တရုတ်တစ်သျှူးငှက်ပျော ကျင်စားလုပ်သားတွေရဲ့ အခက်အခဲ

0
1028

အခုလိုငှက်ပျော ခုတ်တဲ့ ရာသီရောက်လာတဲ့အချိန်မှာ တစ်သျှူးငှက်ပျောခြံမှာ လုပ်ကိုင်နေတဲ့ ကျင်(သုံးကျင် = တစ်ပိဿာ) စား အလုပ်သမားတွေဟာ အလုပ်ရှင်တွေနဲ့ ဝယ်လက်တွေရဲ့ ခေါင်းပုံဖြတ်တာ အများစုခံနေကြရပါတယ်။

ကျင်စား လုပ်ကိုင်တဲ့သူတွေဟာ ငှက်ပျော စစိုက်ကတည်းက ခြံရှင်းတာ၊ ဆေးဖြန်းတာ၊ အပင်ကို ပြုစုတာတွေကို တစ်နှစ်ပတ်လည်ထိ လုပ်ကိုင်ကြရတာပါ။ သူတို့အတွက် ငွေပေါ်မယ့်အချိန်ကတော့ ငှက်ပျေားသီးခူးတဲ့အချိန်ပါပဲ။ ခြံတစ်ခြံကထွက်ရှိတဲ့ ငှက်ပျောခိုင်တွေကို အလေးချိန်မှတ်ပြီး ဖာတွေထည့်ပြီး တရုတ်ပြည်ထိ သယ်ယူကြတာပါ။ အဲဒီအချိန်မှာ ငှက်ပျောတစ်ခိုင်ရဲ့ အလေးချိန်ပေါ်မူတည်ပြီး ကျင်စားတွေက ပိုက်ဆံရပါတယ်။

ကျင်စားဆိုတာက တရုတ်ဖက်က တွက်ချက်ပုံပါ။ မြန်မာလိုတွက်ရင် သုံးကျင်ကို တစ်ပိဿာ ဖြစ်ပါတယ်။ ကျင်စားသမားတွေ ပြောပုံအရတော့ အသီးလှတဲ့ အခိုင်တစ်ခိုင်မှာ (၂၇) ဖီးလောက်ပါတယ်လို့ ပြောပါ။ (၂၇)ဖီးရဲ့ အလေးချိန်နဲ့ တွက်ဆကြည့်မယ် ဆိုရင် ကျင်စားသမားတွေက တစ်ခိုင်ကို (၁၅၀၀)ကျပ်လောက်ရပါတယ်။

ပထမဦးဆုံးပြဿနာက ဝယ်လက်တွေက သူတို့မလိုချင်တဲ့ ငှက်ပျောသီးတွေ ပယ်တာပါ။ တချို့ဝယ်လက်တွေအနေနဲ့ အရမ်းပယ်လွန်းတဲ့အခါ ကျင်စားသမားတွေ ရသင့်ရထိုက်တဲ့ ငွေတွေ မရတော့ပါဘူး။ ပယ်တဲ့အသီးအတွက် ကုမ္ပဏီဖက်ကလည်း ကျင်စားသမားတွေက တစ်ကျပ်တစ်ပြားမှ မပေးပါဘူး။ ဒီအသီးတွေ ဖြစ်လာဖို့အတွက် ကျင်စားသမားတွေ စိုက်ပျိုးပြုစုခဲ့ရတာပါ။

“ငှက်ပျောသီးတွေ တအား အပယ်ခံရတော့ တအားနစ်နာတယ်။ အဲ့ဒီလောက်ကြီး မပယ်စေချင်တာပေါ့။ ကျွန်တော်တို့ ကျင်စားတွေအနေနဲ့ စကားများပြီးတော့ တစ်ဝက်လျော်ပေးတယ်။ ကျွန်တော်တို့အတွက် မကိုက်ညီတဲ့အခါကျတော့ ပယ်တဲ့ဟာကို ချေလိုက်တယ်”လို့ ကသာမြို့နယ်ကနေ ဒိန်ဂျာယာန်ကျေးရွာ ငှက်ပျောခြံတစ်ခုမှာ လာရောက်လုပ်ကိုင်တဲ့ ဦးသိန်းကျော်က ပြောပါတယ်။

ဒါ့အပြင် ခြံပိုင်ရှင်တွေက မြေသြဇာတွေကို အသုံးပြုပြီး လုပ်ကိုင်ခဲ့ပေမယ့်လည်း အသီးမထွားတာတွေ၊ အသီးပုတာတွေ အတွက်လည်း ကျင်စားတွေကို အလုပ်သမားကြေး မပေးတဲ့အပြင် နစ်နာကြေးတွေလည်း အပြည့်အ၀ မရရှိကြပါဘူး။

“ငှက်ပျောသီးပုတဲ့ဟာလည်း မယူပေးဘူး။ အသီးကြီးသွားလည်း မယူဘူး။ သေးသွားလည်း မယူဘူး။ ကျွန်တော်တို့ သေးရတဲ့ အကြောင်းအရင်းကတော့ ဆေးသုံးတာ နည်းပါးတဲ့အတွက် ဒါမျိုးဖြစ်တာ။ ဆေးကို လုံလောက်စွာ မလုပ်ပေးဘူး။ မထုတ်ပေးဘူး။ အပင်က ဆောင်းတွင်းရောက်နေတာတောင် အပင်အရွက်တွေက ခြောက်နေတယ်။ အဲ့ဒါ ဆေးလုံလောက်မှု မရှိတာကြောင့် ခြောက်တာဟုတ်တယ်။ ကျွန်တော်တို့ နစ်နာမှုရှိပါတယ်”လို့လည်း ကျင်စားလုပ်သား ဦးသန်းဇော်က ရှင်းပြပါတယ်။

နောက်ထပ် ကျင်စားလုပ်သား တစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်မိုးကလည်း သူစောင့်လျှောက်ထားတဲ့ ခြံက ကား (၅)စင်းစာလောက်ထွက်လာပြီး အနည်းဆုံးကားတစ်စင်းစာ ပယ်ခံချခံရရင် သိန်းဆယ်နဲ့ချီပြီး ဆုံးရှုံးနစ်နာမှာကို စိုးရိမ်နေပါတယ်။

“အပယ်ခံရတာတော့ တစ်စီးစာလောက်တော့ သွားမှာပဲ။ ဒီနှစ်ကတော့ ဖာငါးရာကျော်လောက်ကတော့ နစ်နာသွားပြီ။ ဒါတောင် ဖာဆိုတာ ကျင်ကြီး ကျင်သေး ရှိသေးတယ်။ ဆယ့်တစ်ကြိမ် ကျင်တဲ့ဟာလည်း ရှိတယ်။ ဆယ့်နှစ်ကြိမ် ကျင်တဲ့ဟာလည်း ရှိတယ်။ သိန်းနှစ်ဆယ်လောက် လုပ်အားခ ဆုံးရှုံးတယ်လို့ ပြောလို့ရတယ်။ ဒီနှစ်ဆိုရင် ကျွန်တော်တို့ ကျင်စားသမားတွေ အတွက်ကတော့ မျှော်လင့်ချက်မရှိဘူးလို့ ပြောကြရမယ်”လို့ ကိုကျော်ဇင်မိုးက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကိုကျော်ဇင်မိုးဟာ မနှစ်တုန်းကလည်း အခုလို အပယ်ခံခဲ့ရတာကြောင့်  စားပြီးသောက်ပြီး လက်ထဲ ငွေအနည်းငယ် ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

“အခိုင်ရေ (၁၀၀) ကျော်လောက်ပဲ ခုတ်ရမယ့်ဟာကို အခိုင်ရေ(၇၀) လောက်ပဲ ခုတ်ရသေးတယ်။ ပယ်ကုန်ကတော့ (၃၀)ကျော်လောက် ပယ်လိုက်တယ်။ ကျွန်မတို့က အခိုင် (၇၀)ဆိုရင် ဖာတစ်ရာ့လေးဆယ်ရတယ်။ ဖာတစ်ရာ့လေးဆယ် မရဘဲနဲ့ တစ်ရာ့နှစ်ဖာပဲ ရတယ်။ အပယ်ကုန် တအားများသွားလို့ပါ။ ကျန်တဲ့ဟာတွေ အကုန်ဆုံးရှုံးသွားတယ်”လို့လည်း ကျင်စား အမျိုးသမီးလုပ်သား မသင်းသင်းမော်က ဆိုပါတယ်။

ကျင်စားလုပ်သားတွေ ပြောဆိုချက်အရ ဒိန်ဂျာယန်ဖက်က ငှက်ပျောခြံတွေဟာ ဒီနှစ်ပိုင်းမှာ အသီးအထွက်နှုန်းတွေ နည်းလို့ ကျင်စားသမားတွေ နစ်နာရတဲ့အပြင် အခုလိုမျိုး ရောင်း/ဝယ် ပြုလုပ်တဲ့အချိန်မှာလည်း ပယ်သီးတွေ အများကြီးထွက်၊ မိအေးအကြိမ်ကြိမ်နာသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အခုကျွန်တော်တို့က လောပန်းတို့ လုပ်ခိုင်းတဲ့အတိုင်း လုပ်ပေးရက်သားနဲ့ ငှက်ပျောလေး ပုတာကတော့ ကျွန်တော်ကတော့ မတတ်နိုင်ဘူး။ လောပန်းတို့ ပြောသလို ကျွန်တော်တို့ရော အဆ(၁၀၀)မက လှစေချင်တယ်။ ဒါပေမဲ့ လုပ်ပေးရက်သားနဲ့ မရတာတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ အပေါ်ဆုံးအဖီးတွေရယ်၊ အောက်ဆုံးအဖီးတွေရယ် သူတို့က ပယ်တယ်။ နှစ်ဖီး သုံးဖီးလေးပဲ ယူလိုက်တယ်ဆိုတော့ စိတ်ကြိုက်ကို ယူလိုက်တယ်။ ကျန်တာ အားလုံး ပယ်ခံရတော့ အခိုင်က ဘယ်လောက်မှ မရတော့ဘူး”ဟု ကျင်စားလုပ်သား ဦးသိန်းထွန်းက ပြောဆိုပါ။

ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စစ်တမ်းကောက်ယူချက်အရ ကချင်ပြည်နယ်အတွင်းမှာ တရုတ်တစ်သျှူးငှက်ပျောစိုက် ကုမ္ပဏီ(၃၀)ကျော်လောက်နဲ့ စိုက်ဧက(၁၇၀ယ၀၀၀) လောက်ရှိပြီး ငှက်ပျောလုပ်သားတွေကတော့ (၂)သိန်းလောက်အထိ ရှိနေပါတယ်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here