ပူတာအိုခရိုင်ဒေသအတွင်း ရွှေနှင့် သယံဇာများ တူးဖော်ခြင်းမပြုရန် ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ စာထုတ်

0
4561

မေ၊၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဒေသတွင်းရှိ မလိခမြစ်နှင့် မြစ်လက်တက်များဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ ဖတ်ခ၊ ရင်ခ၊ တန်ခ အစရှိသည့် နေရာများ၌ ရွှေနှင့် အခြားသဘာဝသယံဇာတများကို စက်ယန္တရားများဖြင့် တူးဖော်ခြင်း မပြုလုပ်ရန် ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ မေလ(၁)ရက်နေ့က စာထုတ်ပြန် လိုက်သည်။

ယင်းနေရာများတွင် စက်ယန္တရားများဖြင့် သဘာဝသယံဇာတများကို တူးဖော်မည့် သူများအား မည်သူမဆို မြေနေရာပြသခြင်း၊ ရောင်းပေးခြင်း၊ ငှားရမ်းပေးခြင်း၊ ထောက်ခံအားပေး ပံ့ပိုးပေးခြင်းများ လုံးဝ(လုံးဝ) မပြုရန်နှင့် အထက်ပါ အချက်များကို ဆောင်ရွက်သည့် မည်သူကိုမဆို အမည်ပျက်စာရင်းအဖြစ် တင်သွင်းမှတ်တမ်းတင်ထားရှိပြီး ကချင်လူမျိုးများအပါအဝင် နိုင်ငံတကာမှ သိရှိအောင် ထုတ်ပြန်ကြေညာမည့်အပြင် လူမှုရေးပြစ်ဒဏ်(Social Punishment)ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပူတာအို ဌာနေ တိုင်းရင်းသားများမှ မိမိဒေသတွင်းကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်အတွက် ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ကော်မတီဝင် ဦးဇော်မိုင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဆွမ်ပရာဘွမ်မြို့နယ်ရဲ့ အထက်ဘက် နေရာတွေမှာ သူတို့ ဒီသဘာဝသယံဇာတကို တူးဖော်နေတာ ကြာပါပြီ။ ဆွမ်ပရာဘွမ်ရဲ့ ရှေ့ခြမ်းနားထိ ဧရာဝတီမြစ်ပေါ့နော်။ အဲဒီအခြမ်းနားထိ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိကို သူတို့ အကြီးအကျယ်တူးကြတယ်။ ဒီလုပ်ငန်းပေါ်မှာ တတ်နိုင်သမျှ အထက်ကိုလည်း စာတင်ပြီး သူတို့ဆွေးနွေးတယ်။ အဲအပေါ်မှာလည်း ဘာတုန့်ပြန်ချက်မှ မရှိတော့ ကျွန်တော်တို့ဒေသခံတွေ အားလုံးစုပေါင်း ကော်မတီဖွဲ့ကြတယ်။ ဒီကော်မတီရဲ့ Movement (လှုပ်ရှားမှု)နဲ့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကာကွယ်ဖို့။ ကျွန်တော်တို့ရဲ့ဒေသက ဖားကန့်လို ဖုန်ထတဲ့ အခြေအနေ မရောက်အောင် အတတ်နိုင်ဆုံး ဝိုင်းပြီးကာကွယ်ကြမယ်ပေါ့ နံပါတ်တစ်က ။ အဲဒီလိုကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ Network က ကျဉ်းတော့ ကျွန်တော်တို့ပဲ လုပ်လို့ မဆင်မပြေဘူး။ အားလုံး အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်မှုနဲ့ လုပ်မှ ဖြစ်မှာကြောင့် သိသင့်သိထိုက်တဲ့ လူတွေ ၊ ပါဝင်သင့်တဲ့လူတွေ ပါဝင်လို့ရအောင် အားလုံးကို ဖိတ်ခေါ်ဖို့အတွက် ကျွန်တော်တို့ အခုလို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”ဟု ဦးဇော်မိုင်က ဆိုသည်။

ပူတာအိုခရိုင်ဒေသသည် ရှေးယခင်ကပင် ကချင်လူမျိုးတို့၏ အထွဋ်အမြတ်ထားရာ သမိုင်းဝင်အမွေအနှစ်များတည်ရှိရာ ဒေသဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here