‌လာမည့် လွှတ်တော်သစ်အတွက် အနိုင်ရကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ

0
303

တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ဇန်နဝါရီ ၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည်ပြုခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လွှတ်တော်သစ်ကို တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်အရာများ ပြင်ဆင်ထားသလဲဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့၏ အသံများကို ဖော်ပြလိုက်ရပါသည်။

အောင်ဟိန်းမင်း (ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ပြင်ဆင်မှုကတော့ သုတေသနအဖွဲ့လေး ဖွဲ့နေတယ်။ ကိုဗစ်နဲ့ဆိုတော့ လှုပ်ရှားဆောင်ရွက်ဖို့ မရသေးဘူး။ ဘာတွေလုပ်မလဲဆိုတော့ ဒီဒေသရဲ့ လိုအပ်ချက်တွေကို စစ်တမ်းလုပ်တာတွေ ရှိမယ်။ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်း အဖြေရှာတာတွေ ရှိတယ်။ ပြီးတော့ လွှတ်တော်ကနေတစ်ဆင့် ပြောရမယ့်ကိစ္စဆိုရင် လွှတ်တော်ကနေပြောမယ်။ ဌာနဆိုင်ရာတွေနဲ့ ဖြေရှင်းပေးရမယ့်ဟာဆိုလည်း ဌာနဆိုင်ရာတွေနဲ့ ဖြေရှင်းပေးမယ်။ ကျွန်တော်တို့ သုတေသနအဖွဲ့တော့ ဖွဲ့ပြီးပြီ။ စေတနာ့ဝန်ထမ်း ခေါ်ပြီးတော့ သုတေသနလုပ်ခိုင်းတဲ့ အစီအစဉ် ရှိတယ်။ မြေပြင်မှာကွင်းဆင်းရမယ့် အခြေအနေတွေပါတယ်။ ကိုဗစ်အချိန်ဆိုတော့၊ ဂိတ်တွေပိတ်ထားတော့ လှုပ်ရှားလို့မရသေးဘူး။ အဲ့ဒါတော့ လက်ရှိ ပြင်ဆင်ထားတဲ့အပိုင်းပေါ့။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံဉာဏ်ပေးနိုင်အောင် ဥပဒေအထောက်အကူပြုအဖွဲ့ကိုလည်း ပြင်ဆင်နေတယ်။ (၅)နှစ်စာမှာ လုပ်ဆောင်သွားမယ့် အစီအစဉ်တော့ ပထမနှစ်မှာ ဘယ်ဟာတွေလုပ်သွားမယ်ဆိုတဲ့ ယေဘုယျတော့ ရှိတယ်။ တချို့(၅)နှစ်သွားမယ့် အစီအစဉ်တော့ ပါတီဗဟိုရဲ့မူနဲ့ လိုက်ရမယ့် အနေအထားမျိုးတော့ ရှိတာပေါ့”

ဒေါ်လရှန်ဘန်ထွယ် (ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ကျွန်မအနေနဲ့ ပထမခြေလှမ်းအနေနဲ့ သောက်သုံးရေရရှိရေးနဲ့ မီးရရှိရေးတွေကို စတင်လုပ် ဆောင်သွားဖို့ ရှိပါတယ်။ ကျေးရွာတစ်ခုနဲ့တစ်ခု၊ ဒေသတစ်ခုနဲ့တစ်ခုတော့မတူဘူး။ ပြီးတော့ အမျိုးသား အခွင့်အရေးကို လွှတ်တော်ထဲ ဆွေးနွေးသွားမယ့် အချိန်မှာလည်း ဘာပဲဖြစ်ဖြစ် တာဝန်ရှိပြီဖြစ်တဲ့အတွက် တင်ပြဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”

ဒေါက်တာတူးဂျာ (အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ်အမှတ် ၁)

“ပြည်နယ်လွှတ်တော်ထဲမှာဆိုတော့ ပြည်နယ်အတွင်းဘာတွေ လိုအပ်သလဲ။ မဲဆန္ဒနယ်ကနေ ရွေးချယ်ခံထားရတယ်ဆိုတော့ ကချင်ပြည်နယ်အတွင်းက တင်ပြသွားစရာကို တင်ပြသွားမယ်။ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေ တင်ပြဆွေးနွေးသွားမယ်။ ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်သလဲဆိုတာ သိထားပြီး သားဆိုတော့ လွှတ်တော်စတဲ့အချိန် တင်ပြပေးသွားမယ်။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့အရာတွေ တင်ပြသွားဖို့ရှိပါတယ်”

ဦးတင့်စိုး (ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ်အမှတ် ၁)

“ကျွန်တော့်မဲဆန္ဒနယ်က ရှဒူးဇါပ်ကနေ မှော်စီစာအထိပေါ့။ အဲဒီအထဲမှာ ရှေဒူးဇွပ်ဆိုရင်လည်း ရွှေကျင်း၊ ပယင်းကျင်းတွေ ရှိတယ်။ အဓိကကတော့ ဒေသဖွံ့ဖြိုးရေးပါပဲ။ ကိုယ့်ဒေသကိုယ် တိုးတက်စေချင်တယ်။ အဲဒီအတွက်ကိုပဲ အဓိကအလေးပေးပြီး ဆောင်ရွက်သွားမှာပါ”

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here