ဆန္ဒပြလူထုနှင့် လုံခြုံရေးတပ် အကြား ပဋိပက္ခမဖြစ်စေရန် PCG မှ ညှိနှိုင်း ပေး

0
331

ဖေဖော်ဝါရီ ၁၀

မြစ်ကြီးနားမြို့အတွင်း ဆန္ဒပြလူထုနှင့် လုံခြုံရေးတပ်အကြားပဋိပက္ခဖြစ်ပွားမှု မရှိစေရန် ငြိမ်ချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG )မှ ညှိနှိုင်းမှုများ ပြုလုပ်ပေးလျက်ရှိသည်။

လက်ရှိအာဏာသိမ်း တပ်မတော်ဘက်မှ ရာဇဝတ်ကျင့်ထုံးပုဒ်မ -၁၄၄အရ ထုတ်ပြန်ထားသည့် လူ (၅)ဦး (သို့) ၅ ဦးထက်ပိုမစုရ အမိန့်ကို ဖြေလျှော့ပေးရန်၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို တားဆီးမှုများ မပြုလုပ်ပေးရန်နှင့် တပ်မတော်မှ တားဆီးပိတ်ပင်မှုများကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရန် ညှိနှိုင်းပေးကြောင်း PCG ပြောရေးဆိုခွင့်ရှိသူ ဦး လမိုင်ဂွမ်ဂျာက ပြောသည်။

“ဘယ်သူမှ တာဝန်ပေးလို့မဟုတ်ဘူး။ PCG ဆိုတာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဖြစ်တယ်။ ပြည်သူကိုယ်စား ဖြစ်တာကြောင့် ပြည်သူနဲ့ဆိုင်လာရင် နှစ်ဖက် ညှိနှိုင်းပေးတဲ့အနေနဲ့ volunteerအနေနဲ့ လုပ်နေတဲ့ အရာဖြစ်တယ်”ဟု ဦး လမိုင်ဂွမ်ဂျာက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ် ဆန္ဒပြမှုကို ဖေဖော်ဝါရီလ (၈)ရက်နေ့က စတင်ခဲ့ပြီး ဒုတိယမြောက်နေ့ ဖေဖော်ဝါရီ (၉)ရက်နေ့မှ စ၍ လုံခြုံရေးတပ်များ တားဆီးပိတ်ပင်မှုရှိခဲ့သည်။

နယ်ပယ်စုံမှ ပါဝင်သော မြစ်ကြီးနားလူထု ဆန္ဒပြမှုကို မနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ လှည့်လည်ဆန္ဒပြလျက်ရှိသည်။

ပြည်သူလူထုမှ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွင် လုံခြုံရေးတပ်နှင့် ပြည်သူအကြား ပြသနာများ ဖြစ်ပွားမှု မရှ်စေရန် PCG အဖွဲ့ အနေဖြင့် ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်သွားပေးမည် ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here