လာမည့်အစိုးရသစ်အပေါ် သူတို့၏ မျှော်လင့်ချက်များ

0
224

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ရမည့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်စ၍ စတင်ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် လွှတ်တော်အကြီးအကဲများ၊ နိုင်ငံတော်အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်အပေါ်  ပြည်သူများ၏ မျှော်လင့်ချက်များကို ဖော်ပြလိုက်ရပါ သည်။

ဦးစားဂျီ (ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) အထွေထွေအတွင်းရေးမှူး)

“ပထမအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပထမဦးစားပေး လုပ်တာတော့ ကောင်းတာပေါ့။ တိုင်းရင်းသားတန်းတူ အခွင့်အရေး ဖက်ဒရယ်ပုံစံ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဘက်ကို စောင်းပေးပြီးမှ ပြုပြင်ပြောင်းလဲမှု လုပ်တာ အကောင်းဆုံးပဲလို့ ပြောချင်တယ်။ ပြည်သူတစ်ဦးအနေနဲ့ ဖြစ်ခိုင်းစေချင်တာပေါ့။ တခြား ကြီးကြီးမားမား မျှော်လင့်တာတာ့ မရှိပါဘူး။ ကချင်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သဘာဝသယံဇာတဆိုင်ရာ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲပိုင်ခွင့်၊ အကောက်အခွန်နဲ့ အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှု  ပြည်နယ်မှာရအောင် တောင်းဆိုရင်တော့ အကောင်းဆုံးပေါ့။ ပြည်နယ်ရပိုင်ခွင့် အခွင့်အရေး ရရှိအောင်။ အဓိက အစိုးရသစ် ပြောင်းလဲလာပြီဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပြည်ထောင်စုစနစ်ဆိုရင် ပြည်နယ်မှာ ရပိုင်ခွင့်ပေါ့ ဖက်ဒရယ်စနစ် အများကြီး လိုအပ်တယ်။ တိုင်းရင်းသားဒေသ ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲမှုနဲ့ လယ်ယာ၊ မြေ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိုယ့်ပြည်နယ်ကိုယ်၊ ကိုယ့် ကံကြမ္မာကို၊ ကိုယ့်ဖန်တီးခွင့်ကို ဦးစားပေး၊ စောင်းပေးပြီးမှ ဆွေးနွေးမယ်။ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး၊ တန်းတူအခွင့်အရေး ပြည်ထောင်စု ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးရေးကို ရရှိနိုင်မယ်ဆိုတာ ပြောချင်တယ်။

ဦးတူးခေါင်(မြစ်ဆုံဒေသခံ)

“မြစ်ဆုံဒေသခံတစ်ဦး အနေနဲ့ ပြောချင်တာကတော့  ကျွန်တော်တို့ မြစ်ဆုံစီမံကိန်း လုံးဝကို ရပ်တန့် စေချင်တယ်။ ဒါက အမြဲတမ်း ကျွန်တော်တို့ ပြောနေတဲ့ဟာလည်း ဖြစ်တယ်။ ထာဝရရပ်တန့် စေချင်တယ်။ ဒေသခံ ပြည်သူလူထုရဲ့ အခွင့်အရေး၊ ပိုင်ဆိုင်မှု အခွင့်အရေး၊ ကိုယ့်ရဲ့နယ်မြေဒေသကို ပြောချင်တာ ဟုတ်တယ်။ အဲ့ဒီဟာတွေကို တန်ဖိုးထားရမယ်လို့ ထင်တယ်။ အစိုးရသစ်လက်ထက်မှာ မြစ်ဆုံစီမံကိန်းကို လုံးဝရပ်တန့်စေချင်တယ်။ ဒေသခံ ပြည်သူလူထုရဲ့ နဂိုပိုင်ဆိုင်တဲ့ နယ်မြေ၊ဒေသတွေကို ပိုင်ဆိုင်ခွင့် အခွင့်အရေးကို ပေးစေချင်တယ်။ ဒါမှ ပြည်သူလူထုရဲ့ ဆန္ဒအရ ရွေးကောက်တင်မြောက်တဲ့ ပြည်သူ့အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ သဘောထားကို လေးစားစေချင်တာပေါ့”

ဒေါ်မလန်တောမ် (စစ်ရှောင်ပြည်သူ)

“စစ်ဖြစ်လာတဲ့အချိန် မပြေးချင်ပေမယ့် သူများတွေ အကုန်ပြေးကုန်တော့ ပြေးခဲ့ရတယ်။ အသက်လည်း အခု(၈၃)နှစ်ထဲ ရောက်ပြီ။ အခု ဒီမှာက ကိုယ့်မွေးရပ်လည်း မဟုတ်ဘူး။ ဘဝတစ်လျှောက်လုံး အခုလို ကုန်ဆုံးသွားမှာတော့ မလိုလားဘူး။ ဖြစ်နိုင်ရင် ကိုယ့်မွေးရပ်ဖြစ်တဲ့ ဂါးရားယန်ကို ပြန်ချင်တယ်။ ဒါကြောင့် စိတ်ထဲမှာလည်း သောက်ဖို့၊ စားဝတ်နေရေးက အဆင်ပြေပေမဲ့ အခုဒီမှာက ကိုယ့်ဇာတိလည်း မဟုတ်တဲ့အခါကျတော့ မပျော်တော့ စိတ်ထဲမှာ ခံစားရတယ်။ ငြိမ်းချမ်းရေးကိုပဲ လိုလားတော့တယ်။ စစ်မဖြစ်ဘဲနဲ့ ကိုယ့်မွေးရပ် မြေလေးမှာ ကိုယ်ပိုင် အုပ်ချုပ်ပြီး လုပ်ကိုင်စားသောက်တဲ့ အခွင့်အရေးကို ပြည့်ပြည့်၀၀ရတဲ့ အချိန်ကိုပဲ တောင်းဆိုချင်တယ်။ ခြောက်ခြားထိတ်လန့်တာတွေ မရှိဘဲနဲ့ လုံခြုံစွာ သွားလာခွင့်လေးတွေပေါ့။ အသက်ကြီးပြီဆိုတော့ ပျော်ပျော်ပဲ နေချင်တော့တယ်။ ဒီမှာပဲ နေပြီး ခက်ခက်ခဲခဲနဲ့ မသေချင်ဘူး။ ကိုယ့်မွေးရပ်မြေလေးမှာ ခမ်းခမ်းနားနားနဲ့ပေါ့။ ဒီမှာက သေသွားရင်လည်း ဆွေမျိုးတွေ ရောက်ဖို့လည်း ခက်တယ်။ အခုဖြစ်နေတဲ့ ရောဂါကြောင့်လည်း ရောက်ရခက်မယ်။ အခုတော့ မသေသေးဖို့ ဆုတောင်းရင်း နေနေပါတယ်။ အဖိုးနဲ့အဖွားက ကိုယ့်ရဲ့ မွေးဇာတိရပ်လေးမှာပဲ သွားကုန်ဆုံးဖို့ မျှော်လင့်တယ်”

မလဇိန်ခေါန်ရှောင် (စစ်ရှောင်ပြည်သူ)

“အခုဆို အသက်ကတော့ (၁၇)နှစ်ရောက်ပြီ။ ဆယ်တန်းအောင်ထားပါတယ်။ ကိုယ့်မွေးရပ်ကို ပြန်မယ်ဆိုရင်လည်း ပညာရေးက နောက်ကျမယ်။ ကျောင်းတွေ၊ အိမ်တွေ ပြန်ဆောက်ဆိုတော့ အချိန်ကြန့်ကြာပြီး ပညာရေး နောက်ကျမှာ စိုးရိမ်တယ်။ ပြန်သွားတဲ့ အချိန်မှာ စစ်ရှောင်ပြည်သူတွေအတွက် ကျောင်းတက်ဖို့ အဆောင်၊ နေထိုင်ရေးအတွက် စီစဉ်ပေးစေချင်တယ်။ ကျောင်းတက်နေတဲ့ သူတွေအတွက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ပြီး အပြည့်အ၀ တာဝန်ယူပေးတာတို့ တောင်းဆိုချင်တယ်။ မွေးရပ်မြေကိုတော့ မိဘ၊ လူကြီးတွေ ပြန်ပြီး လိုအပ်တဲ့အရာတွေကို စီစဉ်မယ်။ ကျောင်းတွေ စသဖြင့် အကုန်အဆင်ပြေပြီဆိုမှ ကျောင်းတက်နေဖို့ ပြန်ပေါ့။ အဲ့ဒီလိုလေး တောင်းဆိုချင်တယ်။ ပညာရေးက ကျွန်မတို့အတွက် အရမ်းအရေးကြီးတယ်။ အခုဆို ပညာရေးကလွဲပြီး ဘာမှ မလုပ်တတ်ဘူး။ ဟိုမှာနေရင်တော့ အလုပ်ကြမ်းတွေ၊ စိုက်ပျိုးမွေးမြူရေးတွေ အကုန်တတ်မှာ။ ဆိုတော့ အခု ပညာရေးကိုပဲ ကောင်းအောင် သင်ကြားစေချင်တယ်။ အိမ်ပြန်မယ်ဆိုရင်လည်း  လုံခြုံမှုတွေရရှိပြီး၊ ပညာရေးလည်း နောက်မကျချင်ဘူး။ ကိုယ့်လယ်ယာမြေမှာ လုပ်ကိုင်စားသောက်ခွင့်ကိုလည်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လေး ရရှိချင်ပါတယ်”

မထွယ်ဆန် (မြစ်ကြီးနား ပြည်သူ)

“ကျွန်မတို့ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်နေပေမယ့် ဒီမိုကရေစီနိုင်ငံနဲ့ တူညီသ ယောင်ဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ အလှမ်းဝေးနေတယ်လို့ပဲ မြင်နေမိတယ်။ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုနိုင်တယ်ဆိုတာထက် ရေးသားထုတ်ဖော် ပြောဆိုခြင်းဟာ ထောင်နှုတ်ခမ်းဝကို ရောက်ချင်လားဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်နေပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်သူ့အသံကို နားထောင်ပြီး ရှေ့ဆက်မယ်၊ ပြည်သူတွေ့ရဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုမှုကို လက်ခံ၊ကာကွယ်ပေးမယ်ဆိုရင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း တစ်စိတ်တစ်ဒေသ ပါဝင်နိုင်မှာ ဖြစ်တယ်။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုနိုင်ဖို့ ပြည်သူတွေကို ကာကွယ်ပေးနိုင်တဲ့ တိကျရှင်းလင်းတဲ့ ဥပဒေတွေကို ပြဌာန်းပေးဖို့ တောင်းဆိုချင်ပါတယ်”

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here