မြစ်ကြီးနား၊ နိုဝင်ဘာ ၁၅
ကချင်ပါတီများ ပေါင်းစည်းရေးဆောင်ရွက်ရာတွင် ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) မပါဝင်တော့ဘဲ
ကျန်ပါတီသုံးခုသာ ပူးပေါင်းသွားမည်ဟု ပါတီဥက္ကဋ္ဌတစ်ဦးထံမှ သိရသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ)တို့က၎င်းင်းတို့၏ ပါတီများဖျက်သိမ်းကာ ပေါင်းစည်းမည်ဖြစ်ပြီး သက်တမ်းရင့်ပါတီတစ်ခုဖြစ်သည့် KNC မှာ ပါတီဖျက်သိမ်းရန် အခက်အခဲရှိသဖြင့် မပါဝင်တော့ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်
ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာထံမှသိရသည်။
လက်ရှိတွင် ပါတီဟောင်းများကို ဖျက်သိမ်းကာ သဘောတူ ပေါင်းစည်းထားသည့်ပါတီအသစ်ကို ကချင်ပြည်နယ်ပါတီ (KACHIN STATE PARTY) ဟု အမည်ပေးထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားကြောင်း သိရသည်။
“ပါတီအသစ် မှတ်ပုံတင်ရတဲ့အခါမှာ ဖျက်သိမ်းခံသွားမယ်။ အဓိကပေါင်းစည်းရေးကို လုပ်ဆောင်သွားမှာက ဒီပါတီ ၃ ခုဖြစ်တယ်။ နဂိုက ပါတီ ၄ ခုနဲ့ စလာတာဖြစ်တယ်၊။နောက်ဆုံးတော့ ၃ ခုပဲဖြစ်သွားတာပေါ့။ လူထုကို
ချပြပြီးသားဖြစ်တယ်” ဟု ၎င်းင်းကရှင်းပြပြောဆိုသည်။
အောက်တိုဘာ ၂၁ ရက်နေ့က ပြည်သူ့ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် လူထုကိုယ်စားလှယ်အဖွဲ့ ၁၇ ဦးကော်မတီမှ ရှင်းလင်းချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
“အစက ၄ ပါတီ ပေါင်းစည်းပါမယ်ဆိုတဲ့ MoU ထိုးတာတော့ဟုတ်ပါပြီ။ ဒါပေမဲ့နောက်ပိုင်းမှာ KNC အနေနဲ့ကတော့ ပါတီအနေနဲ့မပေါင်းနိုင်ဘူး။ ပါတီမဖျက်သိမ်းချင်ဘူးပေါ့လေ။ ဒါကြောင့် ပါတီမဖျက်သိမ်းဘဲနဲ့ ပါတီက
လူတွေအချို့က ထွက်ပြီးတော့မှအခုပေါင်းစည်းပြီးဖွဲ့ထားတဲ့ ကချင်ပြည်နယ်ပါတီမှာ ပါဝင်သွားမယ်ဆိုတဲ့ KNC
ရဲ့ နောက်ဆုံးသဘောထားကို ချပြသွားတယ်။ ဒါက အတည်ဖြစ်သွားတယ်” ဟု ဒေါက်တာတူးဂျာကပြောသည်။
ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ပါတီ ဥက္ကဋ္ဌ၊ ဒေါက်တာ M ကောန်လကမူ၎င်းတို့ KNC သည် ၁၉၉၀ ရွေးကောက်ပွဲကာလကတည်းက အများပြည်သူက ဖွဲ့စည်းထားသည့် သက်တမ်းရင့်ပါတီတစ်ခုဖြစ်သဖြင့် ပါတီဖျက်သိမ်းရန် ခက်ခဲနေသော်လည်း ယင်းပါတီမှ ပါတီဝင်အချို့က နှုတ်ထွက်ပြီး ပါတီသစ်တွင် အားဖြည့်ဆောင်ရွက်သွားမည်
ဟုပြောသည်။
“ပါတီအနေနဲ့တော့ မပါဘူး။ ဒါပေမဲ့ ကေအန်စီထဲက လူတချို့ကပါဝင်ပြီး လုပ်ဆောင်မယ်၊ ကေအန်စီအနေနဲ့ပဲ ပူးပေါင်းပါဝင်မှာ။ ပါတီကဘာလို့ မပါလဲဆိုတော့ ဖျက်သိမ်းလို့ မရလို့။ ပါတီဖျက်ပိုင်ခွင့်က ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ နဂိုကတည်းက public က ထူထောင်ထားတော့ public က သဘောမတူတဲ့ လူတွေအများကြီးပဲလေ၊ သူတို့ကို ဆန့်ကျင်ပြီး ကျွန်တော်တို့က အတင်းဖျက်တယ်လုပ်ရင် ကိုယ့်ပါတီမှမဟုတ်တာ၊ ကိုယ့်ပိုက်ဆံနဲ့ ထောင်ထားတာမဟုတ်ဘူး… ပြဿနာက ဒါပဲ။ ကျန်တဲ့ဟာတွေက သူ့ဟာသူ လုပ်ထားတဲ့ဟာတွေဆိုတော့ ပြဿနာမရှိဘူး’’ဟု ဒေါက်တာ M ကောန်လကပြောသည်။
ကချင်နိုင်ငံရေး ပါတီများသည် ကချင်ပြည်နယ်အတွင်းမှ တိုင်းရင်းသားများ၏ ဆန္ဒအတိုင်း ပေါင်းစည်းနိုင်ရေး
အတွက် လွန်ခဲ့သည့် ၅ နှစ်ကျော်ခန့်ကတည်းက ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီး ပါတီ သုံးခုပေါင်းစည်းရေး
အစီအစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
Salai







