ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည ပွင့်လင်းမြင်သာမှုအားနည်းပြီး ပြင်ဆင်ရမည်များ အများအပြားရှိကြောင်း ဥပဒေပညာရှင်နှင့် တိုင်းရင်းသားပါတီခေါင်းဆောင်များက ပြောသည်။

လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ပွင့်လင်းမြင်သာမှုနည်းခြင်းကြောင့် ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲကော်မရှင်ဥပဒေမျိူးဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဒီကော်မရှင်က ပွင့်လင်းမြင်သာမှုအားနည်းတာကိုတွေ့တယ်။ စကားပြောတာဆိုတာတွေဟာ နည်းနည်းရိုင်းတယ်။ ကျွန်တော်ကတော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို မကြိုက်ဘူး။ ဥပဒေအရ အာဏာတွေသုံးစွဲနေတာကိုလည်း မကြိုက်ဘူး။ ရွေးကောက်ပွဲကောမရှင်က ရွေးကောက်ပွဲကောမရှင်ဥပဒေကို ပြန်ပြင်ပြီးတော့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲကောမရှင်ဥပဒေမျိုး ဖြစ်ရမယ်။ တက်လာတဲ့အစိုးရကိုဘဲ သစ္စာခံတဲ့ ရွေးကောက်ပွဲကောမရှင်မဖြစ်သင့်ဘူးလို့ မှတ်ချက်ပေးချင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကဆိုသည်။

အဓိကမှားယွင်းတာက ရက်ပေါင်း ၉၀ နေထိုင်သူဖြစ်ပါက ရွေးကောက်ပွဲတွင် မဲထည့်ပိုင်ခွင့်ပေးလိုက်ခြင်းသည် ကချင်ပြည်နယ်ဒေသခံများအတွက် အခက်အခဲဖြစ်သည့်ကိစ္စဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းသည် လူဦးရေနည်းသည့်ပြည်နယ်များတွင် အဓိကပြဿနာဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။

“ဒါတွေက ပြည်မကနေ လုပ်ငန်းနဲ့လာတဲ့သူတွေက အားလုံးထည့်တယ်။ အထူးသဖြင့် NLD က အစိုးရဖြစ်နေတဲ့အချိန်မှာ ကုမ္ပဏီတွေနဲ့ ဆက်စပ်တဲ့ဟာတွေ အားလုံးက ကျွန်တော်တို့ပြည်နယ်မှာရောက်နေတယ်။ နောက်တစ်ချက်ကတော့ စစ်တပ်ပေါ့နော် စစ်တပ်က အလွန်တရာမှများပြားလှတဲ့ စစ်သားတွေက နယ်မြေတွေမှာချထားပြီးတော့ လူဦးရေနဲ့ ကျွန်တော်တို့ဒေသခံတွေကို အနိုင်ကျင့်သလိုမျိုးဖြစ်နေတယ်” ဟု ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။

ထို့ကြောင့်ပထမဦးဆုံး အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်မရပါက အသစ်ပြန်ရေးဆွဲရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက မျှတသည့် နိုင်ငံရေးစနစ် ဖြစ်လာနိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြည်လည်း မည်သည့်အခါမှ ငြိမ်းချမ်းမည်မဟုတ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်းရရှိရန် မဖြစ်နိုင်ကြောင်း ထိုကြောင့် အနာဂါတ်တွင် လွတ်လပ်ပြီးမှ တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်သည် အရေးကြီးပြီး ပါတီများကလည်း လုပ်ဆောင်များအားလုံး ပွင့်လင်းမြင်သာစွာလုပ်ဆောင်ရန် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောသည်။

“ကျွန်တော်တို့ရဲ့ဘဝတွေ၊ ကချင်တွေရဲ့တည်တံ့မှုအတွက် တိုက်ပွဲဝင်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ဒီလိုပဲဖြစ်မှာပါ။ ရွေးကော်ရော၊ အစိုးရရော၊ အခြေခံဥပဒေရော အားလုံးအရေးကြီးပါတယ်။ ဒါကြောင့်တိုင်းရင်းသားလူထုတွေ အားလုံးက ဒါကို တစ်ညီတစ်ညွတ်တည်းသွားဖို့ လုပ်ဖို့လိုအပ်တယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ဦးကွမ်ဂရောင်အောင်ခမ်းကပြောသည်။

မဲမထည့်သည့် ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးခြင်း ဖြစ်ပေါ်စေပြီး မိမိတိုင်းရင်းသားလူမျိုး၏ ရေးရာနေရာကို မဲထည့်ခွင့်မရခြင်းက ရွေးကောက်ပွဲကော်မရှင်၏ စီစဉ်ဆောင်ရွက်မှု၊ ကွပ်ကဲဦးဆောင်မှုသည် အားနည်းမှုများကြောင့် ငါးနှစ်မှတစ်ကြိမ်ရသည့် အခွင့်အရေးကို ဆုံးရှုံးရကြောင်း လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း (ခ) ဆီဖာလာလူးက ပြောသည်။

“ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကနေ လုပ်ဆောင်မှုတွေ တော်တော်လေး အားနည်းချက်တွေရှိတယ်။ ပြည်သူတွေက ဒါကို တော်တော်လေးမကျေမလည် ဖြစ်နေကြတယ်။ ငါးနှစ်မှာသာ တစ်ကြိမ်ရရှိတဲ့ နိုင်ငံရေးအခွင့်အရေးကို ဆုံးရှုံးရတယ်။ သူတို့ထုတ်ထားတဲ့ ဥပဒေကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ အခုကျင့်သုံးနေတဲ့ မဲစာရင်းကိုအခြေခံပြီး မဲထည့်ရတဲ့ပုံစံက တော်တော်လေး အားနည်းချက်ရှိပါတယ်” ဟု ဦးရွှေမင်း (ခ) ဆီဖာလာလူးက ရှင်းပြသည်။

 မွန်းမွန်းပန်