သြဂုတ် ၂၆

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စံပြရွေးကောက်ပွဲ ဖြစ်အောင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)က အချက် ၅ ချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံသည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

“အားလုံး လွတ်လွတ်လပ်လပ် တိုင်ပင်ကြတယ်။ဆွေးနွေးကြတယ်။ အခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စံ ၅ ချက်နဲ့ သူတို့လုပ်သွားမယ်ဆိုပြီး သူတို့ တင်ပြဆွေးနွေးကြတယ်”ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)ကိုယ်စား တက်ရောက်သူ ဦးခက်ထိန်နန်ကပြောသည်။

အဆိုပါ ၅ ချက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အများပြည်သူ၏ ယုံကြည်မှု ၊ ၂၀၂၀ ၏ရလဒ်သည် ပြည်သူများ၏ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်စေရန် စသည့်အချက်များ ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြပြောဆိုသည်။

“ပြီးတော့ ခါတိုင်းလိုပဲ သမာသမတ် ဖြစ်အောင် ပြည်ပက အဖွဲ့တွေ ခေါ်မယ်၊ အားလုံး စုံစုံညီညီတက်ဖြစ်တော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် အထောက်အကူကောင်းကောင်းဖြစ်မယ်လို့ မြင်ပါတယ်။ ဒီ အစည်းအဝေးကနေ တိုင်ပင်ကြတယ် ဆွေးနွေးကြတယ်။ ဒီ အစည်းအဝေးက ရွေးကောက်ပွဲအတွက် အထောက်အကူပြုတဲ့ အစည်းအဝေးပဲ”ဟု ဦးခက်ထိန်နန်က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နယ်မြေမတည်ငြိမ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ရွေးကောက်ပွဲပြုလုပ်မည့် မဲဆန္ဒနယ်များ လျော့နည်းသွားခြင်းမျိုး မဖြစ်စေဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်အသီးသီးတွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးလုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး ဆွေးနွေးပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၈၄ ပါတီမှ တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးခဲ့ကြခြင်း လည်း ဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည့် ရက်အား မသတ်မှတ်သေးသော်လည်း ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Salai