တိုက်ပွဲဖြစ်ပွားရာ မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် (၆) ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လျက်ရှိ

0
177

ဧပြီ၊၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ယနေ့ မတ်လ (၂၉) ရက်နေ့ထိ စစ်ကောင်စီတပ်များမှ လေယာဉ်များဖြင့် (၆) ရက်တိုင် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မြို့သစ်ကျေးရွာ နှင့် ဆီဟတ်ကျေးရွာကြားရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား စစ်ကောင်စီမှ လက်နက်ကြီး/ ငယ်များအပြင် လေယာဉ်များဖြင့် ထိုးစစ်ဆင်ကာ မရပ်မနား ပစ်ခတ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“လေယာဉ်က တစ်စီးပြီးတစ်စီး ဆက်တိုက်လာပစ်နေတာ (၃)၊ (၄) စီးတော့ရှိပြီ။ အပေါ်ကလည်းပစ်၊ အောက်ကလည်းပစ်နဲ့ ထိုးစစ်ဆင်တာတော့ မရပ်မနားဘဲ” ဟုအထက်ပါ ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်မှ စစ်အင်အားများ ထပ်မံတိုးချဲ့လျက်ရှိပြီး စစ်အင်အားအလုံးအရင်းဖြင့် ပစ်ခတ်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် အလောဘွမ်တောင်ခြေတွင် တည်ရှိသည့် စစ်ကောင်စီတပ်၏ တပ်စခန်း တစ်ခုအား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းအချိန်တွင် သိမ်းပိုက်ရယူခဲ့ကြောင်းလည်း သိရသည်။

” မနေ့ကတော့ အလောဘွမ်သွားတဲ့ လမ်းမှာရှိတဲ့ ရှန်တွမ်ဘွမ် ကို KIA ဘက်က နံနက် (၆) နာရီမှာ သိမ်းလိုက်တယ်။ ဒါပေမယ့် အဲ့ဒီမှာ စခန်းချရင်အဆင်မပြေဘူးဆို‌လို့ KIA ဘက်က စခန်းချထားတာတော့ မရှိဘူး။ စစ်ကောင်စီဘက်က ပြန်ထိုင်မလားတော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသသည် ကချင်လွတ်လပ်ရေးတပ်‌မတော် (KIA)တပ်မဟာ (၅) လက်အောက်၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၅) တို့ တည်ရှိရာနေရာဖြစ်ပြီး မိုးမောက်မြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်ကာ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန် နေသည်မှာ ယနေ့ထိ (၆) ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here