အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ခန်းမ-၂ ပတ္တမြားခန်းမကြီးကတော့ အနီရောင်ရဲရဲထိုင်ခုံတွေ လွှမ်းမိုးထားပါတယ်။ခန်းမအတွင်းကို ဝင်လာသူတွေထဲမှာ အရောင်အသွေးမျိုးစုံ၊ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင် လားဟူ၊ ဗမာ၊ ကချင်စတဲ့ တိုင်းရင်းသားရိုးရာဝတ်စုံတွေရော၊ စစ်ဝတ်စုံတွေရော ရောပြွန်းနေပါတော့တယ်။

ထိုအသွေးအရောင်စုံတဲ့ မြင်ကွင်းထဲမှာတော့ အစုအဖွဲ့အသီးသီးက ကိုယ်စားပြုတဲ့ အမျိုးသမီးတွေ အပါအဝင် အားလုံးက သတ်မှတ်နေရာတွေမှာ နေရာယူလိုက်ကြပါတယ်။ ကျယ်ဝန်းပြီး ခမ်းနားနေတဲ့ ညီလာခံအနီရောင် ခန်းမကြီးထဲမှာ တိုင်းရင်းသားပေါင်းစုံ၊ ကိုယ့်ရိုးရာ အဝတ်အထည်ရောင်စုံတွေနဲ့ ခန်းမတွင်းကို ရောက်ရှိနေကြပါတယ်။

ညီလာခံခန်းမရဲ့ ရှေ့ဆုံးတန်းမှာတော့ အမျိုးသမီးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေရာယူထားပြီး ကျန်အမျိုးသမီးတွေကလည်း သတ်မှတ်ထားတဲ့ နေရာမှာ ကြိုကြားကြိုကြား ကိုယ်စီနေရာယူနေကြတာ မြင်တွေ့နေရပါတယ်။

ငြိမ်းချမ်းရေးမှာ အထိခိုက်ခံရဆုံးက အမျိုးသမီးတွေနဲ့ ကလေးတွေလို့ ဆိုကြပေမယ့် ဒီခန်းမကြီး အတွင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအ‌ဝေး တက်ရောက် သူများမှာတော့ အမျိုးသမီးပါဝင်မှုဟာ (၁၇) ရာနှုန်းသာရှိပါတယ်။

သြဂုတ်လ (၁၉)ရက်ကနေ(၂၁)ရက်အထိ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကြီးက သဘောတူ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၃)မှာတော့ အချက်(၂၀)နဲ့ ဇယား(၁)ကို သဘောတူနိုင်ခဲ့ပေမယ့် အမျိုးသမီးတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ခေါင်းစဉ်ကြီးထဲမှာတော့ တစ်ခုအနေနဲ့ ပါလာတာ မတွေ့ရပါဘူး။

၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ အမျိုးသမီးအရေး ကိစ္စတွေကို ကဏ္ဍာတိုင်းမှာ ထည့်သွင်းစဉ်းစားကြမလား။ အမျိုးသမီးအရေးတွေကို ကဏ္ဍတိုင်းမှာ ထည့်သွင်းဆွေးနွေးလာဖို့နဲ့ အမျိုးသမီး ကိုယ်တိုင် ပါဝင်ဆွေးနွေးပွဲ စကားဝိုင်းတွေမှာ ပိုမိုပါဝင်လာဖို့လိုနေသေးတယ်လို့လည်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ဆိုပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တတိယ အစည်းအ‌ဝေးကို ကြည့်မယ်ဆိုလျှင် အမျိုးသမီး ပါဝင်မှုနှုန်းဟာ (၂၂)ရာခိုင်နှုန်းအထိ ပါဝင်ခဲ့တာကို တွေ့ရမှာဖြစ်ပြီး အခု ကျင်းပပြီးစီးသွားတဲ့ ညီလာခံထက် အမျိုးသမီးတက်ရောက်မှုနှုန်းဟာ (၅)ရာခိုင်နှုန်း ပိုခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

တစ်နည်းပြောရရင်တော့ အရင်အစည်းအ‌ဝေးထက် ဒီအစည်းအ‌ဝေးမှာ (၅)ရာခိုင်နှုန်း လျော့နည်းခဲ့တာလို့ ပြောရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) National Advisor နန်းဖြူဖြူလင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမျိုးသမီးပါဝင်မှုနဲ့ ပတ်သက်ပြီး ကိုဗစ်(၁၉)ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် အမျိုးသမီးတွေ ညီလာခံတက်ရောက်နိုင်ဖို့ ပိုမိုလျော့နည်းသွားတာ အပြင် ခေါင်းဆောင်ပိုင်းတွေသာ တက်ရောက်ရမှာဖြစ်တယ် ဆိုတဲ့အတွက် စတုတ္ထအကြိမ် အစည်းအ‌ဝေးမှာတော့ အမျိုးသမီးတွေ ပါဝင်မှု ပိုမိုနည်းသွားတာလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ (၁၂) ရက်မှ (၁၆)ရက်အထိ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပထမဆုံး အကြိမ် အဖြစ် ပြည်ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို ကျင်းပခဲ့ရာမှာ အမျိုးသမီး ပါဝင်တက်ရောက်မှု နှုန်းဟာ (၈)ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အစိုးရအဖြစ်တာဝန် ယူတဲ့အချိန်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ ပထမအကြိမ်မှာ အမျိုးသမီး တက်ရောက်မှု (၁၃)ရာခိုင်နှုန်း၊ ဒုတိယအစည်းအဝေးမှာ (၁၇)ရာခိုင်နှုန်းနဲ့ တတိယအကြိမ် အစည်းအဝေးမှာ (၂၂)ရာခိုင်နှုန်းရှိခဲ့ပြီး အခု စတုတ္ထအကြိမ် အစည်းအဝေးမှာတော့ (၁၇)ရာခိုင်နှုန်း တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

သြဂုတ်လ (၁၉)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၂၁)ရာစု ပင်လုံညီလာခံမှာတော့ အမျိုးသမီး ပါဝင်မှု(၁၇)ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ အခမ်းအနား ပွဲစဉ်တစ်လျှောက် သဘာပတိနေရာ(၆) နေရာမှာ အမျိုးသမီး(၂)ဦးပါဝင်ခွင့်ရခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တင်သွင်းသူ (၃)ဦးတွင် အမျိုးသမီးတစ်ဦး၊ ထောက်ခံဆွေးနွေးသူတွင် အမျိုးသမီးတစ်ဦး၊ အသိသက်သေနေရာတွင် အမျိုးသမီးနှစ်ဦးနဲ့ ပြည်ထောင်စုသဘောတူစာချုပ် လက်မှတ်ရေးထိုးကြသူနေရာမှာတော့ အမျိုးသမီး တစ်ဦး လက်မှတ်ရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ ပါဝင်မှုအချိုး(၃၀) ရာခိုင်နှုန်း မဖြစ်မနေ ပါဝင်နိုင်ဖို့ တောင်းဆိုနေကြပေမယ့် ယနေ့တိုင် အမျိုးသမီး(၃၀)ရာခိုင်နှုန်းအထိ ပါဝင်လာတာ မတွေ့ရသေးပါဘူး။ NCA အရ အကောင်အထည် ဖော်လာတဲ့ ကော်မတီနဲ့ အစည်းအ‌ဝေး များမှာတော့ အမျိုးသမီးပါဝင်မှုကို ထည့်သွင်းစဉ်းစားလာပေမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ကော်မတီ (JMC) ပြည်ထောင်စုအဆင့်မှာတော့ အမျိုးသမီးတစ်ဦးမှ မပါပါဘူး။

ပြည်နယ်နဲ့တိုင်း အဆင့်တွေနဲ့ ဒေသအဆင့်တွေမှာတော့ အမျိုးသမီးတွေ ပါဝင်တာ တွေ့ရပေမယ့် JMC အဆင့်ဆင့်ဖွဲ့စည်းမှုတွေမှာ အမြင့်ဆုံးတာဝန်ယူရတဲ့အပိုင်းတွေမှာတော့ ရာထူးအဆင့်အတန်း သတ်မှတ်ချက်တွေ ရှိနေတာကြောင့် အမျိုးသမီးတွေ ပါဝင်ခွင့်မရတဲ့ အခြေအနေတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်မှာ အမျိုးသမီး ပါဝင်မှု မြှင့်တင်ရေး အားနည်းနေသေးတာတွေနဲ့ အမျိုးသမီးတွေဟာ အာမခံချက်နဲ့ လက်ရှိအချိန်ထိ ဂဃနဏလုပ်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း က သုံးသပ်ပြောဆိုထားပါတယ်။

“အမျိုးသမီး ပါဝင်ဖို့တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖက်မှာတော့ အစီအစဉ် တစ်ခုတော့ ရှိတယ်။ ဒါတွေက လုပ်နေတာပဲ။ အမျိုးသမီးသာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA ကို အကောင် အထည်ဖော်တဲ့ ပြည်သူတစ်ရပ်လုံးက ပါဝင်လာဖို့ အရေးကြီးတယ်”လို့ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

NCA မှာတော့ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်လျှင် အခန်း(၃)အပိုဒ်(၉)(ဍ)မှာတော့ အမျိုးသမီး များအား ဗလက္ကာယပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယားပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာ ကျွန်ပြုခြင်း မပြုလုပ်ဖို့နဲ့ အခန်း(၅)အပိုဒ်(၂၃)မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သင့်တင့်လျောက်ပတ်သော အချိုးအစားနဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့အတွက် ဆောင်ရွက်သွားဖို့ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အသီးသီးက သဘောတူချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ်ဟာဆိုရင် အစိတ်အပိုင်း(၃)အထိ ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အစိတ်အပိုင်း(၁)က လူမှုရေးကဏ္ဍဆိုရင် သဘောတူညီချက်(၄)ချက် ပါဝင်ပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ အခွင့်အ‌ရေးတွေကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စတာတွေ မခွဲခြားဘဲ ထိရောက်စွာ ကာကွယ် စောင့်ရှောက်ဖို့နဲ့ လူမှုဘ၀ မြှင့်တင်မှုတွေကို ဆောင်ရွက်ဖို့ ထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။

ဒီလို သဘောတူချက်တွေ ရှိနေပေမယ့် လက်တွေ့နဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေသေးတာကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ၊ လုံခြုံခွင့်တွေ၊ အကာအကွယ် ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

စစ်ပြေးတိမ်းရှောင်လာတာ (၉)နှစ်ကျော် ရှိလာပေမယ့် စစ်ရှောင်စခန်းအမျိုးသမီးတွေဟာ ယနေ့အထိ လုံခြုံမှုမရှိသေးဘူးလို့ဆိုလာသူကတော့ ကချင်ပြည်နယ်၊ ဂျန်မိုင်ကောင်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်ခေါင်နော ဖြစ်ပါတယ်။
“ညီလာခံတွေမှာ အမျိုးသမီးတွေအတွက် စဉ်းစားတဲ့အပိုင်းတွေ ပါပေမယ့် လက်တွေ့မှာတော့ ပြောတာနဲ့ လုပ်ဆောင်နေတဲ့ အရာတွေက လုံးဝမတူဘူး ဖြစ်နေတယ်။ ဂတိဆိုတာက လုပ်ပေးရမှာ ဖြစ်တယ်။ စစ်ပြေးလာတာ (၁၀)နှစ်ထဲရောက်ပြီး တစ်ရက်မှ လုံခြုံမှုရှိတယ်လို့ မခံစားရဘူး။ လုံခြုံမှုမရှိဆုံးက ကျွန်မတို့ မိန်းမသားတွေ ဖြစ်တယ်။ ကလေး မိန်းကလေးကအစ လုံခြုံမှုမရှိဘူး”လို့ ဒေါ်ခေါင်နောက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေရတဲ့ အမျိုးသမီးတွေအတွက်သာမက အမျိုးသမီးအားလုံးရဲ့ လုံခြုံရေးတွေကိုပါ တာဝန်ရှိသူတွေ၊ သက်ဆိုင်သူတွေက ထည့်သွင်းစဉ်းစားပေးပြီး အမျိုးသမီးတွေ အတွက် ပိုမိုလုံခြုံတဲ့ဘဝကို ရချင်တယ်လို့ ဒေါ်ခေါင်နောက ဆက်လက်ပြောကြားပါတယ်။

“ကျွန်မတို့အနေနဲ့ အရင်က အကြမ်းဖက်မှုတွေ ခံရတာတွေ များပြီ၊ ဓားစာခံ အလုပ်ခံရတာတွေလည်း ကြောက်သွားပြီ။ အမျိုးသမီးတွေအတွက် လူမျိုး၊ဘာသာ မခွဲခြားဘဲ လုံခြုံမှုတစ်ခုကိုပဲ ပေးဖို့ တောင်းဆိုချင်တယ်”လို့ ခေါင်နောက တောင်းဆိုလိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေက ပဋိပက္ခဒဏ်ကို ပိုမိုကြုံတွေ့ရတာကြောင့် NCA စာချုပ်အပေါ် အများကြီး မူတည်တယ်လို့လည်း KNU ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ချုပ်ဆိုပြီးတဲ့ ပြည်ထောင်စု သဘောတူစာချုပ်တွေမှာ သဘောတူလက်မှတ် ရေးထိုးထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း ကျားမတန်းတူရေးနဲ့ ဖက်ဒရယ်၊ ကျား/မ တန်းတူရေးနဲ့ သဘာဝပတ်ဝန်းကျင်၊ကျား/မ တန်းတူရေးနဲ့ ရွေးကောက်ပွဲ စတာတွေလို ကဏ္ဍအသီးသီးမှာ ကျား/မ တန်းတူရေးကို ထည့်သွင်းစဉ်းစားပြီး တစိုက်မတ်မတ်အကောင်အထည်ဖော် လုပ်ဆောင်ဖို့ လိုတယ်လို့ ဒေါ်နန်းဖြူဖြူလင်းက ဆိုပါတယ်။

“အဲ့လို ဆောင်ရွက်ဖို့အတွက် အမျိုးသမီးတွေရဲ့ အသံကို နားထောင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေက ပါရမယ်။ သမိုင်းပေးတာဝန်အရ၊ တိုင်းပြည်ရဲ့အရေးတွေမှာ လက်နက်ကိုင်တိုက်နေတဲ့ သူတွေရဲ့ အရေးပဲ မဟုတ်ဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အသံတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ အဆင့်ဆင့်လုပ်ကတည်းက ပါလာခဲ့ဖို့ လိုတယ်”လို့ သူက ဆိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့ အကျိုးကို တိုက်ရိုက်ဖော်ဆောင်တဲ့ လုပ်ရပ်ကို လုပ်ဆောင်သင့်တယ်လို့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်ကလည်း ပြောဆိုလိုက်တာပါ။

“ငြိမ်းချမ်းရေး လုပ်တိုင်း လုပ်တိုင်း စစ်ရှောင်ပြည်သူတွေအရေး မပါသလို ဖြစ်နေတယ်။ ဒီထက်အရေးကြီးတာဆိုပေယ့် နေ့တစ်ဓူ၀ ခံစားနေရတဲ့ကိစ္စတွေ သိပ်မပါသလို ဖြစ်နေတယ်။ အဲ့ဒါက ဒီညီလာခံရဲ့ အားနည်းချက်လို့ ပြောလို့ရတယ်။ ပြည်သူတွေ လက်တွေ့ကြုံနေတဲ့ အပိုင်းကိုလည်း ထည့်ဆွေးနွေးသင့်တယ်”လို့ ဦးစိုင်းကျော်ညွန့် ကလည်း ထောက်ပြလိုက်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၂) “နိုင်ငံရေးအခြေခံမူ သဘောတူညီချက်မှာ ကျား/မ တန်းတူညီမျှမှု အချက်(၄)ချက်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ ဘယ်သူပဲဖြစ်ဖြစ် ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံတဲ့ ခွဲခြားဆက်ဆံတာတွေ မရှိစေဖို့နဲ့ တန်းတူညီမျှမှု ရှိစေဖို့အတွက် မူဝါဒ ချမှတ်ဖို့၊ကဏ္ဍ အသီးသီးက အမျိုးသမီးတွေ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုတွေကို ကာကွယ်နိုင်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ကျား/မ ဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေဖို့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရမှာ ဖြစ်တယ်”လို့ ထည့်သွင်းချုပ်ဆိုထားပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာတော့ အတိအလင်းထည့်သွင်းထားတာ မတွေ့ရပါဘူး။ ကျား/မ တန်းတူညီမျှရေးကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေ လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ ထည့်သွင်းစဉ်းစားမှုမရှိတဲ့အခါ စာချုပ်တွေဟာ ခိုင်မြဲလေ့မရှိတာကို တွေ့ရတယ်”လို့ ဒေါ်နန်းဖြူဖြူလင်း က ဆိုပါတယ်။

အမျိုးသမီးတွေရဲ့အသံကို ထည့်သွင်း စဉ်းစားထားခြင်းမရှိတဲ့ သဘောတူစာချုပ်ဟာ ကျွန်မတို့ရဲ့ သုတေသနစာတမ်းတွေအရ အမျိုးသမီးတွေရဲ့ အသံမပါတဲ့ Ceasefire agreement တွေဟာ ခဏလေးနဲ့ ပျက်တတ်တယ်။ အမျိုးသမီးတွေဟာ လုံခြုံရေး၊ အကြမ်းဖက်မခံရရေး၊ မြေမြှုပ်မိုင်းအန္တရာယ် ကင်းဝေးရေး၊ စားနပ်ရိက္ခာလုံခြုံရေးစတဲ့ အခြေခံလိုအပ်ချက် လုံခြုံရေးတွေကို သယ်ဆောင်လာနိုင်တဲ့ အတွေ့အကြုံတွေ ရှိတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကို တကယ်ပဲအလေးထားပြီး အ‌ကောင်အထည် ဖော်မှသာ ငြိမ်းချမ်းရေး သဘောတူညီချက်တွေဟာ ခိုင်မြဲမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

၂၀၂၀ အလွန် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး အရေးကိစ္စတွေ ပါဝင်သွားမှာဖြစ်ပြီး လက်တွေ့အကောင်အထည် ပေါ်လာဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

သူမဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုအပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖြစ် ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ရခိုင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

အမျိုးသမီးတွေ ဆိုတာ ငြိမ်းချမ်းရေးမှာ တိုက်ရိုက်သက်ဆိုင်သူတွေပါ။ သြဂုတ်လ (၂၇)ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးမှာ ဗဗ နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာက ကောက်စိုက်နေတဲ့ အမျိုးသမီးတွေ အနားမှာ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် အမျိုးသမီးလေးဦး ထဲက တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ရာမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေဟာ ထိခိုက်ခံစားရသူတွေအဖြစ် တိုက်ရိုက် ပါဝင်နေရသူတွေ ဖြစ်တယ်ဆိုတာ လက်တွေ့ပြသနေတဲ့ အချက်ပါ။

၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည် ဖော်မှု အဆင့်ဆင့်မှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆုံးဖြတ်ခွင့်၊ ပါဝင်ပြောဆိုခွင့်တွေကိုတော့ မေ့မပစ်လိုက်သင့်ပါကြောင်း။ ။

Benadeth