါပြီ။ အဲဒီနောက်ဆုံးအကြိမ်ကလည်း မေးခွန်းမေးမြန်းတာတွေ ပါတော့မှာ မဟုတ်ပါဘူး။ ပုံမှန် အစည်းအဝေး (၂၁)ကြိမ်နဲ့ အထူးအစည်းအဝေး(၃)ကြိမ် ကျင်းပနိုင်ခဲ့တယ်လို့ ပမာဏတွက်ချက်ထားလို့ ရပါပြီ။

မေးခွန်းတစ်ခုကို သိန်းဆယ်နဲ့ ချီတန်တာကြောင့် နောက်လာမယ့် အစိုးရသက်တမ်းရဲ့ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ ကချင်ပြည်နယ်အရေးတွေကို ဘက်စုံထောင့်စုံကနေ မေးမြန်းတင်သွင်းကြမယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲထည့်ကြဖို့ အထူးလိုအပ်နေပါပြီ။

စည်သူ (မြစ်ကြီးနား)