စက်တင်ဘာ ၂၁

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကေအိုင်အို၏ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံး (TAT)ကို ပိတ်ခိုင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏သဘောထားကို မေးမြန်းထားကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)က ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာကပြောသည်။

“မြောက်ပိုင်းတိုင်းကနေပြီးတော့မှ TAT က တရားဝင်မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ အားလုံးပြန်ဖို့ အတွက် ဆိုပြီးတော့မှ ပြောခိုင်းတာ။ ကေအိုင်အိုဖက်ကနေလည်း ဒါကတော့ အရင်အစိုးရ လက်ထက် ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းကော်မတီ(UPWC)နဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလောလောဆယ် NRPC က အစိုးရကို စာပြန်တင်ပြတာ၊ အဲဒါကို တိုင်းကနေပြီးတော့ အဲ့လို ပြောလာတဲ့အပေါ်မှာ NRPCက အစိုးရရဲ့ သဘောထားကို သိချင်တယ် ဆိုပြီးမှ မေးထားတယ်။ မေးထားတဲ့အပေါ်မှာ အစိုးရဖက်ကလည်းပဲ အခုချိန်ထိ အကြောင်း ပြန်လာတာတော့ မရှိဘူးဗျ၊ အခုလောလောဆယ်တော့ ဒီတိုင်းပဲ ငြိမ်နေတာပေါ့”ဟု ဦးလမိုင်ဂွမ်ဂျာမှ ရှင်းပြပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးဖွင့်သည့် ရည်ရွယ်ချက်သဘောတရားသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်းမှာ နည်းပညာအထောက်အကူပြုအနေဖြင့် ဖွဲ့ထားခြင်းဖြစ်ပြီး သမ္မတ ဟောင်း ဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်း ကော်မတီနှင့် တရားဝင် ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မပြီးပြတ်သေးသည့်အတွက် ထို(TAT)ရုံးကို ဆက်လက်ပြီးဖွင့်ထားရန် လိုအပ်သေးသည်ဟုမြင်ပြီး မလိုအပ်ပါကလည်း နှစ်ဖက်သဘောတူညီမှုဖြစ် လုပ်ဆောင်စေလိုပြီး တစ်ဖက်သတ်အနေဖြင့် ရှေ့ဆက်သွားမည့်ပုံစံ ဖြစ်လာမည်ဆိုလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ယုံကြည်မှု အားလျော့သွားမည်ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက ဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွားသည့်အချိန် KIO အနေဖြင့် နည်းပညာအထောက် အကူပြုအဖြစ် ကွန်ပျူတာပိုင်းနှင့် ပတ်သက်သည့် မှတ်တမ်းတင်ခြင်း၊ မှတ်တမ်းယူခြင်း၊ တခြားလိုအပ်သည့် စာအုပ် စာတမ်းများ စုဆောင်းခြင်းများ ပြုလုပ်ပေးပြီး အထောက်အကူပြုသဘောဖြင့် ဖွင့်ထားကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဖက်က စက်တင်ဘာလ (၄) ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည့်အပေါ် တပ်မတော် သတင်းမှန် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက TAT သည် ၂၀၁၃ ခုနှစ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ (UPWC)လက်ထက်က အေအိုင်အို/ ကေအိုင်အေနှင့် နှစ်ဖက်ဆက်သွယ်မှု အဆင်ပြေစေရန် ဖွဲ့စည်းထားသည့်ရုံး ဖြစ်ကြောင်း၊ သို့ရာတွင် ယခုအစိုးရ လက်ထက်တွင် NRPC အဖွဲ့ ပြောင်းလဲဖွဲ့စည်းပြီးနောက် TAT ရုံးနှင့် ညှိနှိုင်းဆက်သွယ်မှု မရှိတော့ဘဲ အလိုအလျောက်ပျက်ပြယ်သွားသည်ဟု ပြောဆိုထားသည်။

“အမျိုးသား သင့်မြတ်ရေး ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖြစ် ဇူလိုင်လ (၁၁) ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့အတွက် ယခင် MPC နဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့တဲ TAT ရုံးအဖွဲ့ရဲ့ ညှိနှိုင်းဆက်သွယ် ဆောင်ရွက်မှုများမရှိတော့ဘဲ အလိုအလျောက် ပျက်ပြားတယ်လို့ သိရတယ်။ မြစ်ကြီးနားမြို့က ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ အခု လုပ်ငန်းတွေကိုတော့ မြစ်ကြီးနားက ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)နဲ့ ဆောင်ရွက်နေတယ်လို့ သိရတယ်။ သူကအရင်ကတည်းကနေ အကျုံးမဝင်တော့ဘူးလို့ သိရတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်ဖက်မှ ယခုကဲ့သို့ TAT ပိတ်ခိုင်းတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ကေအိုင်အို/ကေအိုင်အေ အဖွဲ့က သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“TAT ရုံးနဲ့ပတ်သက်ပြီး ပိတ်တယ်ဆိုတာကို ဒီကနေ့အထိ တရားဝင်ပိတ်တယ်ဆိုတာ မသိရဘူး။ ဏဃွ ကနေလည်း ပိတ်တယ်လို့ အကြောင်း မကြားဘူး။ အစိုးရကနေလည်း ပိတ်ပြီဆိုပြီးတရားဝင် အကြောင်းကြားတာ မရှိဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

TAT ရုံးကို ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိချိန်ထိ မြစ်ကြီးနားမြို့ မနောကွင်းရှေ့တွင် ဖွင့်လှစ်ထားသည်။

အက်စတာ