၂၀၁၁ လောက်က နာမည်ကျော် ဟားဗတ်တက္ကသိုလ်ကြီးကနေ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဆိုပြီး အဲဒီတုန်းက ဦးသိန်းစိန်အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)တို့ဆီကို အိတ်ပိတ်အစီအရင်ခံခဲ့ပါတယ်။

ကမ်းလှမ်းချက်ထဲမှာစိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့ သယံဇာတပေါကြွယ်ဝတဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်က တွင်းထွက်ကုန်တွေကရတဲ့ GDP ဟာ အရှေ့တောင်အာရှက ရေနံကြွယ်ဝတဲ့ ဘရူနိုင်းနိုင်ငံနှင့် ညီမျှတယ် ဒီလိုသံယံဇာတတွေကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးယူပြီ တန်းတူညီမျှစွာ ဒေသတွင်းအတွက် အသုံးချခဲ့ရင် အကျိုးရှိမယ်ဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကချင်ပြည်နယ်က တစ်ကျော့ပြန်စစ်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လမှာတုန်းက ကိုးနှစ်ပြည့်ခဲ့ပြီး၊ ကချင် တွင်းက ပြည်သူလူထုဟာလည်း စစ်နှင့် သံယံဇာတ ကျိန်စာသင့်မှု နွံ့အတွင်းမှာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအတွင်းမှာပဲ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ကချင်ပြည်နယ်အတွက် နောက်ထပ်ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကချင်ပြည်နယ် အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကြားက ဖြစ်နိုင်ချေရှိတဲ့ ပဋိပက္ခဖြစ်ပါတယ်။

လက်ရှိ တည်ဆဲဥပဒေတွေနဲ့ အခြေခံဥပဒေပြဌာန်းချက်တွေက ကချင်ပြည်နယ်အတွင်းက လူမျိုးစုများအကြား တင်းမာမှုတွေ ပိုမိုကြီးထွားစေသလားဆိုတာ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ ကချင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့သော စုံစမ်းတွေ့ဆုံမေးမြန်းမှုများအတွင်း ကချင်ပြည်နယ်အတွင်းက ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေက မေးခွန်းထုတ်ခဲ့ကြတယ်။

ပထဝီ အနေအထားအရ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှာတည်ရှိတဲ့ ကချင်ပြည်နယ်မှာ လူဦးရေ(၁၆)သိန်းကျော် နေထိုင်ကြပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်ကြတဲ့ ပြည်နယ်တစ်ခုပါ။

ကချင်ပြည်နယ် ဖြစ်တဲ့အလျှောက် ကချင်လူမျိုးတွေ အဓိကနေထိုင်ပြီး အခြား တိုင်းရင်းသားလူမျိုးတွေလည်း နေထိုင်ကြပါတယ်။ လက်ရှိ ကချင်လူမျိုးကို ဂျိန်းဖော့၊ ဇိုင်းဝါး၊ လော်ဝေါ်၊ လာချိတ်၊ ရဝမ်၊ လီဆူ စတဲ့ မျိုးနွယ်စု(၆)မျိုးနဲ့ ပေါင်းစပ်ထားပြီး ဒီမျိုးနွယ်စု ပေါင်းစပ်ထားတာကို ကချင်လူမျိုးလို့ သတ်မှတ်ထားကြတာပါ။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ နေထိုင်လျက်ရှိတဲ့ ကချင်လူမျိုးတွေဟာ ရှေးယခင်ကတည်းက ရိုးရာယဉ်ကျေးမှု ကိုယ်စီနဲ့ တည်ရှိနေတဲ့ လူမျိုးတစ်မျိုးပါ။ ဂျိန်းဖော့၊ ဇိုင်ဝါး၊ လာချိတ်၊ လော်ဝေါ်၊ လီဆူနဲ့ ရဝမ်ဆိုပြီး လူမျိုးစုခြောက်မျိုးနဲ့ ပေါင်းစပ်ထားတဲ့ ကချင်လူမျိုးဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတွေထဲက တစ်ခုပါ။ အဲ့ဒီလို မျိုးနွယ်စု ခြောက်မျိုးဟာ သမိုင်းကြောင်းအရလည်း အဓိက ကချင်လူမျိုးတွေ အနေနဲ့ တည်ရှိလျက် ရှိခဲ့ပါတယ်။

ကချင်လူမျိုးတွေကို ၁၉၅၅ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းမှာ ကချင်(၆)မျိုးဟူ၍ ဖော်ပြထားပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှာတော့ ကချင်(၁၂)မျိုး ဆိုပြီး ဖော်ပြထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ၂၀၀၃ ခုနှစ် ဇန်နဝါရီ(၁၀)ရက်နေ့က ခန့်မှန်းလူဦးရေ စာအုပ်မှာ ကချင် (၉)မျိုးလို့ ဖော်ပြထားပြီး ဘုံနာမည်ဖြစ်တဲ့ “ကချင်”နဲ့ မျိုးနွယ်စုနာမည် ဖြစ်တဲ့ “ဂျိန်းဖော့”ကို ပေါင်းကာ “ဂျိန်းဖော့”ဆိုပြီး ထပ်မံဖော်ပြထားပြန်ပါတယ်။

၂၀၂၀-၂၁ ပညာသင်နှစ်မှာ အသစ်ပြဌာန်းလိုက်တဲ့ သတ္တမတန်း ပထဝီဝင်သင်ရိုးသစ်မှာ ပါဝင်တဲ့ ကချင်လူမျိုး အကြောင်းမှာ ကချင်လူမျိုးစု(၁၂)မျိုးအနေနဲ့ ဖော်ပြထားပြီး စာလုံးပေါင်း သတ်ပုံ မှားယွင်းမှုတွေကြောင့် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
အစိုးရဖော်ပြချက် မှားယွင်းနေတဲ့အပြင် ကချင်လူမျိုးအချင်းချင်းကြားမှာလည်း ဘုံနာမည် ခေါ်ဆိုရေး ကိစ္စတစ်ခုကလည်း စိတ်ဝမ်းကွဲစရာ တစ်ခုဖြစ်နေစေတယ်လို့ လေ့လာသုံးသပ်သူ တချို့က ဆိုပါတယ်။ ”နောက်ဆုံးကတော့ အစိုးရဘက်ကနေ ရှုပ်အောင်လုပ်ပေးလိုက်တယ်လို့ပဲ မြင်တယ်။ အခုကိစ္စက ရှုပ်အောင်လုပ်တဲ့လူရှိလို့ ရှုပ်တာပဲလို့ မြင်ပါတယ်”လို့ ကချင်နှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ REV.ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြီးခဲ့တဲ့ရက်များအတွင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုအတွင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

KBC လို့ အတိုကောက်ခေါ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ဟာ ၁၉၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် အဖွဲ့အစည်းဖြစ်ပါတယ်။

ရှုပ်ထွေးမှုတွေရဲ့ အစဟာ အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ လက်ထက် ပြဌာန်းခဲ့တဲ့ ၁၉၈၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေလို့ ဆိုပါတယ်။ ထိုဥပဒေ ဖော်ပြထားတဲ့ ကချင်(၁၂)မျိုးဆိုတဲ့ အထဲမှာ ဘုံနာမည်ဖြစ်တဲ့ ကချင်ကို လူမျိုးတစ်မျိုးအနေနဲ့ ဖော်ပြထားပြီး ကချင်လူမျိုးတွေရဲ့ ဒေသအခေါ်အဝေါ် နာမည်တွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ထိုနောက် ၂၀၀၃ခုနှစ် (လဝက)ဝန်ကြီးလမ်းညွှန်ချက်အရ ကချင်လူမျိုးစု အမည်တွေကို အမျိုးမျိုး ဖော်ပြရုံသာမက ကချင်နဲ့ ဂျိန်းဖော့ကို ပေါင်းစပ်ပြီး ဖော်ပြလိုက်တာဟာ ကချင်လူမျိုးကြား သွေးကွဲမှုကို စတင်စေတဲ့ အကြောင်းအရင်းလို ဖြစ်စေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။

“ဒီ ခြောက်မျိုးတောင် ညီညွတ်ဖို့ ခက်တဲ့အချိန်မှာ အမျိုးမျိုး ပြန်ကွဲပြားတဲ့အချိန်ကျတော့ စည်းလုံးညီညွတ်မှုဆိုတာက ပိုဆိုးလာတဲ့သဘောပေါ့။ ပြီးတော့ (လဝက)ကြောင့် ဖြစ်တယ်၊မဖြစ်ဘူး ဆိုတာထက် ဘာကြောင့် ပြဌာန်းထားတာလဲဆိုတာ နားမလည်နိုင်ဘူး”ဟု ရဝမ်စာပေနှင့် ရိုးရာယဉ်ကျေးမှု စာပေ (မြစ်ကြီးနားမြို့နယ်)ဥက္ကဋ္ဌ ဦးGထင်လောန်က ဆိုပါတယ်။

ရှေးယခင်က ကချင်ဆိုတဲ့ နာမည်ဟာ လူမျိုးခြားတွေကနေ ကချင်မျိုးနွယ်စုတွေကို ခေါ်ဝေါ်ခဲ့တဲ့ နာမည်ဖြစ်ပါတယ်။ ကချင်ဘာသာစကားနဲ့ ဆိုရင်တော့ ကချင်မျိုးနွယ်စု(၆)ခုလုံးကို ”ဂျိန်းဖော့” ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ကချင်ဘာသာစကားနဲ့ “ဂျိန်းဖော့” ဆိုတဲ့ ဘုံနာမည်အောက်မှာ မျိုးနွယ်စု(၆)ခုလုံး ပါဝင်တာဖြစ်တာကြောင့် ကချင်နဲ့ဂျိန်းဖော့ကို ပေါင်းစပ်ဖော်ပြတာဟာ (ကချင်=ဂျိန်းဖော့) မှန်ကန်တယ်ဆိုပြီး လက်ရှိ ဂျိန်းဖော့ မျိုးနွယ်အချို့က သဘောထား ကြပါတယ်။ ကျန်မျိုးနွယ် (၅)ခုကတော့ ကချင်ဆိုတဲ့ နာမည်အောက်မှာ မျိုးနွယ်(၆)ခုလုံး ပါဝင်ပေမယ့် (ကချင်= ဂျိန်းဖော့)ဆိုတဲ့ သတ်မှတ်ချက်အတိုင်းဆိုရင် ကချင်ဘာသာစကားအခေါ် “ဂျိန်းဖော့”ဆိုတဲ့ နာမည်အောက်မှာတော့ မပါဝင်ဘူးဆိုပြီး သဘောထားကြပါတယ်။

ဒါပေမဲ့ အစိုးရရဲ့ သတ်မှတ်ချက်နဲ့ ဖော်ပြချက်အရ (ကချင်=ဂျိန်းဖော့)လို့ ခေါ်ဆိုလိုက်တာဟာ ကချင်ဆိုတာ ဂျိန်းဖော့ မျိုးနွယ်တစ်ခုတည်းကိုပဲ ခေါ်ဆိုတာဖြစ်ပြီး ကျန်မျိုးနွယ်(၅)မျိုး မပါဝင်တာကို ဆိုလိုတာကြောင့် ဂျိန်းဖော့မျိုးနွယ်တွေ အနေနဲ့ ပြန်လည်စဉ်းစားသင့်တဲ့ ကိစ္စ ဖြစ်နေပြန်ပါတယ်။

“အဲ့ဒီကိစ္စက လက်ရှိ ဂျိန်းဖော့မျိုးနွယ်တွေ ပြောထားတာနဲ့ ကွဲလွဲနေတယ်။ ဂျိန်းဖော့တွေ ပြောတာက ကချင်ထဲမှာ မျိုးနွယ်အားလုံး ပါသလို ဂျိန်းဖော့ထဲမှာ အားလုံးပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ အစိုးရပြောတာက ကချင်ဆိုတာ ဂျိန်းဖော့ပဲ ကျန်တဲ့လူမျိုးတွေ မပါဘူးဆိုတာကို သူတို့ လေ့လာသုံးသပ်ဖို့ လိုတယ်။ သမိုင်းအရဂျိန်းဖော့ထဲမှာ အားလုံးပါတယ်ဆိုတဲ့ ကိစ္စရပ်တွေက ပြန်လည်ပြီး စဉ်းစားရမှာ ဖြစ်တယ်”လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တရားလွှတ်တော်ရှေ့နေဒေါ်ဒွဲဘူက ပြောပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့လည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံကို တင်သွင်းခဲ့တဲ့ ကချင်တိုင်းရင်းသား လူမျိုးနဲ့ပတ်သက်တဲ့ ရှင်းလင်းတင်သွင်းချက်မှာ ၂၀၀၃ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ ခန့်မှန်းလူဦးရေစာအုပ်ကနေစပြီး ကချင်နဲ့ ဂျိန်းဖော့ကို ပေါင်းလိုက်တာဖြစ်ပြီး ကျန်တိုင်းရင်းသား (၈)မျိုးက မပေါင်းခဲ့ကြောင်းကို ပြောကြားခဲ့ပါတယ်။

အဲ့ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ လက်ရှိနေထိုင်လျက်ရှိနေတဲ့ ကချင်လူမျိုးစုတွေအနက် ကချင်လူမျိုးနဲ့ ပူးပေါင်းဖော်ပြလိုက်တဲ့ ဂျိန်းဖော့တိုင်းရင်းသား လူမျိုးကပဲ “ကချင်ပြည်နယ်”ဆိုပြီး ပြည်နယ်ရရှိတဲ့ လူမျိုးအဖြစ်သတ်မှတ်လိုက်တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၁၆၁ (ဂ)အရ ကျန်တိုင်းရင်းသားလူမျိုး(၈)မျိုးဖြစ်တဲ့ “ထရုမ်း၊ ဒလောင်၊ ခခူး၊ မရူ(လော်ဝေါ်)၊ ရဝမ်၊ လရှီ၊ အဇီးနဲ့ လီဆူ”တွေဟာ ကချင်ပြည်နယ်အတွင်း ပြည်နယ်လည်း မရရှိသေးတာကြောင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ရပိုင်ခွင့်ရှိမှာ ဖြစ်ပြီး ဂျိန်းဖော့လူမျိုးကတော့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ရပိုင်ခွင့်ရှိတော့မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

“တကယ်တမ်းဆိုရင် လီဆူနဲ့ ရဝမ်သည် ပြည်နယ်ရရှိပြီးသားထဲမှာ ပါတယ်။ ရေးရာဝန်ကြီး ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား။ ဘယ်လိုကြောင့်လုပ်တာလဲ ဆိုတာ သူတို့ပဲသိမှာ ဖြစ်ပါတယ်။ အစိုးရဘက်ကနေ ၂၀၀၃ မှာ ကချင်ညီမျှခြင်း ဂျိန်းဖော့ဆိုတာ၊ ကချင်ဆိုတာ ဂျိန်းဖော့ပဲဆိုတာကို ၂၀၁၀ ကနေစပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က (လဝက) လမ်းညွှန်ချက်ကို ယူလိုက်တယ်”လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့အဲ့ဒီလို သုံးသပ်ဖော်ပြချက်အရ ပြုလုပ်ခဲ့တဲ့ ၂၀၁၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်းက စတင်ပြီး ကချင်လူမျိုးစုအတွင်း တစ်နေ့တခြား စည်းလုံးညီညွတ်မှုပြိုကွဲလာခဲ့ရတာ ဖြစ်ပြီး ကချင်လူမျိုးစုအတွင်း လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြား သံသယများ ရှိလာတာ၊ ပြဿနာအရင်းအမြစ်ကို ပူးပေါင်းအဖြေရှာဖို့ ခက်ခဲလာတဲ့ အနေအထားကို ရောက်လာရတာ ဖြစ်တယ်လို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့က မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှု အသင်းကနေ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံကို တင်ပြတဲ့စာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအားဖူရီလီမီမှာတော့ သီးခြားအမြင်တစ်ခု ရှိနေပါတယ်။ “တိုင်းရင်းသားရေးရာဝန်ကြီးပေးတာက အစိုးရက လိုအပ်လို့ပေးတာကို ကျွန်တော်တို့က ငြင်းစရာမရှိပါဘူး။ ဒီ တိုင်းရင်းသားရေးရာဝန်ကြီးကိုမယူဖို့ ကန့်ကွက်တာတွေလည်း ရှိတယ်။ ဧည့်သည်ဖြစ်သွားမယ်ပေါ့။ ဒါပေမဲ့ လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ရခဲ့လို့ ကချင်ပြည်နယ်အတွက် နစ်နာသွားတာဘာရှိသလဲ”လို့ သူက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲက စတင်ပြီး လူဦးရေ သတ်မှတ်ချက်အရ ပြည့်မီတဲ့ လီဆူမျိုးနွယ်နဲ့ ရဝမ်မျိုးနွယ်တွေကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ပေးဖို့ ထုတ်ပြန်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မဖြစ်မနေ ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌဟောင်း ဦးထုံဖူးဒဂုန်က ပြောပါတယ်။

“လူမျိုးစု အချင်းချင်းကြားမှာ ရဝမ်နဲ့ လီဆူတွေက သူတို့တောင်းလို့ ရေးရာဝန်ကြီးပေးတာ ဖြစ်တယ်။ ရေးရာဝန်ကြီးပေးတာကို ယူတယ်ဆိုပြီး နားမလည်ဘဲ ပြောလာကြတယ်။ အခြေခံဥပဒေအရ မဖြစ်သင့်တာကို ကျွန်တော်တို့ကို ပေးတယ်။ ဘာလို့လည်း ပြည်နယ်သားစစ်စစ်က ဒါတွေမလိုဘူး။ ခြောက်မျိုးက အတူတူပဲ။ အခုက ပြည်နယ်သားက ဂျိန်းဖော့ဖြစ်သွားတယ်။ ကျန်ငါးမျိုးကိုက ရေးရာဝန်ကြီးပေးမယ်။ ဖြစ်သွားတယ်”လို့ သူက ဆိုပါတယ်။

၂၀၀၃ ခုနှစ် (လဝက) လမ်းညွှန်ချက်မှာ ဖော်ပြချက်အတိုင်း “ဂျိန်းဖော့” တစ်မျိုးတည်းသာလျှင် “ကချင်” ဖြစ်တယ်ဆိုတဲ့ မှားယွင်းချက်ကိုသာ ပြုပြင်နိုင်ခြင်းမရှိဘူးဆိုရင် ကျန်မျိုးနွယ် (၅)ခုကို အစိုးရဘက်ကနေ တိုင်းရင်းသားရေးရာဝန်ကြီး ပေးတာက နည်းလမ်းကျနေပြန်ပါတယ်။ ကျန်လူမျိုးစု (၅)မျိုး အနေနဲ့ ကချင်ဆိုတဲ့ ထဲမှာ ပါဝင်ကြောင်း မငြင်းဆိုပေမယ့် အစိုးရသတ်မှတ်ချက်အတိုင်း ကချင်ထဲမှာ မပါဝင်တော့ဘဲ ပြည်နယ်ရရှိတဲ့ မျိုးနွယ်တွေအနေနဲ့ သတ်မှတ်ခြင်း မခံရတော့တာကြောင့် သူတို့အတွက် တိုင်းရင်းသားရေးရာဝန်ကြီး နေရာပေးတာကသာ ဆုပ်ကိုင်လို့ရတဲ့ အခွင့်အရေးတစ်ခု ဖြစ်နေပါတယ်။

တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူကတော့ “သူတို့လည်း သူတို့ ခံစားချက်တွေရှိပါတယ်။ ကချင်မှာ ပါတယ်ဆိုတာကို မငြင်းဘူး။ သို့သော် အခုလို ခွဲခြားထားတဲ့ ကိစ္စတွေဟာ စိတ်မကောင်းဖြစ်တယ်။ ကချင်ဆိုတဲ့ထဲ အားလုံးပါတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုမှ မလုပ်ဘူးဆိုရင် သူတို့အနေနဲ့လည်း ရေးရာဝန်ကြီး ပေးတာကိုမှ မယူထားရင် ပြည်နယ်ရရှိတဲ့ထဲလည်းမပါတော့ အခွင့်အရေးဆုံးရှုံးမယ်”လို့ ဆိုပါတယ်။

အခုလို တိုင်းရင်းသားလူမျိုးတွေဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ၂၀၁၂ ခုနှစ်က စတင်ပြီး ပြည်သူ့လွှတ်တော်ရဲ့ (၁၀)ရာခိုင်နှုန်းထောက်ခံမှုရရှိခဲ့တဲ့ အစီအစဉ်နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြခဲ့ပါတယ်။

အဲ့ဒီလို တင်ပြခဲ့တဲ့ကိစ္စမပြီးပြတ်တာကြောင့် မြန်မာနိုင်ငံ ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီဝင်တွေနဲ့ လူမျိုးစု(၆)မျိုး ကိုယ်စားလှယ်တွေကနေ နေပြည်တော်က သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ နိုင်ငံတော် အကြီးအကဲတွေထံ သွားရောက်ကာ ပြန်လည်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ဖူးပေမဲ့ ဒီကနေ့အထိ အခြေအနေ ထူးခြားလာတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း ကချင်လူမျိုးကို လူမျိုးစု(၆)မျိုးအဖြစ်သာ သတ်မှတ်ပေးဖို့ ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသား ရေးရာကော်မတီက တင်သွင်းခဲ့ပါတယ်။

၂၀၁၀ရွေးကောက်ပွဲကနေစတင်ပြီး လီဆူနဲ့ရဝမ်မျိုးနွယ်စုတွေကို ရေးရာဝန်ကြီးစတင်ပေးလာပြီး လက်ရှိ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ရေးရာဝန်ကြီးနေရာကို ပေးထားတာတွေ့နေရဆဲပါ။ ၂၀၀၃ ခုနှစ် (လဝက) လမ်းညွှန်ချက် အတိုင်းမပြင်ဘဲ ဆက်သုံးနေမယ်ဆိုရင် ကျန်ကချင်မျိုးနွယ်တွေဖြစ်တဲ့ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါးတို့ကိုလည်း ရေးရာဝန်ကြီးနေရာ ပေးလာနိုင်ဖွယ် ရှိနေပါတယ်။

ရေးရာဝန်ကြီးပေးတာကနေ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အသီးသီး တောင်းလာတာမျိုးတွေအထိ ဖြစ်သွားမယ်ဆိုရင် ကချင်မျိုးနွယ်စုအားလုံး တကွဲတပြားနဲ့ ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရတဲ့ အခြေအနေကို တဖြည်းဖြည်း ရောက်သွားနိုင်တာဖြစ်တယ် ဆိုသော စိုးရိမ်မှုများ ကချင်ပြည်နယ် ခေါင်းဆောင်များအကြားမှာ ပေါ်ပေါက်နေပါတယ်။

“ဒီကိစ္စဟာ မှားတာကို ပြန်မပြင်သရွေ့ ကျွန်မတို့ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို ဖျက်ဆီးပစ်ရုံတင်မကဘူး။ အနာဂတ်မှာ တည်ဆောက်ရမယ့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုပါ အနှောင့်အယှက် ပြုစေတယ်”လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက သူ့စိုးရိမ်မှုကို ဆိုပါတယ်။

ဦးထုန်ဖူးဒဂုန်ကတော့ “၁၉၅၅ ပြန်တမ်းမှာပါတဲ့ အတိုင်း ကချင်ဆိုတာ ခြောက်မျိုးဖြစ်တယ်ဆိုတဲ့ အတိုင်းသွားမယ် အားလုံးအတူသွားမယ်ဆိုရင် ခရီးတော်တော်ပေါက်ပြီ ဘာမဆိုလုပ်လို့ရပြီ စည်းလုံးညီညွတ်မှု ရှိနိုင်တယ်”လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေကို တင်ပြဆွေးနွေးမှုတွေ မပြုလုပ်ခင် ကချင်လူမျိုးတွေကြားသဘောထား ကွဲလွဲမှုကို ဖြေရှင်းဖို့ရန် ပြုလုပ်ရမှာဖြစ်ကြောင်းနဲ့ ကချင်လူမျိုးတွေရဲ့ သမိုင်းအထောက်အထား အမှန်တွေကိုလည်း လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီး သဘောတူညီမှုတွေ ရယူရမှာ ဖြစ်တယ်။

လက်ရှိအချိန်မှာတော့ လူမျိုးအားလုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုး တိုးတက်စေဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရမယ့်အစား အချင်းချင်းကြား သွေးကွဲမှုတွေ ဖြစ်နေရတာကြောင့် ရှေ့မလှမ်းနိုင်ဘဲ ရပ်တန့်နေရတဲ့ အခြေအနေမျိုးကို ဖော်ဆောင်နေပါတယ်။

”ကျွန်တော့်ရဲ့စိတ် စည်းလုံးညီညွတ်တယ်ဆိုတာ ဘာသာ စကားမဟုတ်ဘူး။ ဘာသာစကားဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တာပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်း တွေဟာ အကုန်လုံး တူညီကြပါတယ်။ အကုန်မနောင်က ကကြတယ်။ ကျွန်တော်တို့တွေက တောင်ပေါ်သားတွေ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှု သမိုင်းတူညီကြတဲ့သူတွေ စိတ်ဝမ်းမကွဲဘဲ အတူတကွ ညီအစ်ကို မောင်နှမတွေလို နေကြရင် ပိုစည်းလုံးညီညွတ်လာကြမှာ ဖြစ်တယ်လို့ မြင်ပါတယ်”လို့ KBC က ဒေါက်တာခလမ်ဆမ်ဆွန်က သက်ပြင်းချရင်း ဆိုပါတယ်။

Ann