နေပြည်တော်၊ ဇူလိုင် ၁၀
ကချင်လူမျိုးများအတွက် ကျရာနေရာမှ မှန်မှန်ကန်ကန်လုပ်ဆောင်သွားမည်ဟု တတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးတက်ရန် ရောက်ရှိလာသည့် KIO ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်ဂွန်မော်က မြစ်ကြီးနားသတင်းဂျာနယ်မှတစ်ဆင့် ကချင်လူထုကို ပြောကြားခဲ့သည်။
ပင်လုံညီလာခံတက်ရောက်ရန် ဇူလိုင်လ ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိလာသည့် ဗိုလ်ချုပ်ဂွန်မော်နှင့် သတင်းထောက်များ တွေ့ဆုံစဉ် ညီလာခံသတင်းယူရန် နေပြည်တော်တွင် ရောက်ရှိနေသည့် မြစ်ကြီးနားသတင်းဂျာနယ်သတင်းထောက်ကို ကချင်စကားဖြင့် သီးခြားပြောဆိုခဲ့ခြင်း ဖြစ်သည်။
“(ဒီပွဲကို) တကယ်လိုအပ်လို့လာတာ ဖြစ်တယ်။ ငါတို့ရဲ့အမျိုးသားရေးကို တကယ်ပဲမှန်မှန်ကန်ကန် လုပ်ဆောင်သွားမယ်လို့ ကချင်တစ်မျိုးသားလုံးကို ကျွန်တော်သတင်းစကားပါးချင်ပါတယ်”ဟု အဓိပ္ပါယ်ရသည့် ကချင်စကားဖြင့် ဗိုလ်ချုပ်ဂွန်မော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“Tinang a amyu sha lam hpe kaja wa nan ang ai hku nna ding ding man man galaw na re ngu nna anhte wunpawng myu sha ni yawng hpe shiga jaw mayu ai re” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
KIO/KIA အဖွဲ့သည် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်ပြီး ကေအိုင်အို။ ကေအိုင်အေအဖွဲ့ကို ဗိုလ်ချုပ်ဂွန်မော်က ဦးဆောင်၍ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခုကျင်းပသည့် တတိယအကြိမ် အစည်းအဝေးအပေါ် မျှော်လင့်ချက်များစွာဖြင့် တက်ရောက်လာခြင်း ဖြစ်သည်ဟုလည်း လာရောက်တွေ့ဆုံမေးမြန်းသည့် သတင်းမီဒီယာများကို ၎င်းမှ ပြောကြားခဲ့သည်။
“အဓိကတော့ ဒီပွဲမှာ ဆွေးနွေးမှုအဓိကမဟုတ်ဘဲနဲ့ အဆက်ပြတ်နေတဲ့ ကျွန်တော်တို့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲဆိုတာ ပိုပြီးအဓိကကျမယ်လို့ထင်ပါတယ်”ဟု ညီလာခံအပေါ် ၎င်း၏ မျှော်လင့်ချက်ကို ပြောကြားခဲ့သည်။
တတိယအကြိမ်မြောက်၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေးအပါအဝင် ဆွေးနွေးမည့် အချက် ၁၂ ချ က်ကို ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ရရှိခဲ့သည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။
အဆိုပါ UPDJC အစည်းအဝေးကို အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များပါဝင်သည့် UPDJC အဖွဲ့က နံနက် ၉ နာရီမှ ည ၈ နာရီ အချိန်ထိ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
လုပ်ငန်းကော်မတီ၌ ဆွေးနွေးမှုများမှရရှိသည့် မူဝါဒအဆိုပြုချက်များအရ နိုင်ငံရေးကဏ္ဍတွင် (၇) ချက် အနက်မှ နှစ်ချက်၊ စီးပွားရေးကဏ္ဍတွင် ၁၁ ချက်အနက်မှ တစ်ချက်၊ လူမှုရေးတွင် ၉ ချက် အနက်မှ ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် ၅ ချက်အနက် နှစ်ချက်ကို ဆွေးနွေးရန် သဘောတူခဲ့ကြကြောင်း ဦးလှမောင်ရွှေက ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)တို့ဖြင့် ဖွဲ့စည်းထားသည်။
မြောက်ပိုင်းအဖွဲ့ အစည်းအဝေးတက်ရောက်နိုင်ရေးခရီးစဉ်အတွက် လုံခြုံရေးအာမခံချက်ရှိရန် တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။
“တရုတ်ကတော့ ဒုတိယအကြိမ်ကနေစပြီးမှ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို လုံခြုံရေးကအစ တာဝန်ယူပြီးမှခေါ်ဆောင်လာတာဖြစ်ပါတယ်”ဟု သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ဗိုလ်ချုပ်ဂွန်မော်က ပြန်လည်ဖြေကြားထားသည်။
၎င်းတို့(၇)ဖွဲ့မှ ခေါင်းဆောင်များသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။
တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်ကြာကျင်းပမည်ဖြစ်သည်။
Salai







