မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့သည် အကျိုးအမြတ်များပြားလှသော သဘာဝသယံဇာတများကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲများဆင်နွှဲနေကြသည်။
မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့်အခြား သယံဇာတလုပ်ငန်းများရှိရာ ဒေသများတွင် မကြာသေးမီလများမှစတင်၍ လေကြောင်းစစ်ဆင်ရေးများ ဆင်နွှဲလာခဲ့ကြသည်။ ထိုဒေသသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ယင်း၏လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)က ထိန်းချုပ်ထားသည့်ဒေသဖြစ်သည်။ စစ်ဆင်ရေး ရည်ရွယ်ချက်မှာ ကေအိုင်အို၏ ကြီးမားလှသော ဝင်ငွေအရင်းအမြစ်အဖြစ် အထောက်အပံ့ပေးနေသည့် ယင်းဒေသရှိတရားမဝင် သယံဇာတတူးဖော်ရေး လုပ်ငန်းများကို ရှင်းလင်းပစ်ရန်ပင်ဖြစ်သည်။

သို့ရာတွင် အဆိုပါစစ်ဆင်ရေး၏နောက်ကွယ်၌ အမှန်တကယ်ဖြစ်ပျက်နေသည်မှာ တပ်မတော်နှင့် ကေအိုင်အိုအကြား ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် သယံဇာတစစ်ပွဲပင် ဖြစ်သည်။ စင်စစ်တွင် ရွှေနှင့်ပယင်းသာမက ထိုဒေသအတွင်းရှိ ကျောက်စိမ်း၊ ကြေးနီနှင့် ပတ်္တမြားတူးဖော်ရေးလုပ်ငန်းများ သည်လည်း တပ်မတော်နှင့်ကေအိုင်အိုတို့ နှစ်ဦးနှစ်ဘက်စလုံးအတွက် လွန်စွာအရေးပါပေသည်။ သဘာဝသယံဇာတကို ထိန်းချုပ်ရန် ပြိုင်ဆိုင်ခြင်းက ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်သည်ဟု ရှုမြင်နိုင်သည်။ သယံဇာတစစ်ပွဲများကို မဆင်မခြင် ဆင်နွှဲနေကြသည်နှင့်အမျှ ကချင်လူနေမှုအသိုက်အဝန်းက ရင်ဆိုင်နေရသော လူမှုစီးပွားရေးအကြပ်အတည်းသည် သာ၍ပင် ဆိုးဝါးလာမည်ဖြစ်သည်။

နောက်ခံအကြောင်းအရာများ
များပြားကြွယ်ဝလှသော သယံဇာတတို့သည် အားသာချက်တစ်ရပ်ဖြစ်လာရမည့်အစား ကျိန်စာတစ်ရပ်အသွင်သို့ မည်သို့မည်သို့ အသွင်ကူးပြောင်းသွားခဲ့ရသည်ကို နားလည်နိုင်ရေးအတွက် နောက်ခံသမိုင်းကြောင်းကို ပြန်လည်ငဲ့စောင်းကြည့်ရမည်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိပြီး ယင်းတို့ကစီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင်ထားကြသည်။ အထူးသဖြင့် သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းများရှိရာဒေသကို ထိန်းချုပ်ထားကြသည်။ ထိုအဖွဲ့အစည်းများစွာအနက် အဓိကအုပ်စုမှာ ကေအိုင်အိုပင်ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် တစ်စိတ်တစ်ဒေသအရ အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် ဦးဆောင်လမ်းညွှန်မှုပေးမည့် ကွန်ရက်သစ်များတွင် ခန့်အပ်နေရာပေးခံခဲ့ရပြီး ထိုကွန်ရက်အဖွဲ့အစည်းများအပေါ် ယင်းတို့၏သစ်္စာစောင့်သိမှုကို ပေးအပ်ခြင်းအားဖြင့် နယ်မြေအချို့နှင့် သဘာဝသယံဇာတထွက်ရှိရာဒေသအချို့ကို ထိန်းချုပ်ခွင့်အား အပြန်အလှန်ရရှိခဲ့ကြသည်။ သို့သော်လည်း အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ တပ်မတော်သည်လည်း သဘာဝသယံဇာတချုပ်ကိုင်ရေး ပြိုင်ပွဲအတွင်းသို့ ဝင်ရောက်လာသည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စတင်မြင်တွေ့လာခဲ့ကြရသည်။

အဆိုပါပြိုင်ဆိုင်မှု ထူးခြားထင်ရှားလာရခြင်းမှာ၂၀၀၀ ခုနှစ်များ၏ အစောပိုင်းနှစ်များအတွင်း ထိုဒေသများ၌ တပ်မတော်က အင်အားတိုးချဲ့လာရာမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။ နိုင်ငံတော်က ပြည်ပရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများ ပြန်လည်ရေးဆွဲရာ၌ နယ်စပ်မြို့များမှတစ်ဆင့် ကုန်သွယ်မှုကိုပိတ်ပင်ကာ ရန်ကုန်မြို့မှတစ်ဆင့်သာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် သဘောတူညီချက်များရေးထိုးရာ၌ စစ်တပ်နှင့် နိုင်ငံတော်လမ်းကြောင်းများ အားဖြင့်သာ ဆောင်ရွက်လာစေခဲ့သည်။ ထိုစဉ်အချိန်က အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် နိုင်ငံတော်အား ဆန့်ကျင်လိုစိတ် လျော့နည်းရုံသာမက ထိုသို့ဆန့်ကျင်ဆောင်ရွက်နိုင်စွမ်းလည်း လျော့နည်းနေခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ၂၀၀၀ ခုနှစ်များအတွင်းမှာပင် ဖားကန့်ဒေသ၌ တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လာကြပြီး လီဆူလူမျိုးစုတို့ကလည်း တနိုင်းမြို့နယ်အတွင်း ပယင်းတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၇ခုနှစ်တွင် စတင်ဆောင်ရွက်လာခဲ့ကြသည်။ တရားမဝင် သယံဇာတတူးဖော်ရေးလုပ်ငန်းများ ရှိနေခြင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အင်အား ပိုမိုကောင်းလာစေခဲ့သည့်အပြင် ကချင်ပြည်နယ်အတွင်း ထိန်းချုပ်နိုင်ရေး အားထုတ်လာသော တပ်မတော်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။
ထိုအနေအထားကို တုံ့ပြန်သည့်အနေဖြင့် တပ်မတော်ကကချင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ စစ်ဆင်ရေးများ မစတင်မီ ၂၀၀၇ ခုနှစ် ဇွန်လအတွင်းတွင် တပ်မတော်က သယံဇာတတူးဖော်ရေးလုပ်ငန်းအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို သတိပေးစာများ ကြဲချခဲ့သည်။ ထို့နောက်တွင် ကေအိုင်အေ၏အဓိကစခန်းများကို ထိုးစစ်ဆင်ခြင်းအားဖြင့် ၂၀၁၁ ခုနှစ်က ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သိသာထင်ရှားစွာပင် ချိုးဖောက်လိုက်သည်။ တပ်မတော်က တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့်ပယင်းတူးဖော်ရေးလုပ်ငန်းများရှိရာ နယ်မြေအချို့ကို ကေအိုင်အေထံမှမကြာသေးမီကပင် သိမ်းပိုက်ရယူခဲ့သည်။
ကချင်လူမှုအသိုက်အဝန်း
သယံဇာတစစ်ပွဲသည် ကချင်လူမှုအသိုက်အဝန်းကတွေ့ကြုံခံစားနေရသော လူမှုစီးပွားရေး အကြပ်အတည်းကိုလစ်လျူရှုထားသည်။ သယံဇာတတူးဖော်ရေးလုပ်ငန်းများမှအဓိကအားဖြင့် အကျိုးအမြတ်ခံစားခွင့် ရရှိကြသူများမှာ တိုင်းရင်းသားလူနည်းစုများထဲမှ လက်တစ်ဆုပ်စာ အခွင့်ထူးခံများ၊ စစ်တပ်၏ဒေသဆိုင်ရာတပ်မှူးများနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများပင် ဖြစ်ကြသည်။သယံဇာတထိန်းချုပ်ရေး ပြိုင်ဆိုင်မှုများမှာ တိုင်းရင်းသားလူနည်းစု အခွင့်ထူးခံလူတန်းစားများနှင့် ဒေသဆိုင်ရာတပ်မှူးများ အကြားတွင် အထူးသဖြင့် ဖြစ်ပွားနေခြင်းဖြစ်သည်။ထိုသို့ ပြိုင်ဆိုင်နေကြသည့် အခိုက်တွင် ဒေသခံလူမှုအသိုက်အဝန်းက ဆင်းရဲမွဲတေမှုဒဏ်ကို ဆက်လက်ခံစားနေကြရပြီးသူတို့၏ စားဝတ်နေရေးမှာလည်း တွင်းထွက်လုပ်ငန်းများ၏ အခြေအနေနှင့် ဆက်စပ်သက်ရောက်မှုရှိနေပေသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းပေါ်မှ များပြားလှသည့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ယင်းတို့၏စိုက်ပျိုးမြေများ ပျက်စီးခဲ့ကြရကြောင်းကချင်ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံများက ပြောပြခဲ့ကြသည်။ ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိနေခြင်းဖြင့် ဧရာဝတီမြစ်ရေမျက်နှာပြင် မြင့်တက်လာသည့်အခါ ကမ်းပါးများကိုမြစ်ရေအလွယ်တကူပင် တိုက်စားပျက်စီးစေသည်။ ထိုပမာဏက သယံဇာတတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးကာ ဒေသခံတို့၏ စားဝတ်နေရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိပုံကို ထင်ရှားစွာ၊ ပုံဖော်ပြဆိုလျှက်ရှိသည်။ ထို့အပြင် သယံဇာတတူးဖော်ရေးလုပ်ငန်းများမှရရှိသည့် ဝင်ငွေများကို ကချင်လူမှုအသိုက်အဝန်းအတွက် တစ်ပြားတစ်ချပ်မှ ထည့်ဝင်သုံးစွဲမှုမရှိခြင်းပင်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးက ကချင်ဒေသများအတွင်း စီးပွားရေးလုပ်ငန်းသဘာ၀ အပြောင်းအလဲတစ်ရပ်ကို တောင်းဆိုလျှက်ရှိသည်။ လက်ရှိလုပ်ကိုင်နေသော ပဋိပက်္ခအသွင်ဆောင် စီးပွားရေးလုပ်ငန်းမှသည် ကချင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူတို့အတွက် ကျယ်ကျယ်ပြန့်ပြန့်အကျိုး ဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲရန် တောင်းဆိုခြင်း ဖြစ်သည်။ ကချင်လူမှုအသိုက်အဝန်းအနေဖြင့် သည်းခံနိုင်စွမ်းမှာလည်း ကုန်ဆုံးလုနီးပြီဖြစ်သည်။ မကြာသေးမီက မြစ်ကြီးနားမြို့နယ်အတွင်း ကျင်းပသွားခဲ့သော ဆန္ဒပြပွဲတစ်ရပ်၌ ဆန္ဒပြသူတို့က “ကချင်လူမျိုးနှင့်တိုင်းရင်းသားတို့အတွက် တွင်းထွက်လုပ်ငန်းကဏ္ဍတွင် တန်းတူညီမျှ အခွင့်အရေး ရယူလိုသည်”ဟု ရေးသားဖော်ပြထားသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန်္ဒဖော်ထုတ်ခဲ့ကြသည်က ထင်ရှားသောဥပမာပင်ဖြစ်သည်။
သို့ရာတွင် ပမာဏများပြားလှသော ငွေကြေးတို့ဖြင့် လောင်းကြေးထပ်ကာ တရားမဝင်ကုန်သွယ်ရောင်းဝယ်မှုအရှိန်အဟုန် ကြီးမားလှသည့်အကြားတွင် ယင်းလုပ်ငန်းများမှရရှိသော ဝင်ငွေတစ်စိတ်တစ်ဒေသကို ကချင်ပြည်နယ်အတွက် ရင်းနှီးမြှုပ်နှံမှုပြန်လည်ထည့်ဝင်စေရေးမှာ လွယ်ကူမည်မဟုတ်ပါ။ သယံဇာတတူးဖော်ရေးလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေသည် ကြိုတင်မှန်းဆနိုင်သော အနာဂတ်ကာလအတွင်း၌ စစ်တပ်မှ တပ်မှူးများနှင့် တိုင်းရင်းသားလူနည်းစုတို့အထဲမှ လက်တစ်ဆုပ်စာအခွင့်ထူးခံတို့၏ အိတ်များအတွင်းသို့သာ ဆက်လက်တန်းစီဝင်ရောက်သွားကြမည်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် တရားမျှတ၍ဘက်လိုက်ခြင်းကင်းသော ငြိမ်းချမ်းရေးသဘောတူညီချက် ဖန်တီးဖော်ဆောင်ရေး မက်လုံးမှာလည်း အားနည်းလှပေသည်။
ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေးစီမံကိန်း
ကချင်ပဋိပက်္ခများတွင် အဓိကပါဝင်သူတို့မှာ တပ်မတော်နှင့် ကေအိုင်အိုသာဖြစ်သည်။ သယံဇာတတူးဖော်ရေးလုပ်ငန်းများက ယင်းတို့အုပ်စုနှစ်စုလုံးကို မက်လုံးများပေးခြင်း၊ငွေကြေးအရ ထောက်ပံ့ပေးခြင်းတို့ဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားစေသည်။ စင်စစ်တွင်လိုင်စင်ရ သယံဇာတတူးဖော်ရေးကုမ္ပဏီအများအပြားမှာနိင်ငံရေးအရ သြဇာလွှမ်းမိုးမှုရှိသော အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ မိသားစုများကထိန်းချုပ်ထားသည့်ကုမ်္ပဏီများ ဖြစ်ကြသည်။ တရားမျှတ၍ သမာသမတ်ကျသော ငြိမ်းချမ်းရေးတစ်ရပ်သည် “ယင်းကုမ္ပဏီတို့၏ဝင်ငွေများအပေါ် လွှမ်းမိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။ အလားတူပင် ငြိမ်းချမ်းရေးသည် ကေအိုင်အိုခေါင်းဆောင်အချို့၏ ဝင်ငွေကိုလည်း ကြီးစွာထိခိုက်စေမည်သာဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကလည်း ပဋိပက္ခများအား လောင်စာတိုးပေးနေသော သဘာဝသယံဇာတတို့၏ အခန်းဂဏ္ဍကို အရေးတယူရှုမြင်မည့်ဟန်မရှိချေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စိုးမိုးအုပ်ချုပ်မှုသည် မငြိမ်မသက်ရှိနေပြီး တပ်မတော်ကသာလျှင် နိုင်ငံ့အရေးအရာများတွင် ဦးဆောင်ကဏ္ဍကို ထိန်းသိမ်းထားလျှက်ရှိသည်။ နိုင်ငံတော်၏အကြံပေးပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် တစ်ချိန်က သူ့အားအကျဉ်းချခဲ့သူများကို သင့်မြတ်စွာဆက်ဆံရန် လမ်းကြောင်းရွေးချယ်ထားပြီးဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန်မှာ လက်နက်ကိုင်ပဋိပက္ခများကို ဖော်ထုတ်ရန်လိုပါသည်။ ထိုပြဿနာများကိုပါဖော်ထုတ်ထည့်သွင်းစဉ်းစားခြင်းပြုမှသာလျှင် ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ်ရရှိနိုင်မည်ဖြစ်ပါသည်။
Ref: The Resource War in Kachin
By Eugene Mark
The Diplomat Magazine,
March 16, 2018
(ယူဂျင်းမာ့ခ်သည် စင်္ကာပူနိုင်ငံ The S. Rajaratnam School of International Studies(RSIS)မှ အကြီးတန်းဆန်းစစ် လေ့လာသူတစ်ဦးဖြစ်သည်။)







