စက်တင်ဘာ ၂၁

ဖားကန့်မြို့နယ် အတွင်းမှ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာအမှတ် (၁၇၁၂) သည် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဖားကန့်မြို့နယ် သီတဂူစက္ခုဒါန ဆေးရုံမှ ဆင်းခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

ယင်း ပိုးတွေ့လူနာသည် စက်တင်ဘာလ(၉)ရက်နေ့တွင် ဖားကန့်မြို့နယ် သီတဂူစက္ခုဒါန ဆေးရုံတွင် (၁၂)ရက် ကြာပြီးနောက် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာခြင်းကြောင့် ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ကြောင်း ဖားကန့်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောသည်။

“ဘယ်နှခေါက်လောက်ဆိုတော့ ကျွန်တော်တို့က အရင်တုန်းက မူအရတော့ ပြန်စစ်ပါလို့ ပြောတာပေါ့နော်။ ပြန်စစ်ဆိုတော့လည်း ကျွန်တော် တစ်ခေါက်တော့ စစ်လိုက်တယ်။ ပြန်စစ်တော့လည်း Negative ထွက်သွားတယ်ပေါ့နော်။ ဒါပေမဲ့ အခုနောက်ပိုင်း မူတွေအရတော့ Positive ထွက်တဲ့သူတွေကို ပြန်မစစ်တော့ဘူး။ ဒီ သူ့ရဲ့ ရောဂါလက္ခဏာတွေ သက်သာတာနဲ့ ပေးဆင်းမယ်ဆိုတဲ့မူတွေ ချမှတ်ထားတယ်”ဟု ဒေါက်တာမင်းလွင်က ဆိုသည်။

၎င်းကို Home Quarantine ဆက်လက်ထားရှိထားပြီး ဖားကန့်မြို့နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေသူ (၅၀)ယောက်ရှိကြောင်းလည်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ (၁၇၁၂)သည် ရခိုင်ပြည်နယ်မှ လေကြောင်းလိုင်းဖြင့် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာသို့ ရောက်ရှိလာသူဖြစ်ပြီး ရောဂါပိုးရှိကြောင်း စစ်ဆေးချက်မပေါ်ပေါက်မီ ဖားကန့်မြို့နယ်အတွင်း(၂၁)ရက်ကြာ နေထိုင်ခဲ့ပြီး ၎င်းနှင့် နီးစပ်ခဲ့သူ (၈)ဦးမှာလည်း ပိုးကူးစက်ခံထားရသည်။

နူးနူးဂျာ