စက်တင်ဘာ ၂၁

ဖားကန့်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ပြည်သူများ အနေနှင့် မလိုအပ်ဘဲ အိမ်ပြင်သို့မထွက်ရန် ကချင်ပြည်နယ် Covid-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက စက်တင်ဘာလ(၂၀)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဖားကန့်မြို့နယ်တွင်းက ပိုးတွေ့လူနာအမှတ် (၁၇၁၂)နှင့် ထိစပ်ခဲ့သူ ပိုးတွေ့လူနာ(၈)ဦးမှာ အများနှင့် ထိစပ်ပြီး သွားလာနေသူများ ဖြစ်သည့်အတွက် ဖားကန့်ကို Stay at Home သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ရှင်းပြသည်။

“ဒီလိုအနေအထားမျိုးမှာ ဖားကန့်မှာလည်း ဖြစ်လာပြီဆိုတော့ ဖားကန့်ကနေပြီးတော့ ရောဂါကို ရှောင်ပြေးမယ်ဆိုပြီးတော့မှ ဖားကန့်ကနေ ဆင်းသွားတဲ့ သူတွေက နေ့စဉ်နဲ့အမျှ အများကြီးပဲ။ ဖားကန့်ကနေ ဆင်းသွားမယ့် လူတွေမှာလည်းပဲ ဒီရောဂါပိုးတွေ ကူးစက်မပါသွားဘူး လို့ဘယ်သူမှ မပြောနိုင်ဘူး”ဟု ဦးတင့်စိုးက ဆိုသည်။

ယင်းအပြင် ဖားကန့်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး မရှိခြင်း၊ Mask မတပ်ဆင်ခြင်း၊ လူစုလူဝေးလုပ်ခြင်း၊ ကျောက်ဝိုင်းများလည်း ခိုးကြောင်ခိုးဝှက် ရောင်းဝယ်ခြင်း၊ ဆိုင်ထိုင်စားသောက် လက်ခံခြင်း အပြင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များအပေါ် လိုက်နာမှု အားနည်းခြင်း တို့ကြောင့် ဝန်ကြီးချုပ်ထံ တင်ပြပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ဦးတင့်စိုးက ရှင်းပြသည်။

ဖားကန့်မြို့အတွင်းက Covid-19 စစ်ဆေးရေးဂိတ်များ အနေဖြင့်လည်း မြို့တွင်း ဝင်လာသူတွေကိုသာ စစ်ဆေးမှုများ ပြုလုပ်ခြင်း မဟုတ်ဘဲ၊ ဖားကန့်မြို့မှ ထွက်သည့် သူများကိုလည်း အမည်စာရင်းတွေကို စနစ်တကျ ကောက်ယူထားရန် မှာကြားထားပြီး ဖားကန့်မြို့အတွင်းသို့ မသမာသည့် နည်းလမ်းနှင့် ဝင်ရောက်လာသူများ ရှိသည့်အတွက်ကြောင့်လည်း ဂိတ်များကို (၂၄)နာရီ ဖွင့်နိုင်အောင် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

“တစ်ခြားသွားစရာ တောလမ်းတွေ အများကြီးရှိတယ်။ အဲဒီအတွက်စိုးရိမ်ရတယ်။ မဖြစ်မနေ သွားမယ်ဆိုရင် အဲဒီလမ်းတွေကနေ သွားလို့ ရတယ်။ အဲဒါတွေကို ထိန်းချုပ်ဖို့ကလည်း ခက်မယ်ထင်ပါတယ်”ဟု ဖားကန့်ဒေသခံ ကိုမင်းသိန်းက သုံးသပ်ပြောဆိုသည်

Stay at Home ကာလကို ရောဂါအခြေအနေပေါ် မူတည်ပြီး ဖြေလျှော့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ဖားကန့်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ(၉)ဦးရှိပြီ ဖြစ်သည်။

နူးနူးဂျာ