ဓာတ်ပုံ- ဆိုင်းမိုင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၆၈)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉)နယ်အတွက် ရွေးကောက်ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ(၁)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းအထဲမှ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်း အကြောင်းအရာများကို စုစည်းတင်ပြသွားမည် ဖြစ်ပါသည်။

ကချင်ပြည်နယ် အတွင်း ဆန္ဒမဲပေးခွင့်ရှိသူပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ ကချင်ပြည်နယ်တွင်လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူ (၁၁)သိန်းကျော် ရှိပြီး လူဦးရေ(၁၆)သိန်းနီးပါးနေထိုင်ကြသည့်အနက် လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ (၁၁)သိန်းနီးပါး ရှိနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်းမဲပေးခွင့်ရှိသူ (၈)သိန်းကျော်သာ ရှိခဲ့ပြီး ယခင်ရွေးကောက်ပွဲထက် မဲပေးခွင့်ရှိသည့် လူဦးရေ (၃)သိန်းနီးပါးခန့် တိုးလာခဲ့သည်။

ကချင်ပြည်နယ် အတွင်းက ပထမအကြိမ်မဲပေးခွင့်ရှိသူနိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမည့် ၂၀၂၀ရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့်ရှိသူ ကချင်ပြည်နယ်တွင် (၁)သိန်းကျော် ရှိသည်။

ပထမဆုံး မဲပေးခွင့်ရှိသူများအနေဖြင့် ပေးရမည့်မဲကို အဆုံးရှုံးမခံဘဲ တိုင်းပြည်ကိုသယ်ပိုးမည့် ကိုယ်စားလှယ်လောင်းများကို စနစ်တကျမဲပေးကြရန် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က တိုက်တွန်းပြောဆိုသည်။

မသန်စွမ်း မဲစာရင်းပါဝင်မှု လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်း မဲပေးခွင့်စာရင်း (၁၉၀၀)ခန့် ရှိသည်။
မသန်စွမ်း မဲဆန္ဒရှင်များအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ဆန္ဒမဲကို ကြိုတင်မဲပေးရန် အတွက် ကိုယ်တိုင်မသွားနိုင်ပါက သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ကို ဆက်သွယ်ပြီး အိမ်တိုင်ရာရောက် လာရောက် ကောက်ခံပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်လည်း လာရောက် မဲပေးနိုင်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က တိုက်တွန်းသည်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့တွင်လည်း မိမိကိုယ်တိုင်လာရောက်မဲပေးခွင့်လည်းရှိကြောင်း ဦးထွန်းအောင်ခိုင်က ဆက်လက်ဆိုသည်။

“အဲ့ဒီလို သွားပေးတဲ့အချိန်မှာ သူ့ကို ကူညီပေးဖို့အတွက် သူတို့ရဲ့ မိသားစုဝင်တွေကို ရွေးချယ်ခွင့် ရှိတယ်။ တကယ်လို့ အဲ့ဒီလိုသွားဖို့အခက်အခဲရှိတယ်၊ တစ်ယောက်တည်းပဲ ဖြစ်နေတယ်ဆိုရင် မဲရုံကို အကူအညီတောင်းလို့ရတယ်။ သူနဲ့အဆင်ပြေတဲ့ နည်းလမ်းကိုရွေးပေါ့နော်။ ဥပဒေအရ အကုန်လုံး ရွေးချယ်ခွင့် ရှိတယ်”ဟု ၎င်းက ဆိုသည်။

အမြင်အာရုံ မသန်စွမ်းသူများအတွက်လည်း ၎င်းတို့ ပေးလိုသည့်အချိန်တွင်ပေးနိုင်ရန် ယခင်ရွေးကောက်ပွဲ၌လည်း စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် သက်ကြီးရွယ်အိုများ အတွက်လည်း တန်းစီပြီး မဲပေးရခြင်း မဖြစ်ရလေအောင် ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း ဦးထွန်းအောင်ခိုင်က ဆိုသည်။

ယခင် ရွေးကောက်ပွဲအချိန်ကလည်း မသန်စွမ်းမဲပေးခွင့်စာရင်းသည် ယခုနှစ်နှင့် ကွာခြားမှု မရှိခဲ့ပေ။ ပယ်ချခံ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကချင်ပြည်နယ် အတွင်းမှ နိုင်ငံရေးပါတီများက အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ အရည်အချင်း သတ်မှတ်ချက်နှင့် မကိုက်ညီသည့်(၂)ဦး ပယ်ချခံခဲ့ရသည်။
၎င်းတို့နှစ်ဦးမှာ ညီညွတ်သော တိုင်းရင်းသာဒီမိုကရေစီမှ ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလအနေဖြင့် ဆော့လော်မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလောင်းများ ဖြစ်ကြသည်။

ညီညွတ်သော တိုင်းရင်းသား ဒီမိုကရေစီ ဆိုသည့်ပါတီသည် ကချင်ပြည်နယ်၌မရှိကြောင်းနှင့် မြန်မာနိုင်ငံမှာ တစ်ဆက်တည်း(၁၀)နှစ် နေထိုင်ရမည် ဆိုသည့်ဥပဒေနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြည်နယ်ကော်မရှင်က ပယ်ချခဲ့ခြင်းဖြစ်သည်။

“ဗမာတိုင်းရင်းသား လူမျိုးအတွက် ညီညွတ်သော တိုင်းရင်းသား ဒီမိုကရေစီဆိုတာ သူက ဒို့ကချင်ပြည်နယ်က မဟုတ်ဘူး။ ရန်ကုန်ကနေ လာတာ။ သူ့ကို ပြည်နယ်ကော်မရှင်ကနေပယ်ထားတယ်။ သူ့အစီအစဉ်နဲ့ တရားဝင်လမ်းကြောင်းကနေ မဟုတ်ဘဲနဲ့ထိုင်းနိုင်ငံ မဲဆောက်ကို ဝင်ရောက်နေထိုင်တယ်။ နေထိုင်ပြီး ၂၀၁၆ လောက်မှာတော့ တရားမဝင်တဲ့အောက်လမ်းကြောင်းကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်ရောက်လာတယ်။၂၀၁၆မှာ ပြန်ရောက်လာတာဆိုတော့ ခု ၂၀၂၀ ဆိုတော့ ၄နှစ်ပဲ ရှိတယ်”ဟု ဦးထွန်းအောင်ခိုင် က ပြောသည်။

ဒါ့အပြင် ဆော့လော်မဲဆန္ဒနယ်အမှတ်(၂)မှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးလည်း နိုင်ငံ့တာဝန်ထမ်းဆောင်ရာကနေ နှုတ်ထွက်ထားခြင်း မရှိသည့်အတွက် မြစ်ကြီးနားခရိုင်ကော်မရှင်မှ ပယ်ချထားသည်။
“နောက်တစ်ယောက်ကျတော့ နိုင်ငံ့ဝန်ထမ်း အဖြစ်ကနေ နှုတ်ထွက်ခွင့်ယူမထားသေးဘူး။ လက်ရှိ နိုင်ငံ့ဝန်ထမ်းတစ်ယောက်၊ ပြောမယ်ဆိုရင် စစ်မှုထမ်းအဖြစ်ကနေ နှုတ်ထွက်ခွင့် မရရှိထားသေးဘူး။ အဲ့ဒီလိုလာလျှောက်တဲ့အတွက် ဥပဒေမှာ နိုင်ငံ့ဝန်ထမ်းမဖြစ်ရဘူးဆိုတဲ့ ပြဌာန်းချက်ရှိတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ ပယ်ချမှုကို ကိုယ်စားလှယ်လောင်းများအနေဖြင့် အယူခံဝင်ချင်သည့် ဆန္ဒရှိပါက အယူခံဝင်၍ ရကြောင်းလည်း သိရပါသည်။

တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ကချင်ပြည်နယ်အတွင်း လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနှင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည့် ကိုယ်စားလှယ်လောင်း (၁၆)ဦး ရှိသည်။

ပြည်သူ့လွှတ်တော် (၃)ဦး၊ အမျိုးသားလွှတ်တော်မှ(၂)ဦး၊ ပြည်နယ်လွှတ်တော် (၈)ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ(၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

စစ်ရှောင်ပြည်သူ မဲပေးခွင့်စာရင်း မြစ်ကြီးနားမြို့နယ်စစ်ရှောင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅)ထောင်ကျော်၊ ဝိုင်းမော်မြို့နယ်တွင် (၄)ထောင်ကျော်၊ ချီဖွေမြို့နယ်တွင် ခြောက်ရာကျော်၊စုစုပေါင်း တစ်သောင်းကျော်ရှိကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ စာရင်းဇယားအရ သိရသည်။

စစ်ဘေးရှောင် ပြည်သူများ မဲပေးနိုင်ရန်အတွက် စစ်ရှောင်စခန်းအနီး ပတ်ဝန်းကျင်မှာ မဲရုံရှိပေးမည်ဖြစ်သည်။
စစ်ရှောင်ပြည်သူများမဲပေးနိုင်ရေး၊ ၎င်းတို့နေထိုင်သည့်ရပ်ကွက်၏ အနီးဆုံး၌ရှိသည့် စာသင်ကျောင်း၊ ရပ်ကွက်ရုံးများတွင် မဲရုံစီစဉ်ပေးထားမည် ဖြစ်ကြောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးက ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်စိုးအောင်က ဆိုသည်။

“တချို့ကလည်း စစ်ရှောင်စခန်းအနီးမှာပဲ ရှိတယ်၊ မဲရုံတွေ။ တချို့က လူဦးရေများတယ်။ သူ့ သီးသန့်တော့ မရဘူး။ သူနဲ့အနီးဆုံးမှာရှိတဲ့ မဲရုံကို စကဘူငခ နဲ့အတူတူ တန်းတူအခွင့်အရေး ပေးတယ်။ စစ်ရှောင်သီးသန့် မဲရုံတစ်ခုမှာ မဲပေးတယ်ဆိုရင် နောက်ကွယ်မှာ သံသယတွေအများကြီးရှိတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့် ကေအိုင်အိုတို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကချင်တစ်ပြည်နယ်လုံးမှာ လူဦးရေ တစ်သိန်းကျော် စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။

မျိုးမြတ်မြတ်ပန်