ကချင်ပြည်နယ်အစိုးရမှ ဝန်ကြီးများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ထပ်မံအနိုင်ရရှိသည်။ ဝန်ကြီးအများစုသည် NLD ပါတီကိုယ်စားပြု၍ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းမည့် ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်နိုင်မည်လားဆိုသည်မှာ မည်သူကမှ အတိအကျ ပြောနိုင်ခြင်းမရှိသေးပေ။

သို့သော်လည်း ပြည်နယ်အစိုးရအဖွဲ့တွင် ပြန်လည်ပါဝင်ပါက ပြည်သူများအတွက် မည်သည့်ကဏ္ဍများကို လုပ်ဆောင်ပေးမည်လဲဆိုသည်များနှင့် ပြည်နယ်အစိုးရအဖွဲ့ ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ဆောင်ရွက်မှုများအနက် အားနည်းချက်၊ အားသာချက်များနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ရှိဝန်ကြီးတချို့၏ ပြေကြားချက်များကို ဖော်ပြလိုက်ရပါသည်။

ဦးဒါရှီလဆိုင်း (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး)

“ကျွန်တော်တို့ လက်ရှိအချိန်ကာလမှ၊ ကျွန်တော့်ကို ပြန်ပြီးမှအစိုးရအဖွဲ့မှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်လည်း အဓိက ကျွန်တော်တို့က ဒီပြည်နယ်ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်။ လက်ရှိအချိန်ကာလမှာ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်လာတဲ့အချိန်မှာ အားလုံးက ခံစားနေရတာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အနေအထားဖြစ်တယ်။ ဒီအပေါ် ဘယ်လိုကာကွယ်နိုင်မလဲ။ ဒီလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးမှ ပြည်သူတွေကို သိစေချင်တယ်။

ဘာကြောင့်လဲဆိုတော့ သဘာဝတရားကြီးက တစ်နေ့တခြား ပျက်စီးယိုယွင်းမှုကြောင့် ဒီကနေ့ ရောဂါဘယတွေ ကျရောက်နေတာက ကျွန်တော်တို့ အနေနဲ့ မသိရှိနိုင်တဲ့ သတိမထားမိလိုက်တဲ့ ပတ်ဝန်းကျင်ကနေပြီး သက်ရောက်စေတဲ့အရာတွေ ဖြစ်တယ်။ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော့်ကို ပြန်လည်ခန့်အပ်ခဲ့မယ်ဆိုရင် ပတ်ဝန်းကျင် ဆိုင်ရာကို ပြန်လည်ပြုပြင် ထိန်းကြောင်းတဲ့ လုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ချင်ပါတယ်”

ဦးနော်လီ (စည်ပင်သာယာရေးဝန်ကြီး)

“ကျွန်တော်က ဝန်ကြီးလုပ်တာ တစ်နှစ်ကျော်ကျော်ရှိသေးတာ။ အစိုးရတစ်ခုလုံးကို ခြုံကြည့် လိုက်ရင် အားရတာက ဘာလဲဆိုတော့ ဥပဒေဘောင်အတွင်းကနေ ဒီ(၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥဒေဘောင်အတွင်းကနေ ကျွန်တော်တို့ လုပ်နိုင်တဲ့ ကဏ္ဍတွေကို လုပ်ဆောင် သွားနိုင်တာပေါ့နော်။ ဒီ ဒေသဖွံ့ဖြိုးရေးအတွက် လုံခြုံရေးကောင်းတဲ့ နေရာတွေမှာ လမ်းပန်း ဆက်သွယ်ရေးတွေ ကျွန်တော်တို့ လုပ်လို့ရတယ်။ ဒီမြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကို လုပ်နိုင်တာ ပေါ့နော်။ ပညာရေး၊ ကျန်းမာရေးတွေကို အရင်အစိုးရတွေထက်ကို ဘာပဲဖြစ်ဖြစ် ပိုမိုပြီးတော့မှ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တယ်။

နောက်ပြီးတော့ ကျွန်တော်တို့ ကိုဗစ်ကာလဖြစ်နေတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ စိတ်ကိုဖြေသိမ့်နိုင်အောင် အတတ်နိုင်ဆုံး ကူညီခွင့်ရခဲ့တယ်။ အားမရတာက ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားပေမယ့်လည်း ငြိမ်းချမ်းရေးကို၊ ပေါင်းစည်းရေးလမ်းကြောင်းတွေကို မလိုက်လာတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးရအောင် မဆောင်ရွက်နိုင်တာရယ်။ နောက် ဒီ(၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ကြိုးစားတဲ့အချိန်မှာ အဆင်မပြေမှုလေးတွေ ရှိတာပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လာရင် ပြည်သူဘက်ကနေ ရပ်တည်ပြီးတော့မှ အရင်ကလိုပဲ ဒီ ပြည်သူတွေရဲ့ ခိုင်းစေထားတဲ့အတိုင်း ပြည်သူလူထုရဲ့ အကျိုးရှိတဲ့ ကဏ္ဍတွေ ဥပဒေပြုရေး ကဏ္ဍမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဇယား ၂ ထဲမှာပါတဲ့အတိုင်း ပြည်သူအကျိုးပြုတဲ့ ဥပဒေ တွေကို ကျွန်တော်တို့ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်သွားဖို့၊ နောက်ပြီးပြည်သူအကျိုးရှိမယ့် ဒေသဖွံ့ဖြိုး ရေးလုပ် ငန်းအတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လွှတ်တော်တွေမှာ အဆိုပြုပြီးဆောင်ရွက်မယ်။ အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်မယ့်ပုံစံပေါ့။

ကျွန်တော့်အနေနဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို မဲပေးလို့ အခုလိုမျိုး အနိုင်ပြန်ရတာ ဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူလူထု အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ကျွန်တော့်ကို ကျွန်တော်နိုင်တယ်လို့ မခံယူပါဘူးလို့။ အခု ကျွန်တော်နိုင်တယ်ဆိုတာက ပြည်သူလူထု အားလုံးနိုင်တာပဲ။ ဘာပဲဖြစ်ဖြစ်လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာက ပြည်သူလူထုတွေရဲ့ကိုယ်စား တက်လာရတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်နိုင်ခြင်းက ပြည်သူလူထုတွေအားလုံး နိုင်ခြင်းပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပြည်သူလူထုရဲ့ ခိုင်းစေချက်အတိုင်းပေါ့၊ ကျွန်တော်တို့ လွှတ်တော်မှာ ဆက်လက်ပြီးတော့မှ မပျက်မကွက် တာဝန်ထမ်းဆောင် သွားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြည်သူလူထုတွေကို သတင်းစကားပါးချင်ပါတယ်”

ဦးဝေလင်း (ဘဏ္ဍာအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး)

“ကျွန်တော်တို့ အစိုးရအဖွဲ့မှာ စပြီး တာဝန်ထမ်းဆောင်စဉ်က ပြုပြင်ပြောင်းလဲမှုတွေ ကျွန်တော်တို့ အများကြီး ကြိုးစားရပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှု အများကြီး ကြိုးစားတဲ့အခါမှာ အားရတဲ့အချက်လည်း ရှိတယ်။ အားမရတာလေးတွေ ဆက်လက်ပြီးတော့မှာ ကြိုးစားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။ ဆိုတော့ အားရတဲ့ အချက်လေးတွေကတော့ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ တိုင်းနဲ့ပြည်နယ်မှာ ကျွန်တော်တို့ကို ပြည်ထောင်စုကနေ ထောက်ပံ့တဲ့ ဘတ်ဂျက်တွေ ပြည်ထောင်စုကနေ ခွင့်ပြုငွေတွေကနေ ကျွန်တော်တို့ ပြည်နယ်တွေကို ဦးစားပေးလိုက် အစိုးရအဖွဲ့ကို စီမံခန့်ခွဲခွင့်တွေ အပြည့်ပေးတဲ့အတွက် ကျွန်တော်တို့ ပြည်သူလူထုရဲ့ လေးနှစ်ခွဲ ငါးနှစ်မှာ သိသာတဲ့ပြောင်းလဲမှုတစ်ခုကို ပြည်နယ်အစိုးရက တိုက်ရိုက်အနီးကပ် ကြတ်မတ်ပြီး ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် ဒါက တိုးတက်ပြောင်းလဲတယ်လို့ ကျွန်တော်တို့ သတ်မှတ်လို့ရတယ်။

အားနည်းတဲ့အချက်ကကျွန်တော်တို့အနေနဲ့အခက်အခဲ အများကြီးရှိတယ်။ အခက်အခဲ အများကြီးဆိုတာက ကျွန်တော်တို့ လေးနှစ်ခွဲ ငါးနှစ်နဲ့ အများကြီး ဆက်လက်ပြီးပြင်ဆင်ပြီး ကြိုးစားဆောင်ရွက်မယ့် အခန်းဏ္ဍလေးတွေလည်း ရှိပါတယ်။ အဲဒါက ခုနက ပြောတဲ့ ဥပဒေစိုးမိုးရေးကိစ္စတွေရှိတယ်။ မူးယစ်ဆေးဝါးကိစ္စတွေ ရှိတယ်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်အခွင့်အလမ်းတွေ ဆက်ပြီးတော့မှ ကြိုးစားရဦးမှာ ဖြစ်တဲ့အတွက် ဒါလေးတွေလည်း ကျွန်တော်တို့ အတွက် လာမယ့်သက်တမ်းမှာတော့ အဓိက အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်ဖြစ်တယ် ဆိုရင်တော့ မိမိမြို့နယ်နဲ့ ပတ်သက်သည်ဖြစ်စေ ကချင်တစ်ပြည်နယ်နဲ့ ပတ်သက်သည်ဖြစ်စေ ကျွန်တော်တို့ ပြည်သူရဲ့ မဖြစ်မနေလိုအပ်တဲ့ အရေးကြီးတဲ့အချက်တွေကို လွှတ်တော်ကနေတစ်ဆင့် ဆွေးနွေးသွားတာ တွေကိုရော ကြိုးစားသွားမှာပါ။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေကနေ ကျွန်တော်တို့ အလေးအနက်ထားပြီး လုပ်သွားမှာပါ။ အစိုးရအဖွဲ့ဖြစ် လာတယ် ဆိုလို့ရှိရင်တော့ အဓိက စီးပွားရေးနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ကျွန်တော် တို့ အများကြီး ကြိုးစားရမှာပါ။ ဒါကို အလေးအနက်ထား ဦးစားပေး ဆောင်ရွက်သွားမှာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့က စီပွားရေးကို ဦးစားပေး ကျွန်တော်တို့ အထိုက်အလျောက် အတိုင်းအတာတစ်ခုအထိ လုပ်တဲ့အတွက် စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် ဖိတ်ခေါ်ရတဲ့အချိန်မှာ အထိုက်အလျောက် အဆင်ပြေလာနိုင်တဲ့အတွက် ဒါလေးကို ကျွန်တော် ဦးစားပေးဆောင်ရွက်မယ်လို့ ဖြေကြားချင်ပါတယ်”

ဦးဇော်ဝင်း (လူဝင်မှုကြီးကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းအမြစ်ဝန်ကြီး)

“လွှတ်တော်ကိုယ်စားလှယ် သုံးနှစ်ခွဲ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာတော့ ကျွန်တော်က စီမံကိန်းဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရအဖွဲ့ကို Check and Balance လုပ်တဲ့ နေရာမှာရော၊ ဘတ်ဂျက်တွေ စိစစ်တဲ့ နေရာမှာရော ကျွန်တော် အားရကျေနပ်ခဲ့ပါတယ်။ ကျွန်တော် လုပ်သလောက် အရာမထင်ခဲ့ပေမယ့် ကော်မတီအနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော လုပ်နိုင်ခဲ့တာကိုတော့ ကျေနပ်ပါတယ် ခင်ဗျာ့။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း မေးခွန်းတွေ၊ အဆိုတွေ အများကြီးတင်ခဲ့တဲ့ အထဲမှာ တော်တော်များများတော့ ကျေနပ်အားရမှု ရှိပါတယ်။

သို့သော် မကျေနပ်ဆုံးကတော့ ကချင်ပြည်နယ် အတွက် တကယ့်ကို မရှိမဖြစ်လိုအပ်တဲ့ ဂေါက်ကွင်းကြီးကို သိမ်းဖို့၊ ပြည်သူ့ဥယျာဉ်လုပ်ဖို့ဆိုပြီး ဂေါက်ကွင်းကြီး ၄၂ဧကသုံးဖို့ အဆိုတင်ခဲ့တာနှစ်မဲနဲ့ ရှုံးခဲ့တဲ့အတွက် အဲ့ဒီနေရာက ဖြတ်သွားတိုင်း ဖြတ်သွားတိုင်း စိတ်ထဲမှာ မကျေမနပ်ဖြစ်နေရတာ တစ်ခုတော့ ရှိပါတယ်။ ဝန်ကြီးတစ်နှစ်ခွဲ တာဝန်မှာတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်လုပ်ပေးနိုင်တာတွေမှာ ရွေးကောက်ပွဲရလဒ်ကြည့်ရင်ကို မဲပေးတဲ့ရာခိုင်နှုန်းအများကြီး တက်လာတဲ့အတွက် ကျေနပ်အားရမှု ရှိပါတယ်။ လဝက ဝန်ကြီးတာဝန် ပေးရင်လည်း ပေးမယ်။ အခြားသော တာဝန်ပေးရင်လည်း ပေးမယ်။ပေးတဲ့နေရာမှာ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ပြင်ဆင်ထားပါတယ်”

Benadeth